January 13, 2024, Comment off

အနည်းဆုံး ချင်းပြည်သူ ၁၇ ဦးသေဆုံးပြီးအယောက် ၃၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြသည့် စစ်ရေး ပစ်မှတ်မဟုတ်သည့် စစ်ကောင်စီ၏လေကြောင်းဗုံးကြဲတိုက်ခိုက်မှု

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၁၀း၀၀နာရီ ဝန်းကျင်တွင် စစ်ကိုင်းတိုင်းဒေသကြီး ၊တမူးခရိုင်၊ခမ်းပတ်မြို့အနီး ကလေးတမူးကားလမ်းမပေါ် ရှိကနန်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ မှ တိုက်လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်သဖြင့် အနည်းဆုံးပြည်သူ ၁၇ ဦးသေဆုံးကာ အယောက် ၃၀ ထက်မနည်း ဒဏ်ရာရရှိထားကြောင်း သိရသည်။

စစ်ရေးပစ်မှတ် မဟုတ်သည့် စာသင်ကျောင်းနဲ့ခရစ်ယာန်ဘုရားကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်

ဇန်နဝါရီလ ၇ ရက်နေ့နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်တွင် ကနန်ကျေးရွာနှစ်ခြင်းဘုရားကျောင်းနှင့် စာသင်ကျောင်း အနီးနားဝန်းကျင်ကို စစ်ကောင်စီတပ်က မြေပြင်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဥ်ဖြင့် ဗုံး ၂ ကြိမ်ကျဲချရာ ကလေးငယ်များအပါအဝင် အရပ်သား ၁၇ ဦးသေဆုံးကာ အယောက် ၃၀ ထက်မနည်းဒ ဏ်ရာရထားခြင်းဖြစ်ကြောင်း ကနန်ဒေသခံတစ်ဦးထံက သိရသည်။

ဖြစ်စဥ် နဲ့ပတ်သက်၍ “စာသင်ကျောင်းမှာလာချတယ်။ အဆောက်အဦးလည်းပျက်စီးကုန်တယ်၊စာသင်  ကျောင်းအနီးဘောလုံးကွင်းတွင် ဘောလုံးကန်နေတဲ့ ကလေး ၂ ယောက်ပွဲချင်းဆုံးတယ်၊ ဒုတိယလာချတဲ့အလုံးကတော်တော်လေးထိခိုက်တယ်၊ ဘုရားကျောင်းတက်နေတဲ့ပြည်သူတွေလည်း တော်တော်ထိတယ်၊ဆုံသွားတာ ၁၇ ရောက်ရှိပြီ ကလေးတွေများတယ်၊ကျန်တဲ့သူတွေလည်းအခြေနေ ဆိုးရွား နေကြတယ်” ဟု ကနန်ဒေသခံတစ်ဦးကပြောသည်။(ခိုနူမ်းသုန်၊ ၇ ဇန်နဝါရီ ၂၀၂၄)

အဘက်ဘက်တွင်ရှုံးနိမ့်ပြီး စိတ်ဓာတ်ကျနေသည့်စစ်ကောင်စီတပ်သားများ၏ စိတ်ဓါတ်မြှင့်တင်ရေး အတွက် ပြည်သူများ၏ အသက်ဖြင့်စတေးနေရခြင်းလော

၁၀၂၇ စစ်ဆင်‌ရေး၏ ၇၁ ရက်မြောက်နေ့အရောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာ့ တပ်မတော်သမိုင်းတလျှောက်ဘယ်သောအခါမှတွေ့ကြုံဖူးခြင်းမရှိသည့် ဗိုလ်မှူးချုပ် ၆ ဦး အပါအဝင် စစ်သား ၄၀၀၀ ကျော်  လက်နက်ချအညံ့ခံမှုသည် စစ်ကောင်စီတပ်အသိုင်းအဝိုင်းထဲတွင် အကြီးအကျယ် ပွတ်လောရိုက်ကာ စိတ်ဓါတ်ရေးရာကျဆုံးနေကြကြောင်း စစ်တပ်သတင်းရင်းမြစ် ထံကသတင်း ထွက်ပြီး  သတင်းမီဒီယာများပေါ် တွင်ပလူပျံလာသည်။

