March 9, 2026, 0 Comments
ဖလမ်းမြို့နယ်ရှိ တိုက်ပွဲအခြေအနေများ သုံးသပ်ချက်
(၂၀၂၅ခုနှစ် အောက်တိုဘာလမှ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ရက်အထိ)
ပုံစာ –
Falam မြို့နယ် Lunghawh ရွာရှိ စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင်း ပျက်စီးသော ပြည်သူအိမ်များ (Photo: The Rihli Voice )
Salai Van Sui San
၂၀၂၅ ခုနှစ် ၊ အောက်တိုဘာ ၁၉ ရက်မှစ၍ စစ်ကော်မရှင်တပ်သည် ကလေးမြို့ကို အခြေပြုကာ ချင်းပြည်နယ်မြောက်ပိုင်းသို့ဦးတည်ပြီး အင်းအားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည်။ ကလေး- နတ်ချောင်း-ဂန့်ဂေါ၊ ကလေး-နတ်ချောင်း-ဝေဘူလ၊ ကလေး-ခိုင်ကမ်း-သိုင်းငင်းနှင့် တီးတိန်-သိုင်းငင်း ဟူ၍ စစ်ကြောင်းလေးကြောင်းခွဲကာ အင်အား ၁,၀၀၀ နီးပါးအသုံးပြုလျက်ထိုးစစ်ဆင်နေခြင်းလည်းဖြစ်သည်။ ဤစစ်ကော်မရှင်တပ်၏ စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်တွင် ချင်းတော်လှန်ရေးပူးပေါင်းတပ်များမှလည်း ခုခံတိုက်ခိုက်လျက်ရှိကာ တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားလျက်ရှိသည်။ ဤစစ်ကော်မရှင်တပ်များသည် ချင်းညီနောင်အဖွဲ့များမှ သိမ်းယူထားခဲ့သော ဖလမ်းမြို့နှင့် Surbung လေဆိတ်ကို ပြန်လည်ရယူနိုင်ရန် ထိုးစစ်စင်လာကြရခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ကော်မရှင်တပ်များသည် ချင်းတော်လှန်ရေးတပ်များ၏ ခုခံတိုက်ခိုက်မှုကြောင့် လမ်းမကြီးများကို အသုံး မပြုရဲဘဲ ရွာချင်းဆက်လမ်းများကို အသုံးပြုထိုးစစ်ဆင်လာကာ ကျေးရွာများအတွင်း ဝင်ရောက်မွှေနှောက် ဖျက်ဆီးလျက်ရှိရာ ကျေးရွာနေပြည်သူများပင်လျှင် စစ်ဘေးရှောင်ကြရသည်။
စစ်ကော်မရှင်တပ်များ ဖလမ်းမြို့နယ်သို့ ဝင်ရောက်လာပုံ
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ မှန်တောရွာ ကို စစ်ကောင်စီက အောက်တိုဘာ ၁၉ ရက် မနက်ပိုင်းတွင် အင်အားအလုံးရင်းဖြင့် ထိုးစစ်ဆင်ကာ ပြန်လည်ထိန်းချုပ်ခဲ့သည်။ ကလေး–ဂန့်ဂေါ ကားလမ်းမပေါ်ရှိ မှန်တောရွာသို့ မြေပြင်အင်အားများနှင့် ဒရုန်းဗုံးသီးများ အသုံးပြုတိုက်ခိုက်လာသဖြင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များက ကမ္ဘားနီတံတားအထိ ဆုတ်ခွာခဲ့ရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးများရှိခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၄ ဦး ကျဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီသည် မှန်တောကို ထိန်းချုပ်ပြီးနောက် ကမ္ဘားနီဘက်သို့ ဆက်လက်ထိုးစစ်ဆင်ရန် အင်အားစုစည်းနေသည်။ ကမ္ဘားနီကျရောက်ပါက ကလေး–ဂန့်ဂေါ လမ်းပိုင်းအား စစ်ကောင်စီလက်ထဲ ပြန်လည်ရောက်ရှိနိုင်ပြီး ကလေးမြို့နယ်တောင်ပိုင်းတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် အခွင့်အလမ်းများ ရှိလာမည်ဟု ဆိုသည်။ စစ်ကောင်စီသည် ယခင်က လက်လွတ်ခဲ့သည့် ကလေး–ခမ်းပတ်၊ ကလေး–တမူး၊ ကလေး–ဂန့်ဂေါ လမ်းပိုင်းများကို ပြန်လည်ထိန်းချုပ်ရန် အင်အားအလုံးရင်းဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
