July 31, 2024, Comment off

အိန္ဒိယ-မြန်မာနယ်စပ်ဒေသများအထိ ဂယက်ရိုက်လာသည့်ချင်းပြည်အရေး

Salai Kur Bung Bel

 

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင် (Lawngtlai District) အတွင်း စက်သုံးဆီ လက်လီအရောင်းဆိုင်များ (Petroleum Retail Outlet Dealers) က လောင်တလိုင် ခရိုင် ဒေသ အတွင်းသို့စက်သုံးဆီတင်သွင်းခြင်းကိုရပ်တန့်တော့မည်ဖြစ်ကြောင်း ဇူလိုင် ၂၄ရက်နေ့  ရက်စွဲဖြင့် ထုတ်ပြန်ချက်ထုတ်ဝေကာ စက်သုံးဆီရောင်းဝယ်ရေးကုမ္ပဏီ (Oil Marketing Company)၏ ညွှန်ကြားချက်နှင့်အညီ အချိန်ကာလအတန်ကြာ ပြဿနာကြီးကြီးမားမား ဖြစ်ပွား ခြင်းမရှိဘဲ ရောင်းချ ပေးလေ့ရှိကြောင်း ရေးသားဖော်ပြထားသည်။ 

သို့ရာတွင် လွန်ခဲ့သောကာလအနည်းငယ်မှ စတင်ပြီးစက်သုံးဆီ‌ရောင်းဝယ်ရေးတွင် ပြင်ပ လူပုဂ္ဂိုလ်များ ၏ ဝင်ရောက်စွက် ဖက်မှုကို ကြီးမားစွာ ကြုံတွေ့လာခဲ့သည်။ သို့သော်လည်း စားသုံးသူ ပြည်သူများ ၏မရှိမဖြစ် အဓိကလိုအပ်ချက်ကို ရှေးရှုသောအားဖြင့် လစ်လျူရှုထား ခဲ့ပါသည်။ယခုအခါ လွတ်လပ်စွာရောင်းဝယ်ပိုင်ခွင့်ရရှိထားသော ၎င်းတို့(စက်သုံးဆီလက်လီအ ရောင်းဆိုင်များ) ၏ အခွင့်အရေးသည် အကြပ်ကိုင်ထိန်းချုပ်ခံရလာခြင်းကြောင့်     စက်သုံးဆီ ရောင်း  ဝယ်မှုကို ကြီးမားစွာ ထိုးနှက်လာကာ ရောင်းဝယ်ဖောက်ကားရေးတွင် ပြဿနာရှိလာ ကြောင်းလည်း ရေးသားထားသည်။

ဆက်လက်ပြီးစက်သုံးဆီလက်လီအရောင်းဆိုင်များ (Lawngtlai District)မှစက်သုံးဆီရောင်းဝယ်ရေး ကုမ္ပဏီ (Oil Marketing Company)၏ သတ်မှတ်ပေးထားသော တစ်လအညွှန်းကိန်းကို ပြည့်မှီ အောင်ရောင်းချရန် အခက်အခဲ ကြုံတွေ့နေရသည့်အတွက် ၎င်းတို့၏ အခက်အခဲများကို ပြေလည် အောင် ဖြေရှင်းပေနိုင်ခြင်းမရှိပါက ဇူလိုင်လ၊ ၂၉၊ ၂၀၂၄ (တနင်္လာနေ့)မှ စတင်ကာ ကုန်စည် (စက်သုံးဆီ) များကို လောင်တလိုင်ခရိုင်ဒေသအတွင်းသို့ ထပ်မံတင်သွင်းတော့မည် မဟုတ်ကြောင်း  ထုတ်ပြန်ထား သည်။ ဤဖြစ်စဥ်ကြောင့်စားသုံးသူပြည်သူများအနေဖြင့် ပြသနာတစ်ခုခု ကြုံတွေ့လာပါက နားလည် ပေး ပါရန် မေတ္တာရပ်ခံထားကြောင်းလည်းပါရှိသည်။ (Mizoram News; 25 -Jul-2024)

လောင်တလိုင်ခရိုင်မှတဆင့် မြန်မာဘက်ကို အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီများသယ်ယူမှုကို ဒေသတွင်း အခြေစိုက် Central Young Lai Association (CYLA)က ဇွန်လ ၂၄ ရက်ကစပြီး ပိတ်ပင်ထားသည်။ လောင်တလိုင်ခရိုင်မှတဆင့် ချင်းပြည်နယ်ဘက်သို့ ဆက်သွယ်ထားသော ကုလားတန် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းလမ်းနှင့် အခြားသောနယ်စပ်လမ်းကြောင်းများ အားလုံးတွင် CYLAက စစ်ဆေးရေးဂိတ်များထားရှိကာ စက်သုံးဆီ၊ဆေးဝါးနှင့် အခြားကုန်ပစ္စည်းများကိုလည်း ဖြတ်သန်း ခွင့်မပြုခဲ့ကြပေ။

ဇူလိုင် ၁၈ ရက်ညနေမှစတင်ကာ လောင်တလိုင်ခရိုင်မှတဆင့် မြန်မာနိုင်ငံဘက်သို့ အခြေခံစား သောက်ကုန်များ တင်သွင်းခွင့်ပိတ်ပင်မှုကို ရုတ်သိမ်းပြီး ပြန်လည်တင်သွင်းခွင့်    ပြုလိုက်သော်လည်း၊   

