April 14, 2026, 0 Comments
ချင်းရေးရာအဖွဲ့ ၏၂၀၂၆ခုနှစ် ပထမသုံးလပတ် (ဇန်နဝါရီလမှ မတ်လ) အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်မှုများ
ပုံစာ-ချင်းပြည်နယ်တောတွင်းတစ်နေရာရှိ စစ်ဘေးရှောင်တဲ
နိဒါန်း
ချင်းရေးရာအဖွဲ့ (ICA) သည် ၂၀၂၁ခုနှစ်မှစတင်၍ မြန်မာနိုင်ငံ၏ ပြည်တွင်းပဋိပက္ခနှင့်တိုက်ပွဲများ ကြောင့် ဒုက္ခရောက်နေကြသည့်ပြည်သူများ၊ မိမိတို့၏အိုးအိမ်စည်းစိမ်များကို စွန့်ခွာပြီး အသက် ရှင်သန် ရပ်တည်နိုင်ရေးအတွက် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ပြည်သူများ အား အတတ်နိုင်ဆုံးကြိုးစားကူညီခဲ့ပါသည်။
အထူးသဖြင့်ချင်းပြည်နယ်တောင်ပိုင်း/မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းရှိ ချင်းလူမျိုးများနေထိုင်ရာ ဒေသများနှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိ စစ်ဘေး ရှောင်များနှင့် ဒုက္ခသည်များ ၏ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှု့များနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးအပ်ခြင်းလုပ်ငန်းများကို တတ်နိုင်သလောက် တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။
ချင်းရေးရာအဖွဲ့ICA ၏၂၀၂၆ ဇန်နဝါရီလမှ မတ်လအထိ ၃ လတာအတွင်း စစ်ဘေးရှောင်များ၊ ဒုက္ခသည်များနှင့် အကူအညီလိုအပ်သည့်ပြည်သူများ၏ ဘဝမြှင့်တင်ရေးအတွက် ကူညီဆောင်ရွက် ပေးခဲ့သည့်ရလဒ်များနှင့် ဆောင်ရွက်ဆဲလုပ်ဆောင်မှု့များကို အောက်ပါအတိုင်း ကဏ္ဍအလိုက် တင်ပြထားသည်။
ပညာရေးဆိုင်ရာဝန်ဆောင်မှုများ
၂၀၂၂ ဇွန်လမှစတင်ပြီး အိန္ဒိယ-မြန်မာနယ်စပ် ဇိုခေါထာရ်(Zokhawthar) ရွာရှိ အိန္ဒိယ အစိုးရကျောင်းတွင် တက်ရောက် ပညာသင်ယူနေကြသည့် ဒုက္ခသည်ကျောင်းသား အယောက် ၂,၀၀၀ နီးပါး အတွက် ဆရာ/မ ၄ ဦးကို ယနေ့အထိ ICA မှလစာထောက်ပံ့ ဌားရမ်း ပေးထား ဆဲဖြစ်သည်။ အိန္ဒိယနိုင်ငံ၊ ကျန်ဖိုင်(Champhai) ခရိုင်အတွင်း ရှိ ဒုက္ခသည် စခန်း တစ်ခုတွင် နေထိုင်ကြသည့်ကလေးများအတွက် Ebenezer Community School ကိုလည်း ၂၀၂၃ခုနှစ်၊ ဇွန်လမှစတင်ကာ ကျေးရွာတာဝန်ရှိ ပုဂ္ဂိုလ်များနှင့်ပူးပေါင်း ၍ ယနေ့လက်ရှိ အချိန်ထိ ICA မှ ဖွင့်လှစ်ပေးထားသည်။ အဆိုပါကျောင်းတွင်မြန်မာဒုက္ခသည်ကျောင်းသား ၁၅၀ ဦးခန့် ပညာသင်ကြား လျက်ရှိပြီး သင်ကြားရေးအတွက်လိုအပ်သော သင်ထောက်ကူပစ္စည်း၊ ဆရာ/မ ၁၀ ယောက်အတွက် လစာထောက်ပံ့ကြေးနှင့် အဆောက်အဦးများကို ICA မှ ကုန်ကျ ထောက်ပံ့ ပေးထားသည်။

