Refugee students receiving small gifts

September 11, 2022, 1 Comment

Zokhawthar ကျေးရွာ ဒုက္ခသည်ကလေးများ အတွက် သင်ကြားရေးဆရာ/မ (၆) ဦး ခန့်ထားခြင်း

မြန်မာဒုက္ခသည်ကလေးငယ်များ စာသင်ကျောင်းတက်နေသည့် အိန္ဒိယနိုင်ငံ မီဇိုရမ်(Mizoram) ပြည်နယ်၊   ဇိုခေါ်ထန်ရ်(Zokhawthar) ကျေးရွာ ရှိ ကျောင်းများ အတွက် ICA နှင့် မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်သော  Chin Baptist Association North America (CBANA), Mizo Students Union (MSU) နှင့် Myanmar Refugees Relief Committee-Mizoram (MRRCM) တို့ ပူးပေါင်းပြီး ဆရာ/မ (၆) ဦး ကို ၂၀၂၂ ခုနှစ် ဇွန်လမှစတင်၍   ခန့်အပ်ထောက်ပံ့ပေးပါသည်။

 ၎င်း ဆရာ/မ များအနက် ကျေးရွာ၏ ဆရာ/မ လိုအပ်ချက်အများဆုံးအဖြစ်သတ်မှတ်သည့် Primary School (1) , Middle School  နှင့် English Medium School တို့တွင် (၁) ဦး စီ နှင့် Primary School (2) တွင် (၃) ဦး တို့က စေတနာထက်သန်စွာဖြင့် ပညာသင်ပေး နေကြပါသည်။

ဤသို့ ကျောင်းအသီးသီးတွင် ဆရာ/မ များအားဖြည့်ခန့်ထားခြင်းသည် ကျေးရွာလူကြီးများ၏ ဆရာ/မ အင်အားလိုအပ်မှုတင်ပြချက်များအပေါ်မူတည်ပြီး ခွဲဝေခန့်ထားခြင်း ဖြစ်ပါသည်။ သင်ကြားရေးဆရာ/မ များ ကူညီခန့်ထားပေးနိုင်မှုကို ကျေးရွာအနေဖြင့်လည်း အထူးဝမ်းမြောက်စွာ ကြိုဆိုသကဲ့သို့ ဒုက္ခသည် ကျောင်းသူ/သား များသည်လည်း မိမိတို့၏ နိုင်ငံသားချင်း ဆရာ/မ များ၏ သင်ကြားပေးမှုကို ပြန်လည်ခံယူကြရခြင်းကြောင့် အလွန်ပျော်ရွှင်ကျေနပ်ကြပါသည်။

မြန်မာနိုင်ငံ၏ ပညာရေးယန္တရားသည် ကိုဗစ် 19 ရောဂါ မြန်မာနိုင်ငံတွင် စတင်ဝင်ရောက်လာသည့် ၂၀၂၀ ပြည့်နှစ် ဧပြီလ ခန့်မှစ၍ ရောဂါပိုးဖြန့်နှံ့သည့်ဒေသ အလိုက် တဖြည်းဖြည်းရပ်တန့်လာခဲ့ရာ ၎င်းနှစ်အတွင်းတွင်ပင် တနိုင်ငံလုံး၏ အခြေခံပညာရေးအဆင့် မှ အဆင့်မြင့်ပညာရေးအဆင့် အထိ ပညာရေးစနစ် တခုလုံးရပ်တန့်သွားခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန် ရုန်းကန်ကြိုးစားနေရသည့်ကာလတွင်ပင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကိုလည်း အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီး တနိုင်ငံလုံးတွင် လက်ရှိအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကပင် နေရာအများစုထပ်မံအနိုင်ရရှိခဲ့သည်။

