September 16, 2026, 0 Comments

ချင်းပြည်နယ်အတွင်း ပဋိပက္ခနှင့် ဆက်နွှယ်သေဆုံးမှုများကို လေ့လာခြင်း

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၆ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်ထိ)

Salai Van Sui San

 

နိဒါန်း

Institute of Chin Affairs Inc. (ICA) ၏ စုစည်းမှတ်တမ်းများအရ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်အထိ ချင်းပြည်နယ်အတွင်း ပဋိပက္ခနှင့် ဆက်နွှယ်၍ သေဆုံးသူ စုစုပေါင်း ၁,၃၄၄ ဦးရှိပြီးဖြစ်သည်။ ယင်းတို့တွင် အရပ်သား ၆၄၄ ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၇၀၀ ဦး ပါဝင်သည်။

ဤလေ့လာချက်သည် ပဋိပက္ခနှင့် ဆက်နွှယ်သေဆုံးမှုများကို သေဆုံးရသည့်အကြောင်းရင်း၊ အသက်အရွယ်နှင့် လိင်အလိုက် ခွဲခြမ်းလေ့လာပြီး ချင်းပြည်နယ်အတွင်း ပဋိပက္ခ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သက်ရောက်မှုကို ဖော်ပြရန် ရည်ရွယ်သည်။ မှတ်တမ်းများသည် ရရှိနိုင်သော အချက်အလက်များအပေါ် အခြေခံထားခြင်းဖြစ်ပြီး အမှန်တကယ်သေဆုံးမှုအားလုံးကို အပြည့်အဝ ကိုယ်စားပြုနိုင်မည်မဟုတ်ကြောင်း တင်ပြအပ်ပါသည်။ 

တွေ့ရှိချက်များ

စုစုပေါင်း သေဆုံးသူ ၁,၃၄၄ ဦးအနက် ချင်းအရပ်သားပြည်သူမှ ၆၄၄ ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ ၇၀၀ ဦး ပါဝင်သည်။ ထို့ကြောင့် မှတ်တမ်းတင်ထားသည့် သေဆုံးမှုများ၏ ထက်ဝက်နီးပါးသည် အရပ်သားများဖြစ်ပြီး၊ အခြားတစ်ဖက်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ သေဆုံးမှုလည်း အလွန်မြင့်မားနေသည်။

အရပ်သားသေဆုံးမှု ၆၄၄ ဦးအနက် အများဆုံးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃၀၆ ဦး ဖြစ်ပြီး၊ ၎င်းသည် အရပ်သားသေဆုံးမှုစုစုပေါင်း၏ ၄၇ ရာခိုင်နှုန်း ရှိသည်။ ထို့နောက် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၅၈ ဦး၊ ဖမ်းဆီးခံရပြီး အဓမ္မပြုကျင့်မှုနှင့် သတ်ဖြတ်ခံရသူ ၄၀ ဦး၊ အရပ်သားပြည်သူများကို အကြောင်းမဲ့ သတ်ဖြတ်ကာ သေဆုံးသူ ၁၇၈ ဦး၊ ဆေးဝါးပြတ်လပ်မှုကြောင့် သေဆုံးသူ ၁၇ ဦး နှင့် အခြား‌သော အကြောင်းများကြောင့် သေဆုံးသူ ၄၅ ဦး တို့ ပါဝင်သည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ သေဆုံးမှု ၇၀၀ ဦးအနက် တိုက်ပွဲအတွင်း သေဆုံးသူ ၄၅၈ ဦးဖြင့် အများဆုံးဖြစ်သည်။ ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၇၆ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၂၉ ဦး၊ အလောင်းပြန်လည်ရယူနိုင်ခြင်းမရှိသည့် အခြေအနေတွင် သေဆုံးသူ ၁၄ ဦး၊ ဆေးဝါးမရရှိမှုကြောင့် ၁၂ ဦး နှင့် မီးရှို့သတ်ဖြတ်ခံရမှုကြောင့် ၁၁ ဦး ရှိသည်။

လေကြောင်းတိုက်ခိုက်မှု၏ သက်ရောက်မှု

အချက်အလက်များအရ လေကြောင်းတိုက်ခိုက်မှုသည် ချင်းပြည်နယ်အတွင်း သေဆုံးမှုများ၏ အဓိကအကြောင်းရင်းတစ်ခုဖြစ်ကြောင်း ထင်ရှားသည်။ အရပ်သားနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် နှစ်ဖက်စလုံးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှုများကို မှတ်တမ်းတင်ထားပြီး စုစုပေါင်း ၄၈၂ ဦး ရှိသည်။

စစ်ကောင်စီက မေလ ၁ ရက်နေ့တွင် ဖလမ်းမြို့နယ်၊ Khawpuichip ကျေးရွာတွင်ဗုံးနှစ်လုံး ကြဲချခဲ့ရာ ကလေးများအပါအဝင် အရပ်သား ၇ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့သည် (ဓာတ်ပုံ: Heartship Myanmar Japan)