စက်သုံးဆီများတင်သွင်းခွင့်ကိုမူတင်းကြပ်စွာဆက်လက်ပိတ်ပင်သွားမည်ဖြစ်ပြီး စစ်ဆေးရေးဂိတ်များကို ဆက်လက်ထားရှိသွားမည်ဟု CYLA က ပြောကြားပြီးနောက် တစ်ပါတ်ခန့်အကြာမှာ စက်သုံးဆီ လက်လီအရောင်းဆိုင်များမှ ယခုထုတ်ပြန်ချက်ကို ထုတ်ပြန် လိုက်ခြင်းလည်းဖြစ်သည်။

လောင်တလိုင်ခရိုင်မှတဆင့် မြန်မာဘက်သို့ ကုန်ပစ္စည်းနှင့် စက်သုံးဆီများတင်သွင်းမှုများသည် စစ်မက်ဖြစ်ပွားခြင်းကြောင့် ဒုက္ခရောက်ရှိနေကြသော ချင်းနှင့်ရခိုင်လူမျိုးများအတွက်ဟု မှတ်ယူခဲ့ ကြသော်လည်း CYLA ကမူ “အာရက္ခတပ်တော် AA က ချင်းလူမျိုးများကို ပစ်ခတ်တိုက်ခိုက်ရာတွင် အင်အားတည်ဆောက်ရေးနှင့် ရိက္ခာအဖြစ်အသုံးပြုနေသည့်အတွက် ဟုဆိုကာ ပိတ်ပင်ထားခြင်း ဖြစ်သည်” ဟုဆိုထားပါသည်။ (ခိုနူမ်းသုန်သတင်း၊ ၁၈ ဇူလိုင် ၂၀၂၄)

ချင်းပြည်နယ်၊မတူပီမြို့ကို ချင်းညီနောင်(CB)နဲ့မဟာမိတ်များ (အာရက္ခတပ်တော် AA နှင့် Yaw Defence Force) က ဇွန်လ၂၉ ရက်နေ့တွင်အပြီးတိုင်သိမ်း ပိုက်ခဲ့ပြီးဖြစ်သည်။ ချင်းညီနောင် (CB)နဲ့မ ဟာ မိတ်များကမတူပီမြို့သိမ်းတိုက်ပွဲဖော်ဆောင်နေစဥ်တွင် ချင်းလဲန်းကောင်စီ(CC) ကိုဦးဆောင်မှု ပြုထား သည့်CNF/CNAနဲ့မဟာမိတ်များမှဝင်ရောက်နှောက် ယှက်ပစ်ခတ်သဖြင့် ချင်းတော်လှန်ရေးနှစ်ဖက် တပ်ဖွဲ့အချင်းချင်းထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ဤ ကဲ့သို့ထိတွေ့မှုဖြစ် ပွားပြီးနောက်  CYLA က လောင်တလိုင်ခရိုင်မှတဆင့် ချင်းပြည်နယ်ဘက်သို့ ဆက် သွယ်ထားသော လမ်းများကို ပိတ်ပင်ထားရာ နှစ်ဖက်ဒေသခံပြည်သူများက CB နဲ့  CC ကြားပြဿနာကြောင့်လည်း ဖြစ်နိုင်ကြောင်းယူဆကြသည်။

အကြောင်းမှာ CYLAသည် အင်ဒို-မြန်မာ အမျိုးသားလမ်းမကြီးကို ဇွန်လ ၊၂၄ ရက်နေ့တွင် ပိတ်ဆို့ ထားသည် သာမက လောင်တလိုင်ခရိုင် အတွင်းတွင်နေထိုင်ကြသော ရခိုင်လူမျိုးများကိုနှင်ထုတ်ခဲ့ သည်။နောက်ဆက်တွဲအနေဖြင့် လိုင်လူမျိုးများနေထိုင်ရာ လောင်တလိုင်ခရိုင်နှင့် မရာလူမျိုးများနေ ထိုင်ရာ ဆိုင်ဟားတို့အကြား(အိန္ဒိယ-မြန်မာနှစ်ဖက်ခွပြီးနေထိုင်သောလူမျိုးစုနှစ်ခုမှအကြား)ပဋိပက္ခ များ ပြင်းထန်စွာဖြစ်ပေါ် စေခဲ့သည်။(Zalen news;July-6-2024)

CYLA မှ အင်ဒို-မြန်မာ အမျိုးသားလမ်းမကြီးကို ပိတ်ပင်ထားစဥ် (Photo- CYLA)

ဇူလိုင် ၂၆ ရက်နေ့တွင် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေး ဆိုင်ရာအကြံပေးပုဂ္ဂိုလ် Shri Ajit Dovalတို့ နေပြည်တော်၌ တွေ့ဆုံစဥ် မြန်မာနိုင်ငံတွင် ‌ရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့် နှစ်နိုင်ငံကြားနယ်စပ်တည်ငြိမ်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းဆွေးနွေးခဲ့ကြကြောင်းစစ်ကောင်စီကထုတ်ပြန်ထားသည်။ (RFA; Jul-27-2024)

အထက်ဖော်ပြပါအခြေအနေအရပ်ရပ်အရ အိန္ဒိယ-မြန်မာနယ်စပ် နှစ်ဖက်ဒေသတွင်နေထိုင်ကြသည့် ချင်းလူမျိုး များနှင့် အာရက္ခတပ်တော် AA တို့အကြားတွင် အထင်လွဲမှားမှုများဖြစ်ပွားကာ၊ ပြသနာဖြစ်ပွားလာအောင် စစ်ကောင်စီမှ ဖန်တီးနေခြင်းလည်းဖြစ်နိုင်ကြောင်း အိန္ဒိယ-မြန်မာ နယ်စပ် အရေးလေ့လာသူများမှ သုံးသပ်ထားသည်။

စစ်ကောင်စီဥက္ကဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိူင်နှင့်အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် Shri Ajit Doval တို့နေပြည်တော်မှာတွေ့ဆုံစဥ် (Photo; Myanmar Military)