March 20, 2026, Comment off
အိန္ဒယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဇိုခေါ်ထာရ်ကျေးရွာတွင် စစ်ဘေးရှောင်နေသော လူထု၏ လတ်တလော အခြေအနေများကို လေ့လာခြင်း
ဆလိုင်းလင်း
နိဒါန်း
ဇိုခေါ်ထာရ် (Zokhawther) ကျေးရွာသည် မြန်မာနိုင်ငံ နှင့် အိန္ဒိယနိုင်ငံ နယ်စပ်တွင်တည်ရှိသည့် အိန္ဒယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ၏ ကျေးရွာတစ်ရွာ ဖြစ်သည်။ မြန်မာနိုင်ငံဖက်ခြမ်းတွင် ဖလမ်းမြို့နယ်၊ တီအိုခေါ်မွေ (Ṭiau Khawmawi) တည်ရှိသည်။ နိုင်ငံ ၂ နိုင်ငံကို ချောင်းကြီးတစ်ချောင်းဖြစ်သည့် တီအိုချောင်းက ခွဲခြားထားသည်။ နယ်စပ်ကုန်သွယ်ရေးတံတားတစ်စင်းဖြင့် နိုင်ငံ ၂ နိုင်ငံကို ဆက်သွယ်ထားပြီး ဤတံတားကို ကုန်သွယ်ရေးနှင့် ကူးလူးဆက်ဆံရေးအတွက် အဓိကထား အသုံးပြုကြသည်။ ချောင်းရေနည်းပါးသည့် ပွင့်လင်းရာသီ (ဆောင်းရာသီ နှင့် နွေရာသီ) တို့တွင် နယ်စပ်ကုန်သွယ်ရေးတံတား အပြင် ချောင်းကို ဖြတ်သန်းပြီး ကူးလူးဆက်သွယ်မှုများ လုပ်ဆောင်ကြသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က ပြည်သူ့အာဏာကို အတင်းအဓ္ဓမသိမ်းယူခဲ့သည့် အချိန်မှစ၍ မြန်မာနိုင်ငံ၏ စစ်မက် ပဋိပက္ခများ နေ့စဉ်ရက်ဆက်မြင့်မားလာခဲ့ပြီး ပြည်သူများ အသက်လုံခြုံရေးအတွက် စစ်မက်ကင်းမဲ့ရာနေရာများကို ရှာဖွေ ခိုလှုံလာကြသည်။ ထိုအထဲတွင် ဇိုခေါ်ထာရ်ကျေးရွာသည်လည်း ခိုလှုံရန်အတွက် အများစု ရွေးချယ်သည့် နေရာ တစ်နေရာဖြစ်လာခဲ့သည်။ ဇိုခေါ်ထာရ်ကျေးရွာတွင် အဓိကအားဖြင့် ဖလမ်းမြို့နယ် နှင့် ကလေးမြို့နယ်ရှိ ပြည်သူများ ခိုလှုံကြပြီး၊ တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ် နှင့် အခြားသောဒေသမှ ခိုလှုံသူများလည်း ရှိသည်။
တည်နေရာ နှင့် လူဦးရေ
ဇိုခေါ်ထာရ်ကျေးရွာတွင်ခိုလှုံသူများသည် စစ်ဘေးရှောင်စခန်း (၇) ခု တွင် စုဝေးနေထိုင်ကြပြီး ကျေးရွာအတွင်းတွင် နေအိမ် ငှားရမ်းခြင်း နှင့် ဆွေမျိုးများအိမ်တွင် ပူးပေါင်းနေထိုင်ခြင်းဖြင့် ပြန့်နှံ့နေထိုင်သူများလည်း ရှိသည်။ စစ်ရှောင်စခန်း ၇ ခု တွင် အိမ်ခြေစုစုပေါင်း ၇၂၉ အိမ်ခြေ၊ လူဦးရေ ၃၁၅၃ ဦး (Theiba camp – မိသားစု – ၉၆ ဦး, လူဦးရေ – ၃၇၀, James camp – မိသားစု – ၆၅, လူဦးရေ – ၈၁၆ ဦး, lipui camp – အိမ်ခြေ – ၁၈၂, လူဦးရေ – ၈၁၆, bethel camp 1 – မိသားစု – ၁၀၂, လူဦးရေ – ၄၃၀ ဦး , bethel camp 2 – မိသားစု – ၂၁, လူဦးရေ – ၁၀၆ ဦး, Balukai camp – မိသားစု – ၈၀, လူဦးရေ – ၃၄၉ ဦး) ခိုလှုံနေထိုင်နေကြပြီး ကျေးရွာအတွင်းတွင်လည်း အိမ်ငှား၍ သော်လည်းကောင်း၊ ဆွေမျိုးနီးစပ်ရာ အိမ်တွင်ခိုလှုံ၍ သော်လည်းကောင်း နေထိုင်ကြသူများလည်း ရှိပြီး လူဦးရေအားဖြင့် ထောင်ဂဏန်းကျော်ခန့် ရှိသည်။ ထို့ကြောင့် လတ်တလောအချိန်တွင် ဇိုခေါ်ထာရ်ကျေးရွာသည် စစ်ဘေးရှောင် မြန်မာပြည်သူ ၅၀၀၀ ဝန်းကျင်ခန့် လက်ခံထားရသည်ဟု ခန့်မှန်းနိုင်သည်။

ဇိုခေါ်ထာရ်ကျေးရွာတွင် မှတ်တမ်းမှတ်ရာအနေဖြင့် နောက်ဆုံး ပြုလုပ်ခဲ့သည့် ၂၀၁၁ ခုနှစ် သန်းခေါင်စာရင်းအရ အိမ်ခြေ ၅၀၁ အိမ်ခြေ နှင့် လူဦးရေ စုစုပေါင်း ၂,၆၃၂ ဦးသာ ရှိခဲ့သည်။ နောက်ပိုင်းတွင် လူဦးရေ မှတ်တမ်းကောက်ယူမှုများ မရှိတော့သဖြင့် ကျေးရွာ၏ လူဦးရေအဓိအကျကို ဖော်ပြရန် ခက်ခဲသည်။ လက်ရှိ ကျေးရွာကောင်စီဝင် (Village Council) တစ်ဦးက “အတည်ပြုထားတဲ့ မှတ်တမ်းမှတ်ရာမရှိပေမယ့် လတ်တလော ဇိုခေါ်ထာရ်ကျေးရွာမှာ အိမ်ရှင်မိသားစုပေါင်း ၁,၈၀၀ ခန့် ရှီနိုင်တယ်။ အတိအကျတော့ မသိဘူး။ ရိက္ခာထုတ်ကတ် (ration card) ရှိတာတော့ ၁,၂၀၀ ဝန်းကျင်ပဲ ရှိအုံးမယ်။ ဒါပေမယ့် ကျေးရွာလူဦးရေ၏ ၃ ပုံ ၂ ပုံခန့် ကတော့ စစ်ဘေးရှောင်တွေပဲ ဖြစ်မယ်” ဟု ပြောသည်။
စစ်ဘေးရှောင် ပညာရေး ကဏ္ဍ
စစ်ဘေးရှောင်စခန်း ၇ ခု အနက် Bethel စစ်ဘေးရှောင်စခန်းတွင် Phoenix school အမည်ဖြင့် ကျောင်းတစ်ကျောင်း ဖွင့်လှစ်ထားသည်။ ထိုနေရာသည် ကျေးရွာနဲ့အလှမ်းဝေးခြင်းကြောင့် ကလေးများအတွက် အဆင်ပြေစေရန် ဒေသအာဏာပိုင်ဖြစ်သည့် Young Mizo Association (YMA) က ခွင့်ပြုထားသည့် အခြေအနေဖြစ်သည်။ သင်ရိုးညွှန်းတမ်းကိုမူ ဒေသမှခွင့်ပြုထားသည့် အိန္ဒိယအစိုးရ၏