ထိုမှတဆင့် စစ်ကော်မရှင်တပ်များသည် ချင်းပြည်နယ်၏ ဝင်ပေါက်လမ်းမကြီးများဖြစ်သော ကလေး -တီးတိန်- ဖလမ်း လမ်းမကြီးရှိသိုင်းငင်းအခြေပြု စစ်ကြောင်းတစ်ကြောင်း၊ ကလေး – နတ်ချောင်းလမ်း ဖလမ်းမြို့နယ် ဝေဘူလမြို့အေခြပြု စစ်ကြောင်းတစ်ကြောင်း ၊ တီးတိန်မြို့ပေါ်အေခြပြု၊ တီးတိန်- ကလေး -ဖလမ်း လမ်းမကြီးဘက်မှ စစ်ကြောင်းတစ်ကြောင်းစီဖြင့် စုစုပေါင်အင်အား ၇၀၀ ပါစစ်ကြောင်းသုံးကြောင်းခွဲကာ အောက်တိုဘာ ၂၇ ရက်မှ စတင်ပြီး ချင်းပြည် နယ်မြောက်ပိုင်းအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက် နေခြင်းဖြစ်ပါသည်။
ထို့အတူအောက်တိုဘာ၂၇ ရက်နေ့တွင်စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ကလေး-ဂန့်ဂေါ ကားလမ်းမကြီးအတိုင်း တောင်အရပ်ကို ထိုးစစ်ဆင်လာသော အင်အား၂၀၀ကျော်ပါ စစ်ကော်မရှင် စစ်ကြောင်းသည် စစ်ကြောင်းနှစ်ကြောင်းခွဲထွက်ကာ တစ်ကြောင်းမှာတောင်အရပ်ဘက်သို့ဦးတည်ကာ ကျန်တစ်ကြောင်းမှာ ချောင်းခွရွာမှ ခွဲထွက်လာပြီးဖလမ်းမြို့နယ် ဝေဘူလမြို့ဘက်သို့ ဦးတည်လာကြောင်း၊ နိုဝင်ဘာ၁ရက်နေ့ ယောအလင်းတန်း သတင်း တွင်ဖော်ပြထားသည်။
ဒေသခံ ချင်းတော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကော်မရှင်အကြား ပစ်ခေတ်မှု
ကလေးမြို့ တောင်ပိုင်း၊ ကလေး-နတ်ချောင်း-ဝေဘူလ လမ်းကြောင်းအတိုင်း ထိုးစစ်ဆင်လာသော စစ်ကော်မရှင်တပ်များသည် ထိုးစစ်ဆင်ရာလမ်းကြောင်းတလျောက်တွင် ခုခံတိုက်ခိုက်ခြင်းမခံရဘဲ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် ဝေဘူလမြို့အထိ ထိုးစစ်ဆင်လာနိုင်သည်။ တဖက်တွင်လည်း တီးတိန်-သိုင်းငင်းသို့ ဦးတည် ထိုးစစ်ဆင်သော စစ်ကော်မရှင်တပ်များကို PDF Zoland နှင့် ပူးပေါင်းတပ်များမှ ခုခံတိုက်ခိုက်ခဲ့သော်လည်း ကနေဒီတောင်ကို စစ်ကော်မရှင်မှ သိမ်းပိုက်နိုင်ခဲ့သည့်အပြင် သိုင်ငင်းအထိ ထိုးစစ်ဆင်နိုင်ခဲ့ကြသည်။
ထိုမှတဆင့် စစ်ကော်မရှင်တပ်များသည် ဝေဘူလ-ဖလမ်း နှင့် သိုင်ငင်း-ဖလမ်း၊ စစ်ကြောင်း ၂ ကြောင်းဖြင့် တောင်ကြောလမ်းအတိုင်း ဖလမ်းမြို့သို့ ဦးတည် ထိုးစစ်ဆင်လာသည်။
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့မှစ၍ Taingen, Khitam, Ngaizam, Thungtul, Lianrih ရွာ အနီးတဝိုက်တွင် နေ့စဥ်နှင့် အမျှအပြန်အလှန်ပစ်ခေတ်မှုများ ဖြစ်ပွားလာခဲ့သည်မှာ ယနေ့အချိန်ထိဖြစ်သည်။
တဖက်တွင်လည်း တီးတိန်မြို့နယ်၊ ကနေဒီတောင်ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် PDF-Zoland မှ စစ်ကော်မရှင်လက်မှ ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။