ချင်းပြည်နယ်တွင်လည်း ကျောင်းပေါင်း ၁၀၀ ကျော်ရှိ ကျောင်းသား၊ကျောင်းသူ ၇,၀၀၀ ကျော် အတွက် သင်ကြားရေး ဆရာ/မ ၇၀၀ ခန့်ကို ICA မှ လစဉ်ကူညီထောက်ပံ့ပေးထားသည်။ ထို့အပြင်၊ အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်များတွင် အဆင့်မြင့်ပညာများကိုဆည်းပူးလေ့လာနေသည့် ကျောင်းသား / ကျောင်းသူ ၁၄ ဦးတို့ကိုလည်း ICA မှ ပံ့ပိုးကူညီလျက်ရှိသည်။
အခြားသင်တန်းများ
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရောက် မြန်မာနိုင်ငံသားများနှင့်စစ်ဘေးဒုက္ခသည်မိဘများ၏ တောင်း ဆိုမှုအရ မိခင်ဘာသာတတ်ကျွမ်းရေး အစီအစဉ်ဖြင့် ဒုက္ခသည်စခန်းတစ်ခုတွင် မြန်မာ /ချင်း ဘာသာစကားသင်ကြားရေးသင်တန်းကို အခမဲ့ဖြင့် ICA မှ ၂၀၂၆ ဖေဖေါ်ဝါရီလမှ စတင်ဖွင့်လှစ် ပေးထားပြီးလက်ရှိတွင်ကျောင်းသား ၄၀ ဦးခန့်တက်ရောက်သင်ယူလျက်ရှိသည်။ ထို့ပြင် ဒုက္ခသည်စခန်းတစ်ခုရှိ Ebenezer Community School တွင် အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နွေရာရာသီကျောင်းပိတ်ရက်တွင် မတ်လမှစတင်၍ နွေရာသီသင်တန်းကိုဖွင့်လှစ်ပေးထားရာ လက်ရှိတွင် ကျောင်းသား၊ကျောင်းသူ ၉၀ ဦးတက်ရောက်သင်ယူလျက်ရှိသည်။

ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုများ
ချင်းရေးရာအဖွဲ့သည်၂၀၂၂ ခုနှစ်မှစတင်ကာ မြန်မာပြည်တွင်းပဋိပက္ခနှင့်တိုက်ပွဲများကြောင့် ထွက် ပြေးတိမ်းရှောင်နေကြရသည့်ဒုက္ခသည်များ၊ စစ်ဘေးရှောင်ပြည်သူများနှင့် ဒေသခံပြည်သူများ အတွက်လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ယနေ့အချိန်ထိ တတ်နိုင်သလောက် ကြိုး စားလုပ်ဆောင်လျက်ရှိသည်။
ချင်းရေးရာအအဖွဲ့အနေဖြင့်၂၀၂၂ ခုနှစ်မှ စတင်ပြီး အိန္ဒိယ-မြန်မာနယ်စပ်နှင့်ချင်းပြည်နယ်အတွင်း၌ အသေးစားခွဲစိတ်ကုသမှုကိုလုပ်ဆောင်နိုင်သည့် ဆေးရုံ ၂ ရုံနှင့် ဆေးခန်း ၄ ခုကို ဆရာဝန် ၄ ဦး နှင့်သူနာပြု ၁၀ဦးတို့ဖြင့် ဆရာဝန်စမ်းသပ်ခ အခမဲ့ဝန်ဆောင်မှုပေးကာ စစ်ဘေးရှောင်ပြည်သူများ၊ ဒေသခံပြည်သူများနှင့် သဘာဝဘေးဒဏ်ခံစားရ၍ ဒုက္ခရောက်နေသည့်ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ဆောင်ပေးလျက်ရှိသည်။