သင်ရိုးညွှန်းတမ်းကိုသာ အသုံးပြုသင်ကြားကြသည်။ ကျန်ရှိသော စစ်ဘေးရှောင်စခန်း ၆ ခုတွင်မူ သီးသန့်ကျောင်းဖွင့်လှစ်ထားရှိခြင်းမျိုး မတွေ့ရှိရပါ။ ဇိုခေါ်ထာရ်ကျေးရွာ အတွင်းရှိ အစိုးရကျောင်းများ နှင့် ကိုယ်ပိုင် ကျောင်းများ တွင်သာ ပြန့်နှံ့တက်ရောက်ကြရသည်။ သို့သော် စစ်ဘေးရှောင်ကလေးများသည် ဤကျောင်းများတွင် Grade-10 (ဒေသအခေါ် Class-10) အထိလွတ်လပ်စွာတက်ရောက်ခွင့် ရရှိကြပြီး Grade 11 နှင့် Grade 12 တက်ရောက်နိုင်ရန်အတွက်မူ အိန္ဒိယနိုင်ငံသားအသိမှတ်ပြုကတ်ပြား တမျိုးမျိုး (ဥပမား – Aadhaar, PAN, နှင့် Ration Cards) လိုအပ်သည်။ စစ်ဘေးရှောင်မိသားစုများတွင် ၎င်းကဲ့သို့သောကတ်ပြားများမရှိကြခြင်းကြောင့် ၁၁ တန်း နှင့် ၁၂ တန်းအဆင့်ကို ဆက်လက်သင်ကြားခွင့် မရရှိကြပါ။ မြန်မာနိုင်ငံဖက်ခြမ်း Tiau Khawmawi တွင် အခြေခံပညာအထက်တန်းအဆင့် ကျောင်းများ ဖွင့်လှစ်လျှင် သွားရောက်တက်ရောက်ရကြသည်။ လတ်တလောတွင် Class 10 တက်ရောက်နေသည့် စစ်ဘေးရှောင်ကလေးတစ်ဦး၏ မိခင်က “အခုချိန်အထိတော့ ကလေးရဲ့ပညာရေးကတော့ အဆင်ပြေတယ်ပြောရမယ်။ ကိုယ့်နိုင်ငံရဲ့ သင်ရိုးတွေ သင်ကြားနိုင်ခြင်းမရှိ တာကလွဲလို့ပေါ့။ တခုပဲစိုးရိမ်မိတာက အခုသူတက်နေတဲ့အတန်းပြီးရင် နောက်နှစ်ကို ဘယ်ကျောင်းဆက်ထားရမလဲ မသိသေးဘူး။ အခုထိလည်း မဆုံးဖြတ်ရသေးဘူး။ “ ဟု သူ့သား၏ ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် ကြိုတင်မပြင်ဆင်ထားနိုင်သေးကြောင်းကိုလည်း ပြောပြသည်။ အနာဂတ်တွင် ဤစစ်ဘေးရှောင်ကလေးများ၏ အထက်တန်းအဆင့် နှင့် အဆင့်မြင့်အဆင့် ပညာဆက်လက်သင်ကြားခွင့်အခြေအနေသည် စိုးရိမ်ဖွယ်ရာ အခြေအနေအဖြစ် ရှုမြင်မိသည်။

ကျန်းမာရေး ကဏ္ဍ
စစ်ဘေးရှောင်များသည် မီဇိုရမ်းပြည်နယ်၏ မည်သည့် ပြည်သူ့ဆေးရုံတွင်မဆို လတ်လတ်စွာဆေးဝါးကုသခွင့် ရရှိကြသည်။ စစ်ဘေးရှောင်စခန်းတွင် နေထိုင်နေသူများသည် ကျန်းမာရေးဆိုင်ရာအသေးစား (အရေးပေါ်) အခြေအနေများအတွက် ဇိုခေါ်ထာ(ရ်)ကျေးရွာ ရှိ နိုင်ငံတကာအစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် နယ်စည်းမခြားဆရာဝန်များအသင်း (Doctors Without Borders – Médecins Sans Frontières (MSF) နှင့် Mercy ဆေးခန်းကို အဓိကထားအားကိုးကြရကြောင်း သိရသည်။ သာမာန် မကျန်းမာမှု အခြေအနေများတွင် Institute of Chin Affairs (ICA) အဖွဲ့မှဖွင့်လှစ်သော Lailun Clinic တွင် သော်လည်းကောင်း၊ အရေးပေါ် နှင့် ခွဲစိတ်ကုသရမည့်အခြေအနေမျိုးတွင်မူ မြန်မာဖက်ခြမ်း Tiau Khawmawi ရှိ ဆေးရုံဆေးခန်း များ သို့လည်းကောင်း သွားရောက်ပြသကုသကြရကြောင်း သိရသည်။ “ကျန်မတော့ လွန်ခဲ့တဲ့ ၂လလောက်က မီးဖွားရတော့ဟိုဖက် (Tiau) မှာပဲ ဆေးခန်းပြတယ်။ ခွဲမွေးရလို့လေ။ ဒီ camp ကလူတွေကတော့ ရွာထဲက အခမဲ့ဆေးခန်း (MSF) နှင့် Mercy ဆေးခန်းမှာ တော်တော်များများသွားကြတယ်။ ဟိုဖက် ကမ်းသွားဖို့ကြတော့ တခါတလေ တံတား (နယ်စပ်ကုန်သွယ်ရေးတံတား) မှာ အစစ်အဆေးများတော့ အရေးကြီးတို့ အရေးပေါ်အခြေအနေတို့ နှင့် ရက်ချိန်းတို့လောက်ပဲ သွားပြကြတာများတယ်။” ဟု စစ်ဘေးရှောင်စခန်းတခုတွင် နေထိုင်နေသော ကလေးမိခင် တဦးက ပြောပြသည်။
စီးပွားရေး ကဏ္ဍ
စစ်ဘေးရှောင်မိသားစုများ၏ အဓိကလုပ်ကိုင်သော စီးပွားရေးလုပ်ငန်းဟု ခေါင်းစဉ်တပ်နိုင်သည့် လုပ်ငန်းမရှိဟု ဆိုနိုင်သည်။ မိသားစုတိုင်း ကြုံကြိုက်ရာ ဝင်ငွေရလုပ်ငန်းကို ဝင်ရောက်လုပ်ကိုင်ကြသည့်သဘော ဖြစ်သည်။ ကုန်စိမ်း(ဟင်းသီးဟင်းရွက်) နှင့် မုန့် အမျိုးမျိုး ကို အိမ်တိုင်ရာရောက် လိုက်လံရောင်းချသူများ၊ ရွာထဲတွင် ဆိုင်ခန်းငှား၍သော်လည်း မြေငှားပြီးဆိုင်ခန်းဆောက်၍သော်လည်းကောင်း ဈေးရောင်းသူများ နှင့် တဖက်ကမ်းတီအိုချောင်းဈေးတွင် သွားထိုင်ပြီးရောင်း၍ဈေးရောင်းသူများ၊ နယ်စပ်ကုန်သွယ်ရေးတံတားအနီးတွင် အစားအသောက် (အုန်းနို့ခေါက်ဆွဲ၊ အကြော်၊ မုန့်လက်ဆောင်း) ရောင်းသူများ စသဖြင့် မိမိတတ်စွမ်းလုပ်နိုင်သော ဝင်ငွေရလုပ်ငန်းကို လုပ်ကိုင်ခြင်းဖြင့် မိသားစုဝင်ငွေရှာကြရသည်။ ရံဖန်ရံခါ အလှူရှင်များ၏ လှူဒါန်းမှုများကိုလည်း အားကိုးရကြောင်း နှင့် မိသားစုများအတွက် များစွာ အထောက်အပံ့ဖြစ်ကြောင်း သိရသည်။ အသက် ၅၀ ခန့်အရွယ်လူကြီးတစ်ဦးက “ကျနော်က မုန့်တွေကြော်တတ်တော့ စမူဆာ၊ အီကြာကွေး နှင့် ပဲလိပ်တွေ ကြော်တယ်။ အိမ်တိုင်ရာရောက် လိုက်ရောင်းတယ်။ ပင်ပန်းတာတော့ တော်တော်လေးပင်ပန်းတယ်။ ဒါပေမယ့် မိသားစု ဝင်ငွေရလုပ်ငန်းမရှိတော့ ဒါပဲလုပ်ရတာပေါ့။ လုပ်နိုင်ရင်တော့ မဆိုးပါဘူး။ နည်းနည်းပါးပါးတော့ အမြတ်လေးကျန်တယ်လေ။ အလှူရှင်အဖွဲ့အစည်းတွေရဲ ကူညီမှုတွေရတဲ့ချိန်တော့ တော်တော်လေး အသက်ရှူချောင်တယ်။” ဟု သူတို့မိသားစု၏ ဝင်ငွေရလုပ်ငန်း နှင့် အသက်မွေးဝမ်းကြောင်း အကြောင်းကို ပြောပြသည်။
ဆိုင်ခန်းဖွင့်လှစ်၍ဈေးရောင်းသူများသည် ယခင်က လွတ်လပ်စွာ ရောင်းဝယ်ခွင့်ရှိသော်လည်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် YMA ကဈေးရောင်းသူစစ်ဘေးရှောင်အားလုံးကို အစည်းအဝေးတရပ်ခေါ်ယူပြီး အခွန်ကောက်ယူမည့် သတ်မှတ်ချက်ကို စတင်အသိပေးခဲ့သည်။ ထိုသတ်မှတ်ချက်တွင် လုပ်ငန်းကြီးငယ်အလိုက် စီးပွားရေး လုပ်ငန်း ၃ မျိုး ခွဲခြားသတ်မှတ်ထားပြီး ကွမ်းယာဆိုင် နှင့် ဆံသဆိုင် ကဲ့သို့သော ဆိုင်သေးများအတွက် ၁ လလျှင် ၂၀၀ ရူပီး ၊ ဆိုင်ကယ်ပြင်ဆိုင်များကဲ့သို့ အလတ်စားလုပ်ငန်းများအတွက် ၁လလျှင် ၅၀၀ ရူပီး၊ နှင့် အထည်ဆိုင် နှင့် အလှပြင်ဆိုင် ကဲ့သို့သော ဆိုင်ကြီးများအတွက် ၁လလျှင် ၁၀၀၀ ရူးပီး ကို အခွန်ငွေအဖြစ် စတင်ကောက်ယူခဲ့သည်။
ဘာသာရေး ကဏ္ဍ
ဇိုခေါ်ထာရ်ကျေးရွာအတွင်း ယခင်ကရှိနှင့်ပြီးသား အသင်းတော်များတွင်အသင်းဝင်ပြီး ဝတ်ပြုခြင်းကိုသာ ကျေးရွာ၏ အရေးအရာများတွင် ဩဇာရှိပြီး အရေးပါသောအဖွဲ့အစည်းတခုဖြစ်သည့် YMA က ခွင့်ပြုထားသည်။ အသင်းတော်အသစ်ပုံစံဖြင့် သီးသန့်စုဝေးဝတ်ပြုသည့် ပုံစံကို တားမြစ်သည်။ ယခင်စစ်ဘေးရှောင်များစတင်ဝင်ရောက်လာသည့် အစောပိုင်းအချိန်များတွင် သီးသန့်အခန်းများငှားပြီး စစ်ဘေးရှောင်သီးသန့်ဝတ်ပြုကိုးကွယ်မှုများ ရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ် အောက်တိုဘာလမှစ၍ ၎င်းသီးသန့်ဝတ်ပြုခြင်းများကို ရုပ်သိမ်းရန် နှင့် ရှိပြီးသားအသင်းတော်များတွင် ပေါင်းစည်းဝတ်ပြုကြရန် YMA မှ အမိန့်ကြော်ငြာစာကို အသံချဲ့စက်(Loudspeaker) ဖြင့်လိုက်လံကြေငြာခဲ့သည်။ သို့သော် Bethel Refugee Camp သည် ဇိုခေါ်ထာရ်ကျေးရွာနဲ့ အလှမ်းဝေးခြင်းကြောင့် ဘုရားကျောင်းဆောက်လုပ်ခွင့် နှင့် သီးသန့်ဝတ်ပြုခွင့် ရထားသည်။ သို့သော် သီးသန့်အသင်းတော်အနေဖြင့် ဝတ်ပြုသည့်ပုံစံ မဟုတ်ဘဲ မိသဟာရဝတ်ပြုခြင်းပုံစံဖြင့်သာ ကိုးကွယ်ဝတ်ပြုကြရသည်။ ရှိရင်းစွဲအသင်းတော်များတွင် အသင်းဝင်ပူးပေါင်းခြင်း မပြုဘဲ သီးသန့်ထပ်မံဝတ်ပြုသူများရှိပါက ကျေးရွာထဲတွင် သာရေး နာရေး ဆိုင်ရာကိစ္စရပ်များ ပြုလုပ်ခွင့်ရှိမည်မဟုတ်ကြောင်းလည်း ကြေငြာချက်နောက်ဆက်တွဲအနေဖြင့် ပါရှိသည်။ ထို့အပြင် ကျေးရွာတွင်းရှိ အသင်းတော်များနှင့် လူထုနေရာများတွင် ဒေသခံမီဇိုဘာသာစကားမှလွဲ၍ အခြားသောမည်သည့်ဘာသာစကားမျှ အသုံးမပြုရန် ကန့်သတ်သည့် ဒေသအမိန့်စာကိုလည်း ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်းတွင် YMA – Zokhawthar က ထုတ်ပြန်ပြီး ဘုရားကျောင်းများတွင် ဖြန့်ဝေခြင်း နှင့် အသံချဲ့စက်(Loudspeaker) ဖြင့် ကြေငြာခြင်းများကို ပြုလုပ်ကာ ဘာသာစကားလွတ်လပ်စွာ အသုံးပြုခြင်းကို ကန့်သတ်ထားမှု များလည်း ရှိသည်။

ခရီးသွားလာခြင်း ကဏ္ဍ
စစ်ဘေးရှောင်များ မီဇိုရမ်ပြည်နယ်ထဲသို့ ခရီးသွားလာခြင်းကို ကန့်သတ်ထားသည့်အခြေအနေ တစုံတရာမတွေ့ရှိရသေးပဲ လွတ်လပ်စွာခရီးသွားနိုင်သည့် အခြေအနေ ရှိနေဆဲဖြစ်သည်။ သို့သော် မိမိနိုင်ငံ မြန်မာပြည်ဖက်သို့ပြန်လည်ဝင်ရောက်ရန်အတွက်မူ နယ်စပ်ဖြတ်ကျော်ခွင့်ကဒ်ပြား (Border Pass) ကဒ်ကို assam rifles အဖွဲ့ထံတွင် ပြုလုပ်ရပြီး ထိုကဒ်ပြားဖြင့်သာ နယ်စပ်ကုန်သွယ်ရေးတံတားမှ တရားဝင်ဖြတ်သန်းသွားလာခွင့်ရှိသည်။ ထိုကဒ်ပြာ၏သက်တမ်းသည် တစ်ပါတ် (၇ ရက်) သာရှိပြီး ၎င်းသက်တမ်းမကုန်မီ သက်တမ်းတိုး ခြင်းကို ပုံမှန်ပြုလုပ်ရသည်။ ထိုကဒ်ပြားပြုလုပ်နိုင်ရန်အတွက် မိမိ၏ နိုင်ငံသားစိစစ်ရေးကဒ်ပြား မူရင်းကို assam rifles ထံတွင် အပ်နှံထားရပြီး အပြီးအပိုင်မိမိနေရပ်သို့ပြန်လိုသူများအနေဖြင့် နယ်စပ်ဖြတ်ကျော်ခွင့်ကဒ်ကိုပြန်အပ်ပြီး မိမိ၏မှတ်ပုံတင်ကို ပြန်လည်ထုတ်ယူနိုင်သည်ဟု ဆိုသည်။

မူးယစ်ဆေးဝါးထိန်းချုပ်ခြင်း ကဏ္ဍ
