March 29, 2026, 0 Comments
မြန်မာ့ပဋိပက္ခ၊ မူးယစ်ဆေးကွန်ယက်နှင့် ချင်းလက်နက်ကိုင်အဖွဲ့များအပေါ် စွတ်စွဲချက်များအား လေ့လာသုံးသပ်ခြင်း
ပုံစာ – UNODC ဝန်ထမ်းများ မြန်မာနိုင်ငံ ကျေးလက်ဒေသတစ်နေရာတွင် ဘိန်းပင်စိုက်ပျိုးမှုဆိုင်ရာ အချက်အလက်များ စုဆောင်းနေစဉ် (Photo: UNODC)
Salai Van Sui San
နိဒါန်း
မြန်မာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေသော နိုင်ငံရေးနှင့် စစ်ရေး မတည်ငြိမ်မှုများသည် ဒေသတွင်းလုံခြုံရေးအခြေအနေကို ထိခိုက်စေသည့်အပြင် အိန္ဒိယနိုင်ငံ အထူးသဖြင့် အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသများအပေါ် တိုက်ရိုက် သက်ရောက်မှုများ ဖြစ်ပေါ်လာနေသည်။ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် ကုန်ကူးမှု တိုးမြင့်လာခြင်းသည် ထိုအကျိုးသက်ရောက်မှုများ၏ အဓိကအချက်တစ်ရပ်အဖြစ် ရှိနေသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံရှိ သတင်းဌာနများမှလည်း ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကို မူးယစ်ဆေးဝါး ကုန်ကူးရာ၌ အဓိကတာဝန်ရှိသောသူများဖြစ်ကြောင်း စွပ်စွဲရေးသားဖော်ပြထားသည်များကို တွေ့ရသည်။
ချင်းအမျိုးသားတပ်ဦး၊ ချင်းအမျိုးသားတပ်မတော် (CNF/CNA) အား စွပ်စွဲမှု

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့တွင် အိန္ဒိယနိုင်ငံအခြေစိုက် Nagaland Tribune သတင်းဌာနမှ ချင်းအမျိုးသားတပ်ဦး၊ ချင်းအမျိုးသားတပ်မတော် (CNF/CNA) ကို အိန္ဒိယနိုင်ငံသို့ မူယစ်ဆေးဝါး ကုန်ကူးရာတွင် အဓိက အကာအကွယ်ပေးသောသူနှင့် အဓိကတာဝန်ရှိသောသူဖြစ်ကြောင်း၊ United Wa State Army၊ Shan State Army နှင့် People’s Militia Forces တို့နှင့် အဆက်အသွယ်ပြုလုပ်ကာ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် မူးယစ်ဆေးဝါးထုတ်လုပ်သည့် ဆက်ရုံများ တည်ဆောက်ထားပြီး ကုန်ကူးမှုပြုလုပ်နေသည် ဟူ၍ ဖော်ပြထားသည်။ တိုက်ဆိုင်စွာဖြင့် ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၇ရက်နေ့တွင် Restoration Council of Shan State/Shan State Army (RCSS/SSA) မှ ပြုလုပ်ကျင်းပသော (၇၉)ကြိမ်မြောက် “သျှမ်းအမျိုးသားနေ့” အခမ်းအနားတွင်လည်း ချင်းအမျိုးသားတပ်ဦး၊ ချင်းအမျိုးသားတပ်မတော် (CNF/CNA) အနေဖြင့် ကိုယ်စားလှယ်စေလွှတ်ကာ ရင်းနှီးသော ဆက်ဆံမှုရှိကြောင်း သက်သေတရပ်အနေဖြင့် ကျန်ရစ်လျက်ရှိသည်။
ချင်းအမျိုးသားတပ်ဦး၊ ချင်းအမျိုးသားတပ်မတော် (CNF/CNA) ၏ ငြင်းဆိုချက်
အဆိုပါ စွပ်စွဲချက်နှင့် ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး၊ ချင်းအမျိုးသားတပ်မတော် (CNF/CNA) မှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့တွင် အောက်ပါအတိုင်း မဟုတ်မှန် စွပ်စွဲချက်ဖြစ်ကြောင်း CNF/CNA Press Release ထုတ်ခဲ့သည်။
ချင်းအမျိုးသားတပ်ဦး၊ ချင်းအမျိုးသားတပ်မတော် (CNF/CNA) ၏ ထုတ်ပြန်ချက်မှာ –
- IANS Live မှ ထုတ်ဝေသော ဆောင်းပါးတစ်ပုဒ်တွင် CNA ကို မူးယစ်ဆေးကွန်ယက်များနှင့် ဆက်စပ်နေသည်ဟု အထောက်အထားမရှိဘဲ စွပ်စွဲထားခြင်းအပေါ် စိတ်ပျက်ကြောင်း ဖော်ပြထားသည်။
