June 15, 2024, Comment off

စစ်ကောင်စီထုတ်ပြန်ကြေညာသည့် ၂၀၂၄ ခုနှစ်တက္ကသိုဝင်တန်းအောင်စာရင်းတွင် တစ်နိုင်ငံလုံးအောင်ချက်ရာခိုင်နှုန်း လျော့ကျသော်လည်း ချင်းပြည်နယ်၏ အောင်ချက်ရာနှုန်းမြင့်တက်

Salai Kurbungbel

စစ်ကောင်စီလက်အောက် စနစ်သစ်ပညာရေး၏ ပထမဆုံးအကြိမ် ကျင်းပသည့် ၂၀၂၄ ခုနှစ်၊တက္ကသိုလ်ဝင်တန်း (Grade-12) အောင်စာရင်းကို ဇွန်လ ၁၁ ရက်နေ့မနက်အစောပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၂၄ ခုနှစ်မတ်လတွင်ဖြေဆိုခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့်ဧပြီနှင့်မေလများတွင် အထူးအစီအစဥ်တစ်ရပ်အနေဖြင့် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲများတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာမေးပွဲဖြေဆိုသူစုစုပေါင်း ၁၂၈၈၂၀ ဦးရှိပြီးအောင်မြင်သူ ဦးရေ ၇၄၅၉၂ ဦးရှိပါသည်။ထို့ကြောင့် ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ၏ အောင်ချက်ရာခိုင်နှုန်းမှာ ၅၇.၉၀ % ဖြစ်ကြောင်း စစ်ကောင်စီလက်အောက် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရပါသည်။

၂၀၂၃ခုနှစ် ၊တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စာမေးပွဲဖြေဆိုသူဦးရေ ၁၆၁၈၅၀ ဦးရှိပြီး အောင်မြင်သူ ၁၀၉၈၅၁ ဦးရှိသည့်အတွက် အောင်ချက်ရာခိုင်နှုန်းမှာ ၆၇.၈၇ ရှိခဲ့ပါသည်။ ယမန်နှစ်နှင့်ယှဥ်လျှင် ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် လာရောက်ဖြေဆိုသူဦးရေလျော့နည်းသွားသလို အောင်ချက်ရာနှုန်းမှာလည်း ၉.၉၇ % အထိ ကျဆင်းသွားပါသည်။ 

  • ချင်းပြည်နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အထူးအစီအစဥ်ဖြင့် ထပ်မံဖြေဆိုသူအပါအဝင် ကျောင်းသား /ကျောင်းသူ ၄၃၅ ဦးက ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ၎င်းတို့အနက် ၃၃၈ ဦးအောင်မြင်ခဲ့ရာ အောင်ချက်ရာနှုန်း ၇၇.၇၀% ဖြစ်သည်။ စစ်ကောင်စီ၏ ၂၀၂၄ ခုနှစ် ချင်းပြည်နယ်၏ တက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်းမှာ ယမန်နှစ် (၂၀၂၃ ခုနှစ်) အောင်ချက်ရာနှုန်း ၇၂.၄၂ ထက် ၅% ခန့်တိုးလာသည် ကိုတွေ့ရှိရသည်။သို့ရာတွင်ယခုနှစ်ဖြေဆိုသူဦးရေမှာ ယမန်နှစ်ဖြေဆိုသူ စုစုပေါင်း ၂၂၈၂၄ နှင့် အောင်မြင်သူ ဦးရေ ၂၀၄၅ ဦးအောက် အ‌‌ရေအတွက်များစွာ နည်းပါး လာခြင်း လည်းဖြစ်သည်။ 

မြို့နယ်အလိုက်အောင်စာရင်းများမှာ ဟားခါးမြို့နယ်တွင် ၂၇ ဦး၊ ဖလမ်းမြို့နယ်တွင် ၈၃ ဦး၊ တီးတိန်မြို့နယ်တွင် ၁၁၁ ဦး၊ တွန်းဇံမြို့နယ်တွင် ၁၁ ဦး၊ ကျီခါးမြို့နယ်တွင် ၆၈ ဦး၊မင်းတပ်မြို့နယ်တွင် ၁ ဦးနှင့် မတူပီမြို့နယ်တွင် ၃၇ ဦးတို့ အောင်မြင် ခဲ့ကြသည်။ (ခိုနူမ်းသုန်သတင်း- ဇွန်၊၁၁၊ ၂၀၂၄)

လက်ရှိ ချင်းပြည်နယ်တွင် တိုက်ပွဲများကြောင့် အခြေခံပညာစာသင်ကျောင်း ၁၅၀၀ ကျော်ပိတ်ထားခဲ့ရကြောင်း စစ်ကောင်စီလက်အောက် ပြည်နယ်ပညာရေးဌာန၏ စာရင်းများအရ သိရှိရသည်။ ချင်းပြည်နယ်တစ်ခုလုံးတွင် အခြေခံပညာ စာသင်ကျောင်းပေါင်း ၁၅၅၁ ကျောင်းရှိပြီး ၂၀၂၄-၂၅ ပညာသင်နှစ်မှာ စစ်ကောင်စီမှ စာသင်ကျောင်း ၃၈ ကျောင်းသာလျှင် ဖွင့်လှစ်နိုင်တော့ခြင်းဖြစ်သည်။ (Zalen-ဇွန် ၁၁၊ ၂၀၂၄) 

ထူးဆန်းသည်မှာ ယခင်ဆယ်စုနှစ်ကာလကျော် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အောင်ချက် အနည်းဆုံးဖြစ်နေခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၂၀ % အောက်အမြဲရောက်နေခဲ့သည့် ချင်းပြည်နယ်မှာ စစ်ကောင်စီမှ  နိုင် ငံတော် အာဏာအဓမ္မ သိမ်းယူသည့်နောက်ပိုင်း ၂ နှစ်ဆက်တိုက်အောင်ချက်ရာခိုင်နှုန်း ၇၀ % အထက် ကျော်လာခြင်း ဖြစ်သည်။

ပုံစာ-စစ်ကောင်စီမှထုတ်ပြန်ကြေညာသည့် တက္ကသိုလ်ဝင်တန်း အောင်စာရင်း ကြည့်ရှုနေကြသည့် ကျောင်းသား /သူများ (Photo- Myanmar Education Guide)