လက်ရှိအချိန်တွင်၊ စစ်ကော်မရှင်၏၊ ဖလမ်းမြို့ ပြန်လည်သိမ်းပိုက်နိုင်ရေး စီမံချက်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များ၏ ခုခံစစ်တိုက်ပွဲ များကြောင့် ချင်းပြည်နယ်မြောက်ပိုင်းဒေသတွင် တိုက်ပွဲများပြင်းထန်လျက်ရှိရာICA ၏ဆေးခန်းတစ်ခုကို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ရပါသည်။၂၀၂၆ခုနှစ် ဇန်နဝါရီလမှမတ်လအထိ (၃) လအတွင်း ICA ၏ဆေးရုံ/ဆေးခန်းများတွင် လာရောက်ပြသသည့် လူနာများအပါအဝင် ရွေ့လျားဆေးခန်း (Mobile Clinic) ဖြင့် စုစုပေါင်းလူဦးရေ ၂,၈၀၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဖေဖေါ်ဝါရီလမှစတင်ကာ၊Lailun Medical Centre တွင် နေ့စဉ် တနင်္လာနေ့မှ စနေနေ့အထိ၊ဆရာဝန်တစ်ဦးနှင့်သူနာပြုနှစ်ဦး၊အချိန်ပြည့်ဆေးခန်းထိုင်ပြီး၊ ဆရာဝန် စမ်းသပ်ခ အခမဲ့စနစ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ဆောင်ပေးလျက်ရှိသည်။
ထို့အပြင်ဝေးလံ၍ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့်ဆေးခန်းသို့ လာရောက်ပြသရန် အခက်အခဲရှိသူများ၊ သက်ကြီး ရွယ်အိုများနှင့် မသန်မစွမ်းများအတွက် ရွေလျားဆေးခန်း (Mobile Clinic)ကို ICA ဆရာဝန်၏ ဦးဆောင်မှုဖြင့် သူနာပြုများနှင့်အတူ ၂၀၂၂ ခုနှစ်မှ စတင်ကာ၊ ယနေ့ထိ မီဇိုရမ်ပြည်နယ်၊အိုင်ဇောလ်ခရိုင်၊ ကျန်ဖိုင်ခရိုင်နှင့် ချင်းပြည်နယ်တောင်ပိုင်း/မြောက်ပိုင်း၊ ကလေးမြို့နယ်အတွင်းရှိ မြို့များတွင်လှည့်လည်ကုသပေးလျက်ရှိသည်။

လူသားချင်းစာနာထောက်ထားမှု့ဆိုင်ရာအကူအညီများ
ချင်းရေးရာအဖွဲ့သည် ၂၀၂၁ ခုနှစ်မှစတင်ကာ မြန်မာ့ပြည်တွင်းပဋိပက္ခများကြောင့်ထွက်ပြေးတိမ်း ရှောင်နေရသည့် စစ်ဘေးရှောင်များ၊ ဒုက္ခသည်များနှင့် သဘာဝဘေးအန္ဒရာယ်ခံစားရသည့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ၊ အရေးပေါ်စားနပ်ရိက္ခာများ၊မိုး ကာများ၊ အမျိုးသမီးနှင့်သက်ကြီးရွယ်အိုများအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေး ပစ္စည်းများကိုကူညီ ပေးလျက်ရှိသည်။
၂၀၂၆ ခုနှစ်ဇန်နဝါရီ မှမတ်လအတွင်း ICA မှ အိန္ဒိယ-မြန်မာနယ်စပ်၊ ကျန်ဖိုင်ခရိုင်၊ ချင်းပြည်နယ်၊ မြောက်ပိုင်း၊ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်၊ကလေးမြို့နယ် နှင့် တမူးမြို့နယ်အတွင်း နေထိုင်သည့် ချင်းလူမျိုး စစ်ဘေးရှောင် များအား အခြေခံစားနပ်ရိက္ခာ(ဆန်၊ဆီ၊ဆားနှင့်ပဲ)များ အပြင် မိုးကာ များ နှင့် တကိုယ်ရည် သန့်ရှင်းရေးပစ္စည်းများကို ထောက်ပံ့ပေးနိုင်ခဲ့သည်။