- ထိုသတင်းသည် အိန္ဒိယအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေနိုင်သဖြင့် ဆောင်းပါးကို ပြန်လည်စိစစ်ရန် တောင်းဆိုထားသည်။
- CNF/CNA သည် မူးယစ်ဆေးဝါးစိုက်ပျိုးမှု၊ ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုများကို တိုက်ဖျက်ရန် ERO များနှင့် ပူးပေါင်း၍ တက်ကြွစွာ ဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။
- မူးယစ်ဆေးဝါးနှင့် ပတ်သက်သော လုပ်ငန်းများအားလုံးကို ဆက်လက် တိုက်ဖျက်သွားမည်ဟု ဖော်ပြ ထားသည်။
မူးယစ်ဆေးဝါးအပေါ် ချင်းအမျိုးသားတပ်ဦး၊ ချင်းအမျိုးသားတပ်မတော် (CNF/CNA) ဦးဆောင်သော ချင်းပြည်ကောင်စီ (Chinland Council) ၏ လုပ်ဆောင်ချက်
ချင်းအမျိုးသားတပ်ဦး၊ ချင်းအမျိုးသားတပ်မတော် (CNF/CNA) ဦးဆောင်သော ချင်းပြည်ကောင်စီ (Chinland Council) မှ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ “ချင်းပြည် မူးယစ်းဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ တားဆီးကာကွယ်ရေး ဥပဒေကို ပြဌာန်းလိုက်ပြီး မူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နှင်းရေးအဖွဲ့များ ဖွဲ့စည်းပြီး ၎င်းတို့၏ ဘေးအန္တရာယ်ကို အမျိုးသားရေး တာဝန်အဖြစ် တားဆီးကာကွယ်ဆောင်ရွက်သွားမည်ဟု” ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မူးယစ်းဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ တားဆီးကာကွယ်ရေး ဥပဒေကို ပြဌာန်းခဲ့ကြောင်း သိရသည်။
ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/ CNDF) ၏ ဒုတိယ ဥက္ကဋ္ဌ အပေါ် စွပ်စွဲချက်

၂၀၂၆ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံအခြေစိုက် The Quint သတင်းဌာနမှ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/ CNDF) ၏ ဒုတိယ ဥက္ကဋ္ဌ Peter Thang အား “မူးယစ်ဆေးသယ်ယူသူနှင့် လက်နက်ဝယ်ယူပေးသူ” ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်မီ Peter Thang သည် ရန်ကုန်တွင် ခရီးသွားလုပ်ငန်း လုပ်ကိုင်ခဲ့ပြီး CNDF ၏ မူးယစ်ဆေးဝါးလုပ်ငန်းကို ဦးဆောင်ကာ စစ်ရေးရန်ပုံငွေကို ရှာဖွေခြင်း၊ လက်နက်ဝယ်ယူပေးသူအဖြစ် ဆောင်ရွက်ခြင်းနှင့် VanDyke နှင့် ယူကရိန်းနိုင်ငံသားများ ပါဝင်ခဲ့သည့် drone ခိုးသွင်းမှုကို စီစဉ်သူ ဖြစ်သည် ဟူ၌ ပုဂ္ဂိုလ်ရေးကို ဦးတိုက်ခိုက်ကာ ရေးသားထားသည်ကို တွေ့ရသည်။
ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/ CNDF) ၏ ငြင်းဆိုချက်
အိန္ဒိယနိုင်ငံအခြေစိုက် The Quint သတင်းဌာနမှ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/ CNDF) ၏ ဒုတိယ ဥက္ကဋ္ဌ Peter Thang အား “မူးယစ်ဆေးသယ်ယူသူနှင့် လက်နက်ဝယ်ယူပေးသူ” အဖြစ် စွပ်စွဲချက်အပေါ် ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/ CNDF) မှ “The Quint ဆောင်းပါးအပေါ် အခြေခံပြီး ထုတ်ပြန်ထားသော စွပ်စွဲချက်များကို အထောက်အထားမရှိသော မမှန်ကန်သည့် ပြောကြားချက်များဟု