ယင်းအနက် အရပ်သား ၃၀၆ ဦး နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၇၆ ဦး ပါဝင်သည်။ အထူးသဖြင့် အရပ်သားသေဆုံးမှုတွင် လေကြောင်းတိုက်ခိုက်မှုက အခြားအကြောင်းရင်းများထက် သိသိသာသာ မြင့်မားနေခြင်းသည် လူနေအိမ်များနှင့် အရပ်သားများ နေထိုင်ရာဒေသများအပေါ် ပဋိပက္ခ၏ သက်ရောက်မှုကို ထင်ဟပ်စေသည်။

ထို့အပြင် စစ်ကော်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၁၂၂၆ဦး၊ လူနေအိမ်အဆောက်အဦးပျက်စီးမှု ၂၃၂၁လုံး၊ အစိုးရ အဆောက်အဦး ၁၀၈ လုံးကျော်နှင့် ဘာသာရေးအဆောက်အဦး ၇၇ လုံးကျော် ပျက်စီးသည်။

အသက်အရွယ်အလိုက် သေဆုံးမှု

အသက်အရွယ်အလိုက် ခွဲခြမ်းကြည့်ပါက အသက် ၁၈ မှ ၃၅ နှစ်အတွင်း သေဆုံးသူ ၅၇၅ ဦးဖြင့် အများဆုံးဖြစ်ပြီး၊ စုစုပေါင်း၏ ၄၃ ရာခိုင်နှုန်း ရှိသည်။ ထို့အပြင် အသက်အရွယ်မသိရှိရသူ ၅၀၀ ဦး ရှိပြီး၊ အသက် ၃၆ နှစ်နှင့်အထက် ၁၆၈ ဦး၊ အသက် ၁၁ မှ ၁၇ နှစ် ၅၆ ဦး နှင့် အသက် ၁၀ နှစ်အောက် ၄၅ ဦး ပါဝင်သည်။

အသက် ၁၀ နှစ်အောက် ကလေး ၄၅ ဦး နှင့် အသက် ၁၁ မှ ၁၇ နှစ်အတွင်း လူငယ် ၅၆ ဦး သေဆုံးထားခြင်းကြောင့် စုစုပေါင်း ကလေးနှင့် လူငယ် ၁၀၁ ဦး သည် မှတ်တမ်းတင်ထားသည့် သေဆုံးသူများတွင် ပါဝင်နေသည်။ ဤအချက်သည် ပဋိပက္ခ၏ သက်ရောက်မှုသည် တိုက်ပွဲဝင်အရွယ် လူငယ်များအပေါ်သာမက ကလေးများနှင့် လူငယ်များအထိပါ ရောက်ရှိနေကြောင်း ဖော်ပြနေသည်။

အသက်ရွယ်အလိုက် သေဆုံးမှုများ (Feb 1, 2021 – Aug 31, 2026)

သို့သော် အသက်အရွယ်မသိရှိရသူ ၅၀၀ ဦး ရှိနေခြင်းသည် စုစုပေါင်းသေဆုံးမှု၏ သုံးပုံတစ်ပုံကျော်ကို ဖုံးလွှမ်းထားသောကြောင့် နောင်တွင် သေဆုံးသူများ၏ အသက်၊ လိင်၊ နေရာနှင့် သေဆုံးရသည့် အခြေအနေများကို ပိုမိုစနစ်တကျ မှတ်တမ်းတင်ရန် လိုအပ်ကြောင်းလည်း ဖော်ပြနေသည်။

လိင်အလိုက် သေဆုံးမှု

လိင်အလိုက် ကြည့်ပါက မှတ်တမ်းတင်ထားသော သေဆုံးသူ ၁,၃၄၄ ဦးအနက် အမျိုးသား ၁,၁၆၀ ဦးနှင့် အမျိုးသမီး ၁၈၄ ဦး ပါဝင်သည်။ ထို့ကြောင့် အမျိုးသားများသည် စုစုပေါင်းသေဆုံးသူ၏ ၈၆ ရာခိုင်နှုန်း ရှိပြီး အမျိုးသမီးများမှာ ၁၄ ရာခိုင်နှုန်း ရှိသည်။

အမျိုးသားသေဆုံးမှု မြင့်မားနေခြင်းသည် တိုက်ပွဲများအတွင်း တိုက်ရိုက်ပါဝင်မှုနှင့် တော်လှန်ရေးတပ်ဖွဲ့များအတွင်း အမျိုးသားအများစု ပါဝင်နေမှုတို့နှင့် ဆက်စပ်နိုင်သည်။ သို့သော် အမျိုးသမီးများနှင့် ကလေးများသည်လည်း လေကြောင်းတိုက်ခိုက်မှု၊ ဖမ်းဆီးသတ်ဖြတ်မှုနှင့် အခြားအကြမ်းဖက်မှုများကြောင့် ထိခိုက်သေဆုံးခဲ့ကြောင်း အချက်အလက်များက ဖော်ပြနေသည်။