ထိုသို့ နိုဝင်ဘာလ ၅ရက်နေ့မှ စတင်ခဲ့သော ပစ်ခေတ်မှုများတွင် စစ်ကော်မရှင်တပ်များ အထိနာကာ လေကြောင်းတိုက်ခိုက်မှု၊ လူသားဒိုင်းအသုံးပြုမှုနှင့် ချင်းပြည်နယ်ရှိ တိုက်ပွဲမဖြစ်ပွားသော မြို့နယ်များတွင်လည်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

ဒေတာအချက်အလက်များ
နိုဝင်ဘာ ၂၀၂၅ မှ ဖေဖော်ဝါရီ ၂၀၂၆ အထိ ချင်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများအတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့များ၊ SSPC၊ ပြည်သူများနှင့် အရပ်သားပိုင်အဆောက်အဦများအပေါ် ထိခိုက်နစ်နာမှုများ တိုးပွားလျက်ရှိသည်။ စုစုပေါင်းဖြစ်ရပ် ၁၁၀ ကျော်အနက် လေကြောင်းတိုက်ခိုက်မှုများ၊ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုများနှင့် မြေမြှုပ်မိုင်း၊ လက်နက်ကြီးပစ်ခတ်မှုများ ပါဝင်ပြီး လူသေဆုံးမှု၊ ဒဏ်ရာရရှိမှုနှင့် ဖမ်းဆီးမှုများ တိုးလာနေသည်။
ဤသတင်းအချက်အလက်များအရ စစ်ရေးအရှိန်မြင့်တက်နေပြီး အရပ်သားလုံခြုံရေးအခြေအနေသည် ပိုမိုဆိုးရွားလာကြောင်း တွေ့ရှိရသည်။
ဖလမ်းဒေသ စစ်ဆင်ရေးအတွက် စစ်ကော်မရှင် လေကြောင်းထောက်ပံ့မှုများ
ချင်းတော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကြောင်းများ ဆက်လက်မတိုးနိုင်သည့်အခါ စစ်ကော်မရှင်တပ်များသည် မိမိတို့ရောက်ရှိနေသည့်တောတောင်နေရာများတွင် ခံတပ်အဖြစ် ကတုပ်ကျင်းအကာအကွယ်များတူးဖော်ကာ အခိုင်အမာတပ်စွဲနေကြသည်ဟု သိရသည်။ ထို့ပြင် မြန်မာလေတပ်ကလည်း စစ်ကြောင်းများထံသို့ နေ့စဉ်နီးပါး လေကြောင်းမှ ရိက္ခာနှင့် ပစ္စည်းများ လွှတ်တင်ပို့ဆောင်ပေးနေကြောင်း သိရသည်။
ထိုသို့ လေကြောင်းထောက်ပံ့မှုများ ဆက်တိုက် ပြုလုပ်နေခြင်းသည် ဤစစ်ဆင်ရေးအား စစ်ကော်မရှင် မှ အရေးပါစွာ ထောက်ပံ့နေကြောင်းကို ပြသနေသည်။ ဤစစ်ဆင်ရေးသည် ဖလမ်းမြို့၏ ပထဝီအရ မဟာဗျူဟာအရေးပါမှုနှင့် အုပ်ချုပ်ရေးနှင့်စစ်ရေးဆိုင်ရာ လိုအပ်ချက်များအတွက် ဖလမ်းမြို့အနီးရှိ ဆုလ်းဘုန် (Surbung) လေဆိပ်ကို အသုံးပြုနိုင်ရန် ရည်ရွယ်ချက်များကြောင့် ဖြစ်နိုင်ကြောင်းလည်း ယုံကြည်ကြသည်။
ချင်းတော်လှန်ရေးတပ်ဖွဲ့များ၏ ထိခိုက်နစ်နာမှု
မှတ်တမ်းအရ ချင်းတော်လှန်ရေးတပ်ဖွဲ့များ (CNDF၊ CNA၊ CDF များအပါအဝင်) တွင်—
- သေဆုံးမှု – အနည်းဆုံး ၄၂ ကျော်
- ဒဏ်ရာရရှိမှု – ၁၀၀ ကျော်
လေကြောင်းတိုက်ခိုက်မှုများနှင့် ဒရုန်းဗုံးကြဲမှုများသည် တပ်ဖွဲ့ဝင်များအပေါ် အဓိကထိခိုက်မှုဖြစ်စေသည့် အကြောင်းရင်းများဖြစ်ကြောင်း မှတ်တမ်းများမှ ဖော်ပြသည်။ အထူးသဖြင့် ဒီဇင်ဘာနှောင်းပိုင်းမှ ဇန်နဝါရီလအတွင်း လေကြောင်းအသုံးပြုမှု မြင့်တက်လာခဲ့သည်။
ပြည်သူ (အရပ်သား) ထိခိုက်နစ်နာမှု
အရပ်သားများသည် ပဋိပက္ခအတွင်း အပြင်းထန်ဆုံးထိခိုက်နစ်နာသူများဖြစ်ကြသည်။
- ပြည်သူသေဆုံးမှု – အနည်းဆုံး ၁၅ ဦးကျော်
- ပြည်သူဒဏ်ရာရရှိမှု – ၃၀ ကျော်