တရားဝင် ငြင်းဆိုထားသည်။ CNDF သည် မူးယစ်ဆေးဝါးကွန်ယက်များ၊ နယ်စပ်ဖြတ်ကျော် တရားမဝင်လုပ်ငန်းများနှင့် မည်သည့်ပုံစံဖြင့်မျှ မဆက်စပ်ကြောင်း ဖော်ပြထားသည်။ CNO ဒုတိယဥက္ကဌ (၁) ဆလိုင်း ပီတာ သန်း သည်လည်း မူးယစ်ဆေးဝါးနှင့် မည်သည့် တရားမဝင်လုပ်ငန်းများနှင့်မျှ မပတ်သက်ကြောင်း ရှင်းလင်းထားသည်။ NIA မှ ဖမ်းဆီးထားသော နိုင်ငံခြားသားများနှင့်လည်း ဆက်နွယ်မှု မရှိကြောင်း ရေးသားထားသည်။ The Quint ကို မမှန်သတင်းများ ဖယ်ရှားပြီး ပြင်ဆင်ချက် ထုတ်ပြန်ရန် တိုက်တွန်းထားပြီး မဖြေရှင်းပါက အရေးယူမှု ဆက်လက်လုပ်ဆောင်မည်ဟု သတိပေးထားသည်။ အမှန်တရားအခြေခံ သတင်းတင်ပြမှုများအတွက် ပူးပေါင်းရန် အဆင်သင့်ရှိကြောင်း ဖော်ပြထားသည်။” ဟု ၂၀၂၆ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် CNO/CNDF PRESS STATEMENT ဖြင့် ထုတ်ပြန်ခဲ့သည်။
မူးယစ်ဆေးဝါးအပေါ် ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/ CNDF) ၏ လုပ်ဆောင်ချက်
ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/ CNDF)မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ရက်နေ့တွင် အောက်ပါအတိုင်း ထုတ်ပြန်ချက် ပြုလုပ်သည်။
- ဖလမ်းမြို့နယ်တွင် ဘိန်းစိုက်ပျိုးမှုများ ဖြစ်ပေါ်နေခြင်းအပေါ် CNO/CNDF က ပြင်းထန်စွာ ရှုတ်ချထားသည်။
- အဆိုပါ စိုက်ပျိုးမှုများမှာ ဒေသမတည်ငြိမ်မှုကို အခွင့်ကောင်းယူကာ တချို့တပ်ဖွဲ့များ၏ နယ်မြေအကာအကွယ်အောက်တွင် ပြုလုပ်နေကြောင်း ဖော်ပြထားသည်။
- စားဝတ်နေရေး အခက်အခဲကြောင့် စိုက်ပျိုးကြရသော်လည်း ဘိန်းထက် အခြား အသက်မွေးဝမ်းကျောင်းများသို့ ပြောင်းလဲလုပ်ကိုင်ရန် တိုက်တွန်းထားသည်။
- ဖလမ်းမြို့နယ်အတွင်း ဘိန်းစိုက်ပျိုးမှုကို လုံးဝမခွင့်ပြုကြောင်း ကြေညာပြီး စိုက်ခင်းများကို ကိုယ်တိုင်ဖျက်ဆီးရန် အမိန့်ပေးထားသည်။
- တားမြစ်ချက်အပြီး ဆက်လက်စိုက်ပျိုးသူများကို ငွေဒဏ် သို့မဟုတ် ထောင်ဒဏ်ဖြင့် အရေးယူမည်ဖြစ်ပြီး မည်သည့် ကြားဝင်စွက်ဖက်မှုကိုမျှ လက်မခံကြောင်း သတိပေးထားသည်။
မူးယစ်ဆေးဝါးကွန်ယက်၊ နယ်စပ်လမ်းကြောင်းများနှင့် မြေပြင်အခြေအနေ

အိန္ဒိယ အာဏာပိုင်များ၏ အချက်အလက်များအရ synthetic drugs များ၏ အများစုသည် မြန်မာနိုင်ငံမှ ဝင်ရောက်လာခြင်းဖြစ်ပြီး ယင်းတို့ကို မီဇိုရမ်ပြည်နယ်မှတဆင့် အိန္ဒိယသို့ တရားမဝင် ပို့ဆောင်နေကြသည်။ အထူးသဖြင့် Champhai ခရိုင်နှင့် Zokhawthar ကျေးရွာတို့သည် မူးယစ်ဆေးဝင်ရောက်ရာ အဓိကလမ်းကြောင်းများအဖြစ် ဖော်ပြခံထားရသည်။
အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ်လမ်းကြောင်း အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ်လမ်းကြောင်းများကို လေ့လာသောအခါတွင် ချင်းပြည်တောင်ပိုင်းရှိ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ်လမ်းကြောင်းများကို United League of Arakan/ Arakan Army (ULA/AA) မှ ထိန်းချုပ်ထားသည်ကို တွေ့ရသည်။ ဆက်လက်ပြီး ချင်းပြည်တောင်ပိုင်းရှိ နယ်စပ်ကုန်သွယ်ရေးနှင့် မှောင်ခိုလမ်းကြောင်းများကိုလည်း Chinland Council အဖွဲ့ဝင်များမှ ထိန်းချုပ်ထားသည်ကို တွေ့ရသည်။ အထိုးသဖြင့် အိန္ဒိယသို့ မူးယစ်ဆေးဝင်ကုန်ကူးရာတွင် အဓီက လမ်းကြောင်းဖြစ်သော Champhai ခရိုင်နှင့် Zokhawthar ကျေးရွာ ရှိ နယ်စပ် လမ်းကြောင်းများကို ချင်းအမျိုးသားတပ်ဦး၊ ချင်းအမျိုးသားတပ်မတော် (CNF/CNA)နှင့် CDF-Hualngoram တို့မှ ထိန်းချုပ်ထားလျက်ရှိသည်။
ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/ CNDF) မှ နယ်မြေအဖြင့် သတ်မှတ်ချက်တွင် ချင်းပြည်နယ် ဖလမ်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ကလေးခရိုင်ရှိ ချင်းလူမျိုးများနေထိုင်ရာဒေသများပါဝင်သည်။ ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ နယ်စပ်လမ်းကြောင်းတစ်ခု ဖြစ်သော Leilet-Vaphai နယ်စပ်လမ်းကြောင်းမှာ ကနဦးတွင် ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/ CNDF) ၏ ဌာနချုပ်တည်ရှိရာ ဒေသဖြစ်သော်လည်း ၂၀၂၅ခုနှစ်၊ ဇူလိုင်လမှစ၍ ချင်းအမျိုးသားတပ်ဦး၊ ချင်းအမျိုးသားတပ်မတော် (CNF/CNA)နှင့် CDF-Hualngoram တို့မှ နယ်မြေထိန်းချုပ်ထားလျက်ရှိသည်။ နယ်စပ် အဓိကလမ်းကြောင်းဖြစ်သော Tiau Khawmawi-Zokhawthar လမ်းကြောင်းကိုလည်း ချင်းအမျိုးသားတပ်ဦး၊ ချင်းအမျိုးသားတပ်မတော် (CNF/CNA)၏ ဦးဆောင်မှုဖြင့် CDF-Hualngoramမှ ထိန်းချုပ်ထားလျက်ရှိသည်။ ကျန်ရှိသော နယ်စပ်လမ်းကြောင်းများကိုလည်း Zomi Re-unification Organisation/Zomi Revolutionary Army(Eastern Command) (ZRO/ZRA EC) နှင့် ချင်းပြည်ကောင်စီ (Chinland Council) အဖွဲ့ဝင်များမှ ထိန်းချုပ်ထားသည်ကို တွေ့ရသည်။ ထို့နောက် စစ်ကိုင်းတိုင်းရှိ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကိုလည်း စစ်ကော်မရှင်၊ NUG-PDF များမှ ထိန်းချုပ်ထားလျက်ရှိသည်။
နိဂုံး
ယနေ့အခြေအနေတွင် မြန်မာနိုင်ငံသည် မူးယစ်ဆေးထုတ်လုပ်မှုနှင့် ကုန်ကူးမှုအတွက် အရေးပါသောဗဟိုတစ်ခုအဖြစ် မြင့်တက်လာနေပြီး ယင်း၏ အကျိုးသက်ရောက်မှုများသည် ဒေသတွင်း လုံခြုံရေးနှင့် အိန္ဒိယနိုင်ငံ၏ အနာဂတ်အပေါ် တိုက်ရိုက် သက်ရောက်နေသည်။
မည်သို့ပင်ဆိုစေကာမူ နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခဖြစ်ပြီးနောက်ပိုင်း ချင်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှုနှင့် ပတ်သက်၍ ၂၆ရာခိုင်နှုန်းအထိ တိုးပွားလာသည်ကို ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလတွင် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) မှ ထုတ်ပြန်ထားသော “မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှုထုတ်လုပ်မှု လေ့လာဆန်းစစ်ချက် ၂၀၂၅” အစီရင်ခံချက်အရ တွေ့ရှိနိုင်သည်။
သို့ရာတွင် လက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်မှုများအပေါ် သတင်းများနှင့် တရားဝင်တုံ့ပြန်ချက်များအကြား ကွာခြားမှုများ ရှိနေဆဲဖြစ်သဖြင့် အမှန်တရားကို ရှာဖွေရန် လွတ်လပ်ပြီး တိကျသော စုံစမ်းစစ်ဆေးမှုများ လိုအပ်နေဆဲဖြစ်သည်။