
October 27, 2024, Comment off
အမျိုးသားညီညွတ်ရေးအစိုးရ သို့ ချင်းကိုယ်စားလှယ် ဝန်ကြီး ပြောင်းလဲရန် တင်ပြမှုများ
Loyal
အမျိုးသားညီညွတ်ရေးအစိုးရ NUG၌ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေကြသော ဒေါက်တာလျန်မှုန်းဆာခေါင်း (Dr. Lian Hmung Sakhawng) နှင့် ဒေါက်တာငိုင်တမ်မောင်း (Dr. Ngai Tam Maung) တို့ကိုယ်စား ICNCC ရှိ ကိုယ်စားလှယ်ပုဂ္ဂိုလ်များအား အစားထိုးခန့်အပ်ပေးရန် ကြားကာလချင်းအမျိုးသာအတိုင်ပင်ခံကောင်စီ(ICNCC) က အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ထံ စက်တင်ဘာလ ၁၉ ရက်စွဲဖြင့်တင်ပြထားကြောင်း သိရသည်။
ဒေါက်တာလျန်မှုန်းဆာခေါင်းသည် ချင်းအမျိုးသားတပ်ဦးအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ICNCC ထံတွင် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ကိုယ်စားလှယ်တစ်ဦးအဖြစ်ပါဝင်ခဲ့သူဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၌ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး အဖြစ်တာဝန်ယူနေခြင်းဖြစ်သည်။ ဒေါက်တာငိုင်တမ်မောင်းသည် မင်းတပ်မြို့နယ်မှ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်ပြီး ICNCC ထံတွင် လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ကိုယ်စားလှယ်တစ်ဦးအဖြစ် ပါဝင်သူဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၌ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲရေး ဒုဝန်ကြီးတာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်။
အဆိုပါကိစ္စနဲ့ ပတ်သက်၍ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC ပြောခွင့်ရပုဂ္ဂိုလ်မှ “ဟုတ်ပါတယ်။ ဒါကသတင်းအတည်ပြုလို့ရပါတယ်။ NUCC အပါသက်ဆိုင်ရာအဖွဲ့အစည်းတွေကို ပို့တာပါ။” ဟု Zalen သို့ပြောသည်။ (၃ အောက်တိုဘာလ၊ ၂၀၂၄၊ Zalen)
ဆက်လက်ပြီး ၎င်းက “သူတို့ (Dr Lian Hmung Sakhong နှင့် Dr Ngai Tam Maung) နှစ်ဦး စလုံးက နဂိုကတည်းက ICNCC ကိုယ်စား ICNCC ရဲ့ တရားဝင်စေလွှတ်မှုကြောင့် NUG မှာ ရောက်ရှိကြခြင်းဖြစ်ပါတယ်။ ICNCC အစည်းအဝေးမှတ်တမ်းများ အထောက်အထားအများကြီးရှိပါတယ်။ ၂၀၂၃ နှစ်ထဲမှာ သူတို့နှစ်ဦးစလုံး ICNCC ကနေ ထွက်သွားကြတဲ့အခါကျတော့ ICNCC ကို ကိုယ်စားမပြုတော့တဲ့အတွက်ကြောင့် ဒီရာထူးတာဝန် တွေကနေလည်း တစ်ခါတည်း ထွက်ဖို့လိုတာပါ။ ဒါပေမဲ့ ICNCC အနေနှင့် ချင်းတစ်မျိုးသားလုံးအရေးကို အလေးထားလို့ ညှိနှိုင်းမှုတွေ အချိန်ယူလုပ်ဆောင်ရတာဖြစ်ပါတယ်။ အချိန်အများကြီးယူ ဆွေးနွေးပြီးမှ နောက်ဆုံးမှာ ICNCC ကောင်စီအစည်းအဝေးကနေ ဆုံးဖြတ်ပြီး ယခုလို လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။ အလျင်စလို လုပ်ဆောင်ခြင်းမဟုတ်ပါဘူး။ သူတို့ နှစ်ဦးအနေနဲ့ ရာထူးနဲ့ နိုင်ငံရေး ဂုဏ်သိက္ခာ နှစ်ခုထဲက တစ်ခုခု ရွေးရမယ့် အခြေအနေပါ။ နှစ်ခုစလုံးတော့ ယူတာတော့ မဖြစ်နိုင်တော့ဘူး။” ဟု ဆိုထားသည်။