အချို့ဖြစ်ရပ်များတွင် ကျောင်း၊ ဘုရားကျောင်းနှင့် ဆေးရုံအနီး ပစ်ခတ်မှုများကြောင့် ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။ မြေမြှုပ်မိုင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် သာမန်ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခြင်းများလည်း မှတ်တမ်းတင်ထားသည်။
ဤအချက်အလက်များသည် အရပ်သားကာကွယ်ရေးမလုံလောက်မှုကို ပြသနေပြီး လူ့အခွင့်အရေးနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL) လေးစားလိုက်နာမှု မရှိသည့် လက္ခဏာများကိုလည်း ညွှန်းပြနေသည်။
SSPC ထိခိုက်နစ်နာမှုနှင့် ဖမ်းဆီးမှု
မှတ်တမ်းများအရ SSPC နှင့်ပတ်သက်၍—
- သေဆုံးမှု – ၂၀၀ ကျော်
- ဒဏ်ရာရရှိမှု – ၂၅၀ ကျော်
- ဖမ်းဆီးခံရမှု – ၄၀ ကျော်
တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများအတွင်း အထက်ပါထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ခဲ့သည်။ အချို့ဖြစ်ရပ်များတွင် အဖမ်းဆီးများကို တိုက်ပွဲပြီးနောက် လက်နက်ချသည့်အခြေအနေများနှင့် ဆက်စပ်နေကြောင်း ဖော်ပြထားသည်။

လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြုမှု
လေကြောင်းတိုက်ခိုက်မှုများသည် ဤကာလအတွင်း ထင်ရှားစွာ မြင့်တက်လာခဲ့သည်။
- လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း – ၂၅၀၀ကျော်
- ဒရုန်းဗုံးကြဲမှု၊ Suicide Drone အသုံးပြုမှုများ ပါဝင်
ဇန်နဝါရီ ၂၀၂၆ အတွင်း လေကြောင်းအသုံးပြုမှု ပိုမိုများပြားလာခဲ့ပြီး နေရာအချို့တွင် တစ်နေ့အတွင်း လေကြောင်းတိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့သည်။ ၎င်းသည် မြေပြင်တိုက်ပွဲအပြင် အဝေးထိန်းစနစ်အသုံးပြုစစ်ရေး မဟာဗျူဟာကို တိုးမြှင့်အသုံးပြုနေကြောင်း ပြသသည်။
အဆောက်အဦပျက်စီးမှု
- အဆောက်အဦပျက်စီးမှု – အနည်းဆုံး ၆၀ ကျော်
ပျက်စီးသည့် အဆောက်အဦများတွင်—
- လူနေအိမ်များ
- ကျောင်းများ
- ဘုရားကျောင်းများ
- ဆေးရုံများ
ပါဝင်ကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။ အရပ်သားပိုင်အဆောက်အဦများ ပစ်မှတ်ထားခံရခြင်းသည် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဥပဒေများအရ စိုးရိမ်ဖွယ်ရာဖြစ်သည်။
ခေတ်သစ်စစ်ရေးလက္ခဏာများ
ဤကာလအတွင်း တွေ့ရှိရသည့် အဓိကလက္ခဏာများမှာ—
- ဒရုန်းနှင့် လေကြောင်းအသုံးပြုမှု မြင့်တက်လာခြင်း
- အရပ်သားထိခိုက်မှု တိုးပွားလာခြင်း
- အဆောက်အဦများ ပျက်စီးမှုများပြားလာခြင်း
- ဖမ်းဆီးမှုနှင့် ထိန်းသိမ်းမှုများ တိုးလာခြင်း
ဤအချက်များသည် ပဋိပက္ခသည် ပုံမှန်မြေပြင်တိုက်ပွဲထက် အဆင့်မြင့်နည်းပညာအသုံးပြုစစ်ရေးသို့ ပြောင်းလဲလာနေကြောင်း ပြသသည်။
စစ်ကော်မရှင်စစ်ကြောင်းထိုးစစ်ဆင်ရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများနှင့်ပြည်သူများ၏အခြေအနေ