ဤ ၃လ အတွင်း ICA မှပြည်တွင်း စစ်ဘေးရှောင်ပြည်သူများနှင့် အိန္ဒိယ- မြန်မာနယ်စပ်ရှိ ဒုက္ခသည် စုစုပေါင်း ၁၀,၀၀၀ ဦး၊ အိမ်ထောင်စု ၂,၀၀၀ ကျော်တို့အား၊ မြန်မာငွေကျပ်သိန်း ၂,၀၀၀ တန်းဖိုး ရှိသော အရေးပေါ်စားနပ်ရိက္ခာ၊ မိုးကာနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးပစ္စည်းများကို ကူညီ ထောက်ပံ့ ပေးနိုင်ခဲ့သည်။

ဒုက္ခခံစားနေကြသည့်ပြည်သူများအတွက် တောင်းဆိုချက်
အထက်ဖော်ပြပါ လုပ်ဆောင်ချက်များသည် ICA နှင့် ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းများ၊ အလှူရှင်များ၏ အားဖြည့်ပံ့ပိုးမှုများကို ပေါင်းစပ်၍ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသော ပဋိပက္ခများ၊ တိုက်ပွဲများနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ဒုက္ခခံစားနေကြသည့် ပြည်သူများအတွက် အတတ်နိုင်ဆုံး ကြိုးပမ်းကူညီပံ့ပိုးထားမှု၏ ရလဒ်များဖြစ်ပါသည်။
ထို့အပြင် ပဋိပက္ခနှင့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည်များ၊ စစ်ဘေးရှောင်ပြည်သူများနှင့် အကူအညီလိုအပ်နေသူများကို ချင်းရေးရာအဖွဲ့ (ICA) မှ ဆက်လက်ကူညီပံ့ပိုးနိုင်ရန်အတွက် ငွေကြေးဖြင့်ဖြစ်စေ၊ ပစ္စည်းဖြင့်ဖြစ်စေ၊ အခြားနည်းလမ်း မျိုးစုံဖြင့် ICA ကို အဖက်ဖက်မှ ဝိုင်းဝန်းကူညီပံ့ပိုးပေးကြသော အလှူရှင်များနှင့် ပူးပေါင်း ပါဝင်သူများအား ICA မှ အထူးကျေးဇူးတင်ရှိပါသည်။
သို့ရာတွင် မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခများသည် ကာလရှည်ကြာလာသည်နှင့်အမျှ ပြည်သူများ၏ အကူအညီလိုအပ်ချက်များ မြင့်မားလျက်ရှိပြီး ICA အနေဖြင့် လိုအပ်ချက်စုစုပေါင်း၏ ၅ ရာခိုင်နှုန်း ခန့်သာ ဖြည့်ဆည်းပေးနိုင်ရန် ရုန်းကန်နေရပါသည်။ ထို့ကြောင့် ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းများ နှင့် အလှူရှင်များအားလုံးအနေဖြင့် ဒုက္ခရောက်၍ ရုန်းကန်နေရသည့် ပြည်သူများ၏ ဘဝကို ဆက်လက် ရှင်သန်နိုင်စေရန် ချင်းရေးရာအဖွဲ့ (ICA) နှင့်အတူ ဆက်လက်ပူးပေါင်းကာ ကူညီပံ့ပိုး ပေးကြရန် မေတ္တာရပ်ခံ တင်ပြအပ်ပါသည်။
ချင်းရေးရာအဖွဲ့ ICA ၏လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပေးအပ်ခြင်းလုပ်ငန်း များတွင် ပူးပေါင်းပါဝင်နိုင်သည့် အလှူရှင်များအတွက်ဆက်သွယ်ရမည့် Email နှင့် ဖုန်းနံပါတ်များကိုအောက်တွင် ရေးသားထားပါသည်။