ဇိုခေါ်ထာရ်ကျေးရွာသည် မြန်မာနိုင်ငံဖက်မှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲသို့ မူးယစ်ဆေးဝါး အဓိကဝင်ရောက်သည့် နေရာ ဟု ဆိုနိုင်သည်။ ယခင်က မူးယစ်ဆေးဝါးဖမ်းဆီးခြင်း နှင့် အရေးယူခြင်း များကို မီဇိုရမ်ရဲတပ်ဖွဲ့ နှင့် Assam Rifles တပ်က သာ တာဝန်ယူထားသည်။ ဤ အခြေအနေမှ မူးယစ်ဆေးဝါးသယ်ယူရောင်းဝယ်ကုန်သွယ်မှုကို ပိုမိုတင်းကြပ်စွာကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် YMA မှ အဓိက တာဝန်ယူဖမ်းဆီးမှုများ နှင့် အရေးယူမှုများကို လုပ်ဆောင်သွားတော့မည်ဖြစ်ကြောင်း ဇူလိုင်လ ၂၀၂၅ ခုနှစ်တွင် စတင်ကြေငြာသည်။ ဖမ်းဆီးရမိမှုများ ရှိပါက စစ်ဘေးရှောင် ဖြစ်လျှင် အဖမ်းဆီးခံလူပုဂ္ဂိုလ် နှင့် ၎င်း၏မိသားစုဝင်များ အားလုံးကို ကျေးရွာအတွင်းတွင် နေထိုင်ခိုလှုံခွင့်ပြုတော့မည်မဟုတ်ဘဲ မောင်းထုတ်မည်ဖြစ်ကြောင်း၊ ဒေသခံဖြစ်ပါက ကျေးရွာ၏အရေးအရာများ တွင်ပါဝင်ခွင့်ပြုတော့မည် မဟုတ်ကြောင်း နှင့် YMA ၏ ထောက်ခံချက်များလိုအပ်သည့်အချိန်များတွင် ထုတ်ပေးတော့မည်မဟုတ် ကြောင်း ကို နောက်ဆက်တွဲအရေးယူမှုအဖြစ် ထည့်သွင်းကြေငြာသည်။ ဤကြေငြာချက်ထွက်ရှိပြီး YMA မှာ လက်ရဖမ်းဆီး သည့် မူးယစ်ဆေးဝါးသယ်ဆောင်သူ စစ်ဘေးရှောင် ၃ ဦးခန့် ရှိပြီး ထိုသို့ဖမ်းဆီးခံရသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို Zokhawthar ကျေးရွာတွင် နေထိုင်ခွင့်မပြုတော့ကြောင်း Loudspeaker ဖြင့် ကြေငြာမှုများ ပြုလုပ်ခဲ့သည်။ သို့ရာတွင် အိမ်တိုင်ရာရောက် စိစစ်မောင်းထုတ်သည့် အပြုအမူမျိုးကိုမူ မတွေ့ရှိရပေ။
စစ်ဘေးရှောင်များ ဇီဝဆိုင်ရာ တိုင်းတာစစ်ဆေးမှု (biometric)
ဇိုခေါ်ထာရ်ကျေးရွာတွင် စစ်ဘေးရှောင် ဇီဝဆိုင်ရာ တိုင်းတာစစ်ဆေးမှု (Fingerprints (လက်ဗွေ)Facial Recognition (မျက်နှာသွင်ပြင်ကို မှတ်မိခြင်း) Iris/Retina Scanning (မျက်လုံးသူငယ်အိမ်ကို စစ်ဆေးခြင်း)) လုပ်ငန်းကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ တွင် စတင်လုပ်ဆောင်ကြသည်။ စစ်ဘေးရှောင်စခန်းတွင်နေထိုင်သော လူဦးရေ ၁၀၀ ရာခိုင်နှုန်း ခန့်ကို လွှမ်းခြုံလုပ်ဆောင်ကြသည်။ ကျေးရွာထဲတွင် နေထိုင်သောစစ်ဘေးရှောင် အနည်းငယ်လည်း ပါဝင်သည်။ ထိုသို့ပြုလုပ်မှတ်တမ်းတင်ခံရသော စစ်ဘေးရှောင်များကို PIN code နံပါတ်တစ်ခုပါဝင်သော