စစ်ကော်မရှင်တပ်၏ထိုးစစ်ကြောင့် ကလေး-သိုင်းငင်း၊ကလေး-ဝေဘူလလမ်းဘေးတစ်လျှောက်ရှိ တီးတိန် မြို့နယ်နှင့်ဖလမ်းမြို့နယ်ရှိကျေးရွာပေါင်း ၃၄ ရွာမှဒေသခံပြည်သူများသည် တောတောင်များနှင့်စစ်ကြောင်း နှင့်အလှမ်းဝေးသည့် ကျေးရွာများတွင်တိမ်းရှောင်နေကြရကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရ သည်။
တီးတိန်မြို့နယ်ရှိ ကျေးရွာများ
| ခိုင်ကမ်း (Khaikam) | ဆွလိမ် (Suahhlim) | ဆဲဇန် (Seizang) |
| ထေးဇန် (Theizaang) | အာ့လွေ (Aklui) | ဆိုဇန် (Sozang) |
| ဟရီယန်ဇိန်း (Hriangzing) | သိုင်းငင်း (Taingen) | မွလ်ပီး (Mualpi) |
ဖလမ်းမြို့နယ်ရှိ ကျေးရွာများ
| ပါမွန်ချောင်း (Panmonchaung) | မဲဟောလ် (Meihol) | တလောရ်ဇောန် (Tlorzan) |
| ချောင်းခွ (Chaungkhuah) | ဗားရ် (Vaar) | လုမ်သဲ (Lumte) |
| မွလ်ဇောလ် (Mualzawl) | ထုန်ထူလ် (Thungthul) | ကြောင်ထဲ (Congthe) |
| ဝေဘူလ (Webula) | လျန်ရိဒ် (Lianrih) | လဲန်သဲ (Lente) |
| ခီသမ် (Khitam) | ဗန်နီယမ် (Vanniam) | မန်ခဲန်း (Mang Kheng) |
| မွှန်လီ (Hmunli) | ငိုင်ဇမ် (Ngaizam) | ဆုမ်ဟရန်း (Sum Hrang) |
| ကြောင်ကွာ (Congkua) | သီးဖိရ် (Tiphir) | ကြောင်ဟဲင် (Congheng) |
| စီဇာမွလ် (C. Zamual) | ဇောင်ကောင် (Zawngkong) | ထင်းရှူးမြိုင် (Bekan) |
| လုံဟော့ (Lunghawh) | လုမ်ဘန်း (Lunbang) | ပါရ်သဲ (Parte) |

ယခုစစ်ကော်မရှင်၏ ထိုးစစ်ကြောင့် ဖလမ်းမြို့နယ်တစ်ခုလုံးနီးပါး စစ်မြေပြင်ဖြစ်သွားကာ ဖလမ်းမြို့ပေါ် ရပ်ကွက်များအားလုံးအပါအဝင် ဖလမ်းမြို့နယ်အတွင်းနေထိုင်သူ ၈၅ % ကျော်မှာစစ်ဘေးရှောင်နေရကြောင်း စစ်ဘေးရှောင်များကို ကူညီကယ်ဆယ်ပေးနေသည့် အဖွဲ့အစည်းများ၏ ပြောကြားချက်အရ သိရသည်။
ချင်းရေးရာအာအဖွဲ့အနေဖြင့်—
- လူ့အခွင့်အရေးချိုးဖောက်မှုများကို စနစ်တကျ ဆက်လက်မှတ်တမ်းတင်ရန်
- လေကြောင်းတိုက်ခိုက်မှုများနှင့် အရပ်သားထိခိုက်မှုများအပေါ် အပြည်ပြည်ဆိုင်ရာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်
- အရပ်သားကာကွယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ တိုးမြှင့်ပေးရန်
လိုအပ်ကြောင်း အကြံပြုလိုသည်။
နိဂုံးချုပ်
နိုဝင်ဘာ ၂၀၂၅ မှ ဖေဖော်ဝါရီ ၂၀၂၆ အထိ ကာလအတွင်း ဖလမ်းမြို့နယ်သည် စစ်ရေးအရှိန်မြင့်တက်မှုနှင့်အတူ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုအခြေအနေများ ပိုမိုဆိုးရွားလာခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုများနှင့် ဒရုန်းဗုံးကြဲမှုများသည် အရပ်သားလုံခြုံရေးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုအဖြစ် ပေါ်ထွန်းလာနေသည်။
ဤအခြေအနေများအပေါ် နိုင်ငံတကာအသိုင်းအဝိုင်း၏ အာရုံစိုက်မှုနှင့် အရေးယူဆောင်ရွက်မှုများ မဖြစ်မနေ လိုအပ်လျက်ရှိသည်။