ထိုလက်နက်ချအညံ့ခံမှုကြီးဖြစ်ပွားပြီး ၃ ရက်မြောက်အကြာ ဇန်နဝါရီလ ၇ ရက်နေ့တွင် တိုက်ပွဲလုံးဝ ဖြစ်ပွားခြင်းမရှိသော စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့အနီး ကနန်စံပြကျေးရွာကို တိုက်လေယာဥ် ဖြင့်ဗုံးကြဲချမှုကြောင့် ပြည်သူ ၁၇ ဦးသေဆုံးကာ အယောက် ၃၀ ခန့် ဒဏ်ရာရ စတေးခံနေရသည့် ဖြစ်စဥ်မှာ အကြောင်းပြချက်မရှိဘဲ စိတ်ဓါတ်ရေးရာကျဆင်းနေသည့် စစ်ကောင်စီတပ်၏ စိတ်ဓါတ် မြှင့်တင်ရေး  သက်သက်ဖြစ်နေသည်မှာ ထင်ရှားလှပါသည်။

အပြောနဲ့လက်တွေ့လုပ်ဆောင်မှု ကွဲလွဲနေဆဲ စစ်ကောင်စီ

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ ခရစ္စမတ်ပွဲ အခါသမယတွင် စစ်ကောင်စီဥက္ကဌနှင့်ဇနီးသည် နေပြည်တော်၊ ပျဥ်းမနားမြို့ရှိ စိန်မိုင်ကာလ်ကက်သလစ်အသင်းတော်၏ ဝတ်ပြုကိုးကွယ်ခြင်း အစီအစဥ်တက်ရောက်ကာ ငြိမ်းချမ်းရေးလမ်းစဥ်ကိုရှေးရှုရေး မိန့်ခွန်းပြောသွားကြောင်း စစ်ကောင်စီ ၏ဝါဒဖြန့် မီဒီယာများတွင် ရေးသားထားသည်။

တဖန် ၂၀၂၄ ဇန်နဝါရီလ ၁ ရက်နှစ်သစ်ကူး မိန့်ခွန်းပြောကြားရာမှာလည်း  လူငယ်များအား ပညာသင်ကြားသင့်သည်အရွယ်၌ ပညာသင်ကြားနိုင်ရေး သက်ဆိုင်သူအားလုံးမှ ဝိုင်းဝန်းကြိုးပမ်းပေးရန် ၊လူမျိုးရေး၊ ဘာသာရေး၊ ဒေသအရေးများကို အစွဲကင်းစွာဖြင့် တစ်ဦးအပေါ် တစ်ဦး ကိုယ်ချင်းစာတရား၊ မေတ္တာတရားများဖြင့် အားလုံးမျှော်လင့်သည့် နိုင်ငံတော်သစ် ဆီသို့ လျှောက်လှမ်းကြရန် တိုက်တွန်းကြောင်း ပြောဆိုထားသည်။

သို့သော် အဆိုပါမိန့်ခွန်းများကို ခြွေပြပြီး ရက်ပိုင်းအကြာတွင် စစ်ရေးပစ်မှတ်နှင့် မဆိုင်သည့် တိုင်းရင်းသား ချင်းလူမျိုးများနေထိုင်ရာ ဒေသတစ်ခု၌ အနာဂတ်လူငယ်များ အပါအဝင် အရပ်သား ပြည်သူများအပေါ်  ရက်စက်ကြမ်းကြုတ်နေခြင်းသည် စစ်ကောင်စီ၏ အပြောနဲ့လက်တွေ့လုပ်ဆောင်မှု ကွဲလွဲနေဆဲ ဖြစ်ကြောင်း သက်သေပြချက် တစ်ခုသာ ဖြစ်နေပေတော့သည်။

ပုံစာ-စစ်ကောင်စီ၏လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသွားသည့်ပြည်သူများ၏ ရုပ်အလောင်း (Photo-Zofa Journal)