ဒေါက်တာလျန်မှုန်းဆာခေါင်းမှာ ၂၀၂၃ခုနှစ်၊ မတ်လ၊ ၁၈ ရက်တွင် ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီအဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်သွားခဲ့ခြင်းဖြစ်ပြီး ဒေါက်တာငိုင်တမ်မောင်းမှာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ၊ ၆ ရက်နေ့မှာနှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီမှ ကိုယ်စားလှယ် စေလွှတ်ခြင်းရှိသော်လည်း ICNCC အဖွဲ့ဝင်တွေမဟုတ်သောကြောင့် ဒေါက်တာလျန်မှုန်းဆာခေါင်း ကိုယ်စား ဒေါက်တာ ကင်တွန်လင်း(Dr. Kenton) ကို လည်းကောင်း၊ ဒေါက်တာ ငိုင်တမ်မောင်းကိုယ်စား ဆလိုင်းမန်းဘီထန်း (Salai Mang Bil) ကိုယ်လည်းကောင်း အစားထိုးခန့်အပ်ပေးရန် ICNCC ၏ အလှည့်ကျသဘာပတိဖြစ်ကြသော ဆလိုင်းလျန်လွယ်(Salai Lian Luai)နှင့် ဒေါက်တာကင်တွန်လင်းတို့က တင်ပြတောင်းဆိုခဲ့ကြဖြင်းဖြစ်သည်။ Dr. Kenton သည် Political Science ဖြင့် Ph.D ရရှိထားသူဖြစ်ပြီး Tedim မြို့နယ် CSO ကိုယ်စားအနေဖြင့် ICNCC တွင်ပါဝင်သူဖြစ်ပြီး Salai Mang Bil သည် မတူပီမြို့နယ်မှ CDM ကိုယ်စားအနေဖြင့် ICNCC တွင်ပါဝင်သူဖြစ်သည်။
အထက်ပါဖော်ပြချက်များမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်၌ကျင်းပခဲ့သော ICNCC ကောင်စီအစည်းအဝေး မှတ်တမ်း ( ၃/၂၀၂၄) ဆုံးဖြတ်ချက်အပိုဒ် (ခ) ကို ရည်ညွှန်းပေးပို့ထားခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ အနေဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးရန် တင်ပြတောင်းဆိုထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ICNCC ၏ တင်ပြမှုနှင့် ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်သော Chinland Council အနေဖြင့် ၂၀၂၄ခုနှစ်၊ အောက်တိုဘဘာလ၊ ၃ရက်နေ့ပါ ရက်စွဲဖြင့် အမျိုးသားညီညွတ်ရေးအစိုးရထံသို့ စာအမှတ်၊ ခကစ ၁၂၃/၀၈ (ရထခ)/၂၀၂၄ ဖြင့် တင်ပြခဲ့ကြောင်း သိရသည်။ “အမျိုးသားညီညွတ်ရေးအစိုးရတွင် လက်ရှိတာဝန်ထမ်းဆောင်နေကြသော ဒေါက်တာလျန်မှုန်းဆာခေါင်းနှင့် ဒေါက်တာငိုင်းတမ်မောင်းတို့သည် ချင်းပြည် (Chinland) ကောင်စီ မှတဆင့် ချင်းပြည်သူများကို ကိုယ်စားပြုကြကြောင်း တင်ပြခြင်း” ဟူ၍ အောက်ပါအတိုင်း တင်ပြထားသည်။
အထက်ဖော်ပြပါ တင်ပြမှုများနှင့် ပတ်သက်၍ NUCC နှင့် NUG အနေဖြင့် မှတ်တမ်းတင်ထားကာ ဆက်လက်ဆောင်ရွက်ဆဲဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။
နွေဦးတော်လှန်ရေးစတင်ခဲ့ပြီးနောက် ၂၀၂၁ခုနှစ်၊ ဧပြီလတွင် အစုအဖွဲ့၄ဖွဲ့ (လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ CDM/CSO၊ လက်နက်ကိုင်အဖွဲ့အစည်း -CNF) ပေါင်းစပ်စုစည်းကာချင်းပြည်နယ်ကိုယ်စားပြု ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (Interim Chin National Consultative Countil – ICNCC) စတင်ဖွဲ့စည်းခဲ့ပြီး ချင်းပြည်နယ်၏ နိုင်ငံရေးအလုံးစုံကို ဦးဆောင်ခဲ့သည်။ သို့ရာတွင် အဖွဲ့အစည်းအတွင်း သဘောထားကွဲလွဲမှုများကြောင့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၇ရက်နေ့တွင် ချင်းပြည်နယ်၏ နိုင်ငံရေးဦးဆောင်သည့်အစုအဖွဲ့ ၂ဖွဲ့ဖြစ်လာသည်။ ICNCC၏ ချင်းပြည် နိုင်ငံရေးဦးဆောင်ရာ တွင် ထိရောက်သော လုပ်ဆောင်ချက်များ မပြုလုပ်နိုင်သောကြောင့်ဟု ဆိုကာ ချင်းအမျိုးသား တပ်ဦး (CNF)၏ ဦးဆောင်မှုဖြင့် ညီလာခံတစ်ခု ကျင်းပကာ ချင်းပြည်ကောင်စီ (Chinland Council) ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။