refugee card သဘောသက်ရောက်သည့် မှတ်တမ်းကဒ် တစ်ခုကို Ministry of Home Affairs (Foreigners Division) မှ ထုတ်ပေးသည်။ ထိုကဒ်မှအပ စစ်ဘေးရှောင်များကို မီဇိုရမ်အစိုးရအနေဖြင့်သော်လည်းကောင်း၊ Champhai district အနေဖြင့်သော်လည်းကောင်း အသိအမှတ်ပြု တရားဝင်ကဒ်ပြား ထုတ်ပေးမှုတစုံတရာ မရှိသေးပေ။ သို့သော် ထိုကဒ်၏ အကျိုးသက်ရောက်မှုကိုမူ ဖော်ပြထားခြင်း မရှိပေ။ ပြင်ပတွင် ပြောဆိုမှုများ (rumors) အရ ဤကဒ်ထုတ်ပေးခြင်းသည့် မီဇိုရမ်ပြည်နယ်သား ဖြစ်ခွင့် လျှောက်ထားနိုင်မှုကို ကန့်သတ်နိုင်ရန် ရည်ရွယ်ဟန် ရှိသည်။ ဤလုပ်ငန်းသည် မိမိနိုင်ငံအခြေအနေပြန်လည်ငြိမ်သက်ရန် အချိန်ယူရဦးမည့် အခြေအနေတွင် နယ်မြေခံအစိုးရမှ စစ်ဘေးရှောင်များကို ပြန်လည်မောင်းထုတ်မှုများ အပြင်၊ ပညာရေး နှင့် ကျန်းမာရေးကဏ္ဍကဲ့သို့သော အခြေခံလိုအပ်ချက်များ ကန့်သတ်မှုများဖြစ်လာမည်ကို စိုးရိမ်မကင်းဖြစ်နေသည့် စစ်ဘေးရှောင်သူများစွာလည်း ရှိသည်။
နိဂုံး
ဇိုခေါ်ထာရ်ကျေးရွာသည် ၎င်းတို့၏မူလ လူဦးရေထက်ပိုများသည့် စစ်ဘေးရှောင်လူဦးကို လက်ခံထားရစစ်ရှောင်လူထုအပေါ် အနှောက်ယှက်ကြီးကြီးမားမားသက်ရောက်သည့် ကန့်သတ်မှုမျိုးကို ပြုလုပ်ထားမှုနည်းပါးသည်ဟု ဆိုနိုင်သည်။ သို့သော် ရေရှည် စစ်ဘေးရှောင်ကြရမည့် လူထုအတွက် အနာဂတ်တွင် စားဝတ်နေရေး ကဏ္ဍသည့် အလွန်ကြီးမားသည့် စိန်ခေါ်မှုဖြစ်လာမည့် အခြေအနေ ဖြစ်သည်။ ထို့အပြင် ကလေးများ၏ အနာဂတ်ပညာရေးလမ်းကြောင်းတွင် အထက်တန်းအဆင့် ပညာရေး နှင့် အဆင့်မြင့်အဆင့် ပညာရေး အခွင့်အလမ်းသည် ကြီးမားသောစိန်ခေါ်မှုအဖြစ် တည်ရှိနေသည်။ လူငယ်များအတွက် ပြည်တွင်းအလုပ်အကိုင်လက်လှမ်းမီမှုမရှိခြင်း နှင့် မိမိခိုလှုံနေသည့် နိုင်ငံတွင်လည်း တရားဝင်အလုပ်အကိုင်ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း မရှိသည့် စိန်ခေါ်မှုများသည်လည်း အနာဂတ်တွင် စိန်ခေါ်မှုတရပ်အဖြစ်တည်ရှိနေပြီး ဆယ်ကျော်သက်ကလေးများ ပြည်ပထွက်ခွာမှုကို ပိုမိုမြင့်မားလာစေနိုင်ပါသည်။
ဖေဖော်ဝါရီ ၂၀၂၆
ပင်မရုပ်ပုံ။ ဇိုခေါ်ထာရ်(Zokharthar) ရွာ - Feb’26 (ဓာတ်ပုံ ဆလိုင်းလင်း)