February 1, 2025, Comment off

အာဏာသိမ်းယူပြီး ၄နှစ်အတွင်း ချင်းလူမျိုးများအပေါ် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ

(၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်မှ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက် အထိ)
နိဒါန်း

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော နိုင်ငံတော်အာဏာသိမ်းယူမှုမှာ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ၄နှစ် တင်းတင်းပြည့်ခဲ့လေပြီ။ ၄ နှစ်တာအတွင်း စစ်ကောင်စီတပ်များ၏  လူ့အခွင့်အ‌ရေးချိုးဖောက်မှုများကြောင့် ချင်းပြည်နယ်နှင့် အခြားဒေသများတွင် နေထိုင်သော ချင်းလူမျိုးများ သေဆုံးမှု၊ လူနေအိမ်များမီးရှို့ဖျက်ဆီးခံရမှု၊ နေရပ်စွန့်ခွာစေမှုနှင့် အခြားသော လူ့အခွင့်အ‌ရေး ချိုးဖောက်မှုများကို အောက်ပါ အချက်အလက်များနှင့်တကွ ဖော်ပြအပ်ပါသည်။

ချင်းပြည်သူ သေဆုံးမှုများ

အထက်ပါ ၄-နှစ်အတွင်း စစ်ကောင်စီ၏ တိုက်ခိုက်ပစ်ခတ်မှုများကြောင့် ချင်းပြည်သူ စုစုပေါင်း ၉၆၅ဦး သေဆုံးကြသည်။ ထိုအထဲတွင် အရပ်သား ၄၉၁ဦး ပါ၀င်ပြီး၊ ခုခံတော်လှန်ရေးတပ်ဖွဲ့၀င် ၄၇၄ဦး ပါ၀င်သည်။

အရပ်သားပြည်သူများ၏ အသက်အရွယ်အလိုက်သေဆုံးမှုကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။ 

၄-နှစ်အတွင်း စစ်ကောင်စီ၏ တိုက်ခိုက်ပစ်ခတ်မှုများကြောင့် ချင်းပြည်သူ သေဆုံးမှုများ

တစ်ချိန်တည်းတွင် ဤလေးနှစ်အတွင်း၊ ချင်း တိုင်းရင်းသား  ခုခံတော်လှန်ရေးတပ်ဖွဲ့၀င် အမျိုးသား ၄၆၅ဦးနှင့် အမျိုးသမီး ၉ဦး၊ စုစုပေါင်း ၄၇၄ ဦး သည်လည်းအသက်ဆုံးရှုံးခဲ့ကြသည်။ ဤချင်းလူငယ်များသည် စစ်ကောင်စီ၏ တရားမဝင် အာဏာသိမ်းယူမှုကို ဆန့်ကျင်ပြီး အေးချမ်းစွာ လမ်းပေါ်ထွက်ဆန္ဒပြခဲ့သူများဖြစ်ကြသည်။ စစ်ကောင်စီတပ်များက ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နှင်းမှုများ ပြုလုပ်လာသောအခါ၊ ဤလူငယ်များသည် စစ်ကောင်စီကိုခုခံတော်လှန်ရန် နေရာအသီးသီးတွင် တော်လှန်ရေးတပ်ဖွဲ့ များ တည်ထောင်ခဲ့ ကြခြင်းဖြစ်သည်။ 

လေကြောင်းတိုက်ခိုက်မှုများ

၂၀၂၁ခုနှစ် စစ်ကောင်စီမှ နိုင်ငံတော်အာဏာသိမ်းယူပြီးသည့်အချိန်မှစ၍ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ ချင်းပြည်နယ်အတွင်း စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ၂၄၁ ကြိမ်ဖြင့် လေကြောင်းဗုံး ၁,၀၆၁ ကျော်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုသို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခြင်းကြောင့် ချင်းလူမျိုး ၂၄၉ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၄၂၄ဦးကျော် ရှိသည်။ ထို့အပြင် လူနေအိမ် အဆောက်အဦး ၁,၂၈၀ကျော်၊ အစိုးရအဆောက်အဦး ၃၈လုံးကျော်နှင့် ဘာသာရေးအဆောက်အဦး ၃၉လုံးကျော် ပျက်စီးခဲ့ရသည်။ (မှက်ချက်။ ဒေသတစ်ခု၊ တိုက်ပွဲတစ်ခုတွင် လေကြောင်းတိုက်ခိုင်မှုများကို ၁ ကြိမ်ဟုကောက်ယူပြီး အသုံးပြုခဲ့သော ဗုံးအလုံးအရေအတွက်ကို သီးသန့်ဖော်ပြထားသည်။ ထောက်ပို့ လေယာဥ်ပျံသန်းသောအရေအတွက်ကို ထည့်သွင်းရေတွက်ထားခြင်းမပြုပါ။) 

လူနေအိမ်အဆောက်အဦးများ မီးရှို့ဖျက်ဆီးမှုများ

စစ်ကောင်စီတပ်များသည် တော်လှန်ရေးအဖွဲ့များကို တစ်မျိုးမျိုးဖြင့် ထောက်ပံ့နိုင်သည်ဟု သံသယရှိသော ရွာ သို့မဟုတ် မြို့တစ်မြို့ရှိ အိမ်တိုင်းကို မီးရှို့ခြင်း သို့မဟုတ် လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးခြင်းများလည်း ပြုလုပ်ခဲ့ကြသည်။ စစ်ကောင်စီ၏ မီးတင်ရှို့ဖျက်ဆီးမှုများနှင့် ပစ်ခတ်ဖျက်ဆီးခြင်းများကြောင့် ၄နှစ်တာ ကာလအတွင်း လူနေအိမ်အဆောက်အဦး ၃,၄၇၉လုံးကျော် မီးလောင်ပျက်စီးခဲ့သည်။ ၂၀၂၁ခုနှစ်တွင် ၇၈၄၊ ၂၀၂၂ခုနှစ်တွင် ၉၅၂၊ ၂၀၂၃ခုနှစ်တွင် ၄၀၇၊ ၂၀၂၄ခုနှစ်တွင် ၁,၃၀၁လုံးနှင့် ၂၀၂၅ခုနှစ်တွင် ၃၅လုံး တို့ဖြစ်သည်။ ဤဖော်ပြချက်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများကို ထည့်သွင်းရေတွက်ထားခြင်းမပြုပါ။ 

မြေမြှုပ်မိုင်းကြောင့်သေဆုံးမှုများ 

စစ်ကောင်စီတပ်များသည် မိမိတို့ထိုးစစ်ဆင်ရာလမ်းကြောင်းတစ်လျောက် မြေမြုပ်မိုင်းများကို ထောင်ထားကာ တပ်ပြန်လည်ဆုပ်ခွာသည့်အချိန်တွင် ပြန်လည်ဖြုတ်ယူခြင်းမပြုကြပါ။ တောင်ယာလုပ်ငန်း အဓိကလုပ်ကိုင်ကြသော ချင်းလူမျိုးများသည် တောင်ယာသွားