August 23, 2024, Comment off
ချင်းပြည်နယ်နှင့် ချင်းလူမျိုးများနေထိုင်ရာဒေသများကို စစ်ကောင်စီမှ လေကြောင်း၊ ကုန်းကြောင်းဖြင့် အကြမ်းဖက်တိုက်ခိုက်မှု ပိုမိုလုပ်ဆောင်
၂၀၂၄ ဧပြီ ၂၅ ရက် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့်ပျက်စီးသွားသည့်ဝမ္မသူ တိုက်နယ်ဆေးရုံ (Photo-The Mindat Post)
Salai Kur Bung Bel
ယခုသီတင်းပတ်(သြဂုတ်လ ၁၉-၂၀)ထဲတွင် စစ်ကောင်စီမှ ချင်းပြည်နယ်နှင့် ချင်းလူမျိုးအများအပြားနေထိုင်ရာ ကလေးဒေသများတွင် ချင်းပြည်သူများကို လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်ကြောင်းထိုးအကြမ်းဖက်မှု သိသိသာသာ တိုးပွားလာကြောင်း သိရသည်။ The Mindat Post ၏ ဖော်ပြချက်အရ သြဂုတ် ၁၉၊ ၂၀ နှစ်ရက်ထဲတွင် မင်းတပ်မြို့နယ်မှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်နှင့် ကလေးမြို့အနောက်မြောက်ပိုင်းရှိ လက်ပံချောင်းရွာကို သြဂုတ် ၂၀ ရက်နေ့တွင် ၁ ကြိမ်ဖြင့် ၂ ရက်အတွင်း ၁၁ ကြိမ်ထက်မနည်း ခံရခြင်းဖြစ်သည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုအားလုံးသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်ခိုက်ခံရခြင်းလည်းဖြစ်သည်။
သြဂုတ်လ ၁၈ ရက် မနက်အစောပိုင်း ၃ နာရီဝန်းကျင်တွင် မင်းတပ်မြို့နယ်၊ ဖွီကျေးရွာ(Phui) စာသင်ကျောင်းနှင့် ဝဥစိုက်ခင်းများမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည်။ သြဂုတ်လ ၂၀ ရက်နေ့မနက် ၂ နာရီဝန်းကျင်တွင်လည်း မင်းတပ်မြို့နယ် အနောက်ခြမ်း မတူပီ- မင်းတပ်လမ်းမ ၂၂ မိုင်နှင့် ဒေါက်ဒွေ (Dohdui)ကျေးရွာကို စစ်ကောင်စီက ပေါင်၅၀၀အား ဗုံး၂လုံးစီ ကြဲချခဲ့သည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေါက်ဒွေကျေးရွာတွင် စာသင်ဆောင်၊ ဘော်ဒါဆောင်၊ မေးခွန်းတိုက်အဆောင်နှင့် အိမ်သာများထိခိုက်ပျက်စီးကာ လူထိခိုက်မှုရှိမရှိ မသိရသေးကြောင်း ဒေသခံတစ်ဦး၏ပြောဆို ချက်ကိုးကားပြီး Zalen News တွင်ရေးသားထားသည်။(Zalen News; 20, Aug,2024)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အနောက်မြောက်မှာရှိသော လက်ပံချောင်းရွာထဲကို ဂျက်ဖိုက်တာဖြင့် သြဂုတ်လ ၂၀ ရက်နေ့ ညနေပိုင်း ၂ နာရီ ဝန်းကျင်တွင် ပေါင်၂၅၀ ဟု ယူဆနိုင်သောဗုံး ၂ လုံးကြဲချသွားကြောင်း သိရသည်။ ဗုံးက ဘုန်းကြီးကျောင်းထဲ ကျသွားကာ လူသေဆုံးတာမရှိကြောင်း၊ အပြန်တွင် စက်သေနတ်ဖြင့်ပါပစ်ခတ်ကြောင်း ဒေသခံတစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ RFAသတင်းဌာနက ရေးသားထားသည်။ (RFA News; 20, Aug,2024)
သြဂုတ်လ ၂၀ ရက်နေ့ မနက်ပိုင်း ၅ နာရီ ဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်သားများသည် စစ်ကား ၅ စီးဖြင့် စက္ကန့်ကျေးရွာ (Cekan)မှ ရှားတော(Sataw)ရွာထဲသို့ ဝင်ရောက်လာရာ CNDF တပ်ဖွဲ့များနဲ့ ၁ နာရီကြာခန့်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီမှ ရှားတောရွာ ကိုမီးရှို့ပြီး၊ သုံးအိမ်စုရွာကို ဆက်လက်ထိုးကာ လူနေအိမ်များကို ထပ်မံမီးရှို့ကြကြောင်း သိရသည်။ စစ်ကောင်စီ စစ်ကြောင်းမှူးမှ ရှားတောရွာပတ်ဝန်းကျင်ရှိ ခရစ်ယာန်ဘုန်းကြီးများကိုတွေ့ဆုံပြီး “ရွာထဲသို့ PDF များကို လက်မခံထားရန်နဲ့၏၊ အကယ်၍ အိမ်ထဲတွင် PDF များကိုတွေ့ရင် အဲဒီအိမ်ကိုလည်း မီးရှို့မယ်၊ အခုလည်းအိမ်တစ်အိမ်ကို လူနဲ့အတူမီးရှို့ထားတယ်” ဟုပြောဆို ခြိမ်းခြောက်ထားကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ခရစ်ယာဘုန်းကြီးတစ်ပါးမှ ICA သို့ ပြောသည်။
ယခုလိုစစ်ကောင်စီမှ ချင်းပြည်နယ်နှင့် ချင်းလူမျိုးများနေထိုင်ရာ ချင်းဒေသတစ်ဝှမ်းကို လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကြောင်းထိုးအကြမ်းဖက်မှုများ ပိုမိုလုပ်ဆောာင်လုပ်ဆောင်နေချိန်တွင် နိုင်ငံ၏ မြို့ကြီးများဖြစ်သော ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့ အပါအဝင် အခြားမြို့ကြီးများမှ ပြည်သူများမှာ စက်သုံးဆီပြတ်လပ်မှုဖြစ်ပွားကာ အကန့်အသတ်ဖြင့် အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူ နေရဆဲဖြစ်သည်။