June 3, 2024, Comment off

Cyclone Remal တိုက်ခိုက်မှုကြောင့် Mizoram ရှိ မြန်မာစစ်ဘေးဒုက္ခသည်များ အခက်အခဲကြုံတွေ့

 

၂၀၂၄ခုနှစ်၊ မေလ ၂၇ရက်နေ့တွင် ဝင်ရောက်ခဲ့သော Cyclone Remal ကြောင့် Mizoram ရှိ မြန်မာစစ်ဘေးဒုက္ခသည်များ၏ နေအိမ်အများအပြားပျက်စီးခဲ့ကြောင်းသိရသည်။ Mizoram တွင် မြန်မှာ စစ်ဘေးဒုက္ခသည်များ နေထိုင်လျက်ရှိသော စခန်း ၆၀ကျော်ရှိသည့်အနက် စခန်း ၆ခုတွင် မုန်တိုင်းဒဏ်ခံနေရခြင်းလည်းဖြစ်သည်။ အဆိုပါ စခန်း ၆ခုရှိ လူဦးရေ စုစုပေါင်း ၄၈၆ ဦးနေထိုင်လျက်ရှိသောအိမ်ခြေ ၁၀၂ အိမ်မှာ Renal Cyclone ဒဏ်ကြောင့်ပျက်စီးသွားရပါသည်။ စစ်ဘေးဒုက္ခသည်ကလေးများပညာသင်ကြားရာ စာသင်ကျောင်း ၇‌ကျောင်းသည်လည်းမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားခဲ့ရပြီး ကျောင်းသား/သူပေါင်း ၆၀၀ ကျော်မှာလည်းဆက်လက်ပညာသင်ကြားနိုင်ရန် အခက်အခဲကြုံတွေ့လျက်ရှိပါသည်။ 

“ကျွန်တော်တို့လိုအပ်နေတာက မိုးကာ၊ ဆန်နှင့် တဲကို ပြန်လည်တည်ဆောက်ဖို့ ဝါးတွေ အရေးပေါ်လိုအပ်နေပါတယ်။ တဲတည်ဆောက်ရာမှာ ဝါးကိုပဲ အဓိက အသုံးပြုရလို့ အလကားနဲ့ ခုတ်ခွင့်ကို ဒေသခံတွေက ခွင့်မပြုတော့ဘူး၊ ဝယ်နေရပါတယ်။” ဟု မီဇိုရမ်၊လောင်တလိုင်ခရိုင်၊ Kakichhuanh စခန်းမှ တာဝန်ရှိသူ တစ်ဦးက ICA သို့ပြောသည်။ 

Remal Cyclone နှင့်ပတ်သက်ပြီး အိန္ဒိယနိုင်ငံမိုးလေဝသဌာန India Meteorological Department (IMD)မှထုတ်ပြန်သည့် သတိပေးချက်ကို ကိုးကား၍ မီဇိုရမ်ပြည်နယ်ကျောင်းပညာရေးညွှန်ကြားရေးမှူး ဦးစီးဌာန ဒါရိုက်တာ Pu Lalsangliana ၏ညွှန်ကြားချက်ဖြင့် မေလ ၂၈-၃၀ ရက်နေ့အထိ ဆိုးရွားသည့် ရာသီဥတုဒဏ်ကြောင့် ‌ကျောင်းများအားလုံး ပိတ်ထားခဲ့ရသည်။

ပုံ – မီဇိုရမ်၊လောင်တလိုင်ခရိုင်၊ Kakichhuanh စခန်း