အရပ်သားများအပေါ် ပဋိပက္ခ၏ သက်ရောက်မှု

အရပ်သားသေဆုံးမှုများကို အသေးစိတ်ကြည့်ပါက လေကြောင်းတိုက်ခိုက်မှုအပြင် ဖမ်းဆီးပြီး သတ်ဖြတ်ခြင်း၊ မြေမြှုပ်မိုင်းထိမှန်ခြင်း၊ အကျဉ်းထောင်အတွင်း သေဆုံးခြင်း၊ဆေးဝါးမရရှိများအပြင် ဘာသာရေးခေါင်းဆောင်များနှင့် သင်းအုပ်ဆရာများကိုပါ ဖမ်းဆီးသတ်ဖျက်မှု များကိုလည်း စစ်ကောင်စီမှ ကျူးလွန်ထားကြောင်းတွေ့ရသည်။

အထူးသဖြင့် ဖမ်းဆီးခံရပြီး အဓမ္မပြုကျင့်မှုနှင့် သတ်ဖြတ်ခံရသူ ၄၀ ဦး ရှိခြင်းသည် ပဋိပက္ခအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ၏ ပြင်းထန်မှုကို ဖော်ပြသည့် အချက်တစ်ရပ်ဖြစ်သည်။ ထို့အပြင် ဘာသာရေးခေါင်းဆောင်နှင့် သင်းအုပ်ဆရာ ၁၇ ဦး သေဆုံးထားခြင်းသည် ဘာသာရေးနှင့် လူမှုအသိုက်အဝန်းများအပေါ် ပဋိပက္ခ၏ သက်ရောက်မှုကိုလည်း ထင်ရှားစေသည်။

နိဂုံး

အထက်ပါ မှတ်တမ်းများအရ ၂၀၂၁ ခုနှစ်၊ ဖေဖေါ် ၀ါရီလ ၁ ရက်မှ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်အထိ ချင်းပြည်နယ်အတွင်း ပဋိပက္ခနှင့် ဆက်နွှယ်၍ သေဆုံးသူ ၁,၃၄၄ ဦးရှိပြီး၊ ယင်းသေဆုံးမှုများသည် ပဋိပက္ခ၏ လူသားရေးသက်ရောက်မှု မည်မျှပြင်းထန်နေသည်ကို ဖော်ပြနေသည်။ အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုသည် သေဆုံးမှုများ၏ အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်ပြီး၊ တိုက်ပွဲများ၊ မြေမြှုပ်မိုင်းများ၊ ဖမ်းဆီးသတ်ဖြတ်မှုများနှင့် ဆေးဝါးမရရှိမှုတို့ကြောင့်လည်း သေဆုံးမှုများ ဖြစ်ပေါ်နေသည်။

မှတ်တမ်းများတွင် ကလေးနှင့် လူငယ်များ သေဆုံးမှုများအပြင် အမျိုးသမီးများ၊ ဘာသာရေးခေါင်းဆောင်များနှင့် အခြားအရပ်သားများလည်း ပါဝင်နေခြင်းသည် ပဋိပက္ခ၏ သက်ရောက်မှုသည် တိုက်ပွဲဝင်နေသူများအပေါ်တွင်သာ ကန့်သတ်မနေဘဲ လူထုတစ်ရပ်လုံးအပေါ် ကျယ်ပြန့်စွာ ရောက်ရှိနေကြောင်း ဖော်ပြသည်။ ထို့အပြင် အသက်အရွယ်နှင့် အခြားအချက်အလက်များ မပြည့်စုံသည့် မှတ်တမ်းများ ရှိနေခြင်းကြောင့် သေဆုံးမှုများကို ပိုမိုစနစ်တကျနှင့် အထောက်အထားအခြေပြု၍ ဆက်လက်မှတ်တမ်းတင်ရန် လိုအပ်သည်။

ထို့ကြောင့် အရပ်သားများကို ကာကွယ်စောင့်ရှောက်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အတားအဆီးမရှိ ရောက်ရှိနိုင်ရေးနှင့် ပဋိပက္ခအတွင်း ဖြစ်ပေါ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို လွတ်လပ်၍ ယုံကြည်စိတ်ချရစွာ စုံစမ်းစစ်ဆေးနိုင်ရေးတို့သည် အရေးကြီးသည်။ ဖြစ်စဉ်များကို ဆက်လက်မှတ်တမ်းတင်ခြင်းနှင့် တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ခြင်းသည် သေဆုံးသူများနှင့် ထိခိုက်နစ်နာသူများအတွက် တရားမျှတမှုရရှိရေးအတွက် အရေးပါသော အခြေခံတစ်ရပ်ဖြစ်သည်။