အသစ်ခန့်အပ်ထားသော ဆရာ/မ များ ICA တာဝန်ခံ (Field Officer) နှင့် VLCMR မှ ခေါင်းဆောင်များ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက် နေ့တွင် အနိုင်ရပါတီမှ လွှတ်တော်အသစ်ကို စတင်ခေါ်ယူရန်ပြင်ဆင်လာခဲ့သော်လည်း မြန်မာ့စစ်တပ်သည် ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိခဲ့သည် ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်။ စစ်တပ်၏ အာဏာသိမ်းယူမှုကို ဆန့်ကျင်ကာ နိုင်ငံတဝန်းလုံးတွင် လူထုအုံကြွဆန္ဒပြမှုများဖြစ်ပေါ်လာခဲ့သည်ကို လက်နက်ဖြင့်အကြမ်းဖက် ပစ်ခတ် ဖြေရှင်းရန် လုပ်ဆောင်လာသည့်စစ်တပ်၏လုပ်ရပ်ကို မခံနိုင်သောလူထုမှ လက်နက်ဖြင့် ပြန်လည်ခုခံရန် ကြိုးပမ်းလာကြပြီး နောက်ဆက်တွဲအနေဖြင့် လက်နက်ကိုင်ပဍိပက္ခများ တနိုင်ငံလုံးတွင် ကျယ်ပြန့်စွာဖြစ်ပေါ်လာခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဧပြီလ ခန့်မှစ၍ ရပ်တန့်သွားခဲ့ရသော နိုင်ငံတော်၏ပညာရေးစနစ် ကို ပြန်လည်စတင်လည်ပတ်နိုင်ရန် ကြိုးစားနေသည့် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများလည်း ထပ်မံ ရပ်တန့်သွားခဲ့ပြန်သည်။

ျင်းပြည်နယ်တွင်လည်း ဒေသခံလက်နက်ကိုင်တပ်ဖွဲ့များ နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ နေရာအနှံ့တွင် ဖြစ်ပွားလာခဲ့သည်။ မိမိဒေသတွင်ဖြစ်ပေါ်လာသောတိုက်ပွဲများကြောင့် မိမိရပ်ရွာ၊ နေအိမ်များတွင် နေထိုင်ရန်အတွက် လုံခြုံမှုမရှိတော့ဘဲ နေရပ်စွန့်ခွာသူ ဒုက္ခသည် ဦးရေသည် နေ့စဉ်နှင့်အမျှ မြင့်တက်လျက်ရှိသည်။ အချို့သောပြည်သူများသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ပြည်တွင်းဒေသ များတွင်သွားရောက်စစ်ဘေးရှောင်ကြရပြီး အချို့မှာ မြန်မာပြည်နှင့်နယ်နိမိတ်ချင်း ထိစပ်နေသည့် ပြည်ပဒေသများသို့ သွားရောက်ခိုလှုံကြရသည်။ ချင်းပြည်နယ်နှင့် ထိစပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ မိဇိုးရမ်ပြည်နယ်သို့ ထွက်ပြေးခိုလှုံသူလည်း လွန်စွာများပြားပြီး ဒုက္ခသည် လူဦးရေ ၄၅၀၀၀ မှ ၅၀၀၀၀ ခန့် အထိ သွားရောက်ထွက်ပြေးခိုလှုံကြရသည်။

ထိုအထဲတွင် အိမ်ခြေ (၆၀၀) ခန့်သာရှိသော  ဇိုခေါထန်ရ်ကျေးရွာ၌ ဒုက္ခသည်မိသားစု (၇၃၈) စု၊ လူဦးရေအားဖြင့် ဒုက္ခသည် (၃၈၀၀) ဦး ခန့် ခိုလှုံနေကြရပါသည်။ ဒုက္ခသည်မိသားစုများတွင် ပညာသင်ကြားခွင့် (၂) နှစ် ဆုံးရှုံးနေနှင့်ပြီဖြစ်သော ကျောင်းသား/သူ များစွာလည်း ပါဝင်ကြသည်။

ICA ဒုဥက္ကဌ၊ MSU ဥက္ကဌ၊ VLCMR ခေါင်းဆောင်များနှင့် ဆရာ/မ အသစ်များနှင့် Zokhawthar တွင် တွေ့ဆုံစဉ်

မီဇိုရမ်းပြည်နယ်အစိုးရသည် ၎င်း၏ပညာသင်နှစ်သတ်မှတ်ချက်အရ ၂၀၂၂ ခုနှစ် ဧပြီလ (၄)ရက်  မှ စ၍ ကျောင်းများကို စတင်ဖွင့်လှစ်သည်။ မြန်မာဒုက္ခသည် ၃၈၀၀ ခန့် ခိုလှုံနေသည့် မီဇိုရမ်းပြည်နယ်၊ Champhai ခရိုင် ရှိ ဇိုခေါ်ထန်ရ်ကျေးရွာတွင်လည်း ၎င်းတို့ နှစ်စဉ်ဖွင့်လှစ်နေသည့်ကျောင်းများကို ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်ကြသည်။ ဇိုခေါ်ထန်ရ် ကျေးရွာတွင် ပုံမှန် စာသင်ကျောင်းပေါင်း (၉) ကျောင်းရှိသည်။ ၎င်းတို့မှာ 1. St. Joseph’s School, 2. Presbytarian School, 3. Higher School, 4. Middle School, 5. RMSA Secondary School, 6. English Medium School, 7. Govt. Primary School -1, 8. Govt. Primary School -2, 9. Baptist School တို့ ဖြစ်ကြသည်။ ထိုကျောင်းများတွင် အိမ်ရှင်ကျောင်းသား/သူ များနှင့် စစ်ဘေးဒုက္ခသည် ကျောင်းသား/သူများ အတူတကွပညာသင်ကြားနေကြသည်။ အိမ်ရှင်ကျောင်းသား/သူ (၁၃၃၂) ဦး ရှိကာ မြန်မာနိုင်ငံတွင် ပညာသင်ကြားခွင့်ဆုံးရှုံးခဲ့ကြသော ဒုက္ခသည် ကျောင်းသား/သူ ပေါင်း (၁၄၁၂) ဦး ရှိပြီး တရွာလုံး၏ကျောင်းသား/သူ စုစုပေါင်းအင်အားမှာ (၂၇၄၄) ဦး ရှိသည်။ PSRB (Projects to Support Refugees from Burma) မှ ဖွင့်လှစ်သည့် ညစာကျက်ဝိုင်း တစ်ကျောင်းလည်း ရှိသည်။

ဤအခြေအနေသည် အိမ်ရှင်ကျောင်းသားအင်အားထက် ဒုက္ခသည်ကျောင်းသားအင်အား ပိုမိုများပြားနေသည့် အခြေအနေဖြစ်သည်။ ယခင်ထက် နှစ်ဆ ကျော်သည့် ကျောင်းသားအင်အားကို လက်ခံထားရသည့် အခြေအနေဖြစ်၍ ကျောင်းများတွင် ပုံမှန်ချက်ပြုတ်ကြွေးမွေးလေ့ရှိသည့် နေ့လည်စာချက်ပြုတ်ကျွေးမွေးနိုင်ရန်အတွက် အိုး နှင့် ပန်းကန်များလုံလောက်မှုမရှိခြင်း၊ ကျောင်းခန်းများ မလုံလောက်ခြင်း၊ သင်ကြားရေးပစ္စည်းများ မလုံလောက်ခြင်း၊ သောက်သုံးရေလုံလောက်မှုမရှိခြင်း နှင့် အိမ်သာများ မလုံလောက်ခြင်း၊ စသည်. အခက်အခဲများ ကြုံတွေ့ရကြသည်။

ဒုက္ခသည် ကျောင်းသား/သူ များသည် အိန္ဒိယအစိုးရ၏ ကျောင်းများတွင် တက်ရောက်နေကြရသည်ဖြစ်၍ ကျောင်းလခပေးဆောင်နိုင်ရန်ခက်ခဲခြင်း၊ သင်ကြားမှုပုံစံအသစ်နှင့် ဘာသာရပ်အသစ်များကို စတင်သင်ကြားရခြင်းတို့ကြောင့် သင်ခန်းစာများကို လိုက်နိုင်မှုမရှိ၍ အတန်းလျှော့ခံရခြင်း စသောအခက်အခဲမျိုးစုံကိုလည်း ကြုံတွေ့ရကြသည်။ ကျေးရွာအနေဖြင့်လည်း အိမ်ရှင်ကျောင်းသားအင်အားထက်ပိုမိုများပြားသည့် ကျောင်းသားအင်အားကို လက်ခံရမှုသည် ဝန်ထုတ်ဝန်ပိုးကြီး ဖြစ်ပါသည်။ ထို့သို့အခက်အခဲများစွာရှိသည့်အနက် သင်ကြားရေးဆရာ/မ လုံလောက်မှုမရှိခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

Zokhawthar မှ ကျောင်းသား၊ ကျောင်းသူများ တစ်ချို့နှင့်အတူ ICA ၏ ကျန်းမာရေးနှင့်ပညာရေးဒါရိုက်တာ Lucy Mawi

Institute of Chin Affairs (ICA)  သည် ဒုက္ခသည်တို့၏ အခက်အခဲများကို တတ်နိုင်သမျှကူညီပေးရှင်း ပေးနိုင်ရန်ကြိုးစားနေသည့် အဖွဲ့အစည်းဖြစ်သကဲ့သို့ နေရပ်စွန့်ခွာထွက်ပြေးရကြသော စစ်ဘေးဒုက္ခသည်များ၏ ကျန်းမာရေးဆိုင်ရာကန္ဍများတွင်လည်း ကူညီမှုများပေးလျက်ရှိပြီး ယခုပညာရေးအတွက်လည်း အကူအညီပေးနိုင်ရန် ကြိုးစားခြင်းဖြစ်သည်။

အချို့သောကျေးရွာများတွင်မူ မိဇိုးရမ်းပြည်နယ်အစိုးရ၏ ခွင့်ပြုချက်များရရှိထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် စစ်ဘေးဒုက္ခသည်ကလေးများ ပညာသင်ကြားနိုင်ရေးအတွက် အခက်အခဲကြုံတွေ့မှု များ လည်း ရှိပါသည်။ ထိုသို့သောနေရာများတွင် စစ်ဘေးဒုက္ခသည်စခန်းများ၌ ယာယီ တဲများထိုးပြီး CDM ဆရာ/မ အနည်းငယ်တို့၏ စေတနာ့ဝန်ထမ်းအဖြစ်ဝင်ရောက် ကူညီသင်ကြားပေးမှုဖြင့် ကျောင်းဖွင့်နိုင်ရေး ရုန်းကန်ကြိုးစားကြရ သည့် အခက်အခဲ များလည်း ရှိနေပါသည်။

ICA နှင့် မိတ်ဖက်အဖွဲ့အစည်းများ အနေဖြင့် လုံလောက်သည့်ဦးရေမဟုတ်သေးသော်လည်း ဇိုခေါ်ထန်ရ် ကျေးရွာတစ်ရွာတည်းအတွက် ကိုသာ ဆရာ/မ (၆) ဦး ကို ခန့်ထားပေးနိုင်သေးခြင်း ဖြစ်ပြီး အလှူရှင်တို့၏ စေတနာ မေတ္တာဖြင့် လှူဒါန်းမှုများကြောင့်သာ ဤကဲ့သို့သော ကူညီထောက်ပံ့မှုများကိုလည်း လုပ်ဆောင်နေနိုင်ခြင်းဖြစ်၍ ဒုက္ခရောက်နေသော မိမိနိုင်ငံသားများအတွက် ဆက်လက်ကူညီလှူဒါန်း ပေးနိုင်ကြပါရန်လည်း တိုက်တွန်းလိုပါသည်။ မြန်မာဒုက္ခသည်များခိုလှုံရာ အခြားသော နေရာ/ ကျေးရွာ များစွာလည်း ပညာရေးအတွက် အခက်အခဲမျိုးစုံကို ကြုံတွေ့နေကြရဆဲပင် ဖြစ်ပါသည်။ လှူဒါန်းလိုသူများအနေဖြင့် –

၁။ Mai Lucy  (Australia) : (Contact Ph. + 61 431 102 837)

၂။ Van Sui San (India) : (Contact Ph. +91 923 313 6027)

သို့ ကိုယ်တိုင်တိုက်ရိုက်ဆက်သွယ်၍ လည်းကောင်း email ဖြင့်  mrc_he@burmese.chinaffairs.org သို့ ဆက်သွယ်၍လည်းကောင်း လှူဒါန်းနိုင်ကြပါသည်။

 

1 Comment

  • San Win Aung

    September 15, 2022

    အထက်တန်းပညာရေးအတွက် လိုအပ်ပါက ပညာဒါနပြုလိုပါသည်။ မြန်မာပြည်တွင်းမှာ အထက်တန်း ဇီဝဗေဒဘာသာရပ်ကို အနှစ် ၂၀ ခန့် ပို့ချခဲ့သော အတွေ့အကြုံရှိပါသည်။ လောလောဆယ်တွင် Aizawl မြို့မှာ နေထိုင်လျက်ရှိပါသည်။
    Contact No. 9863211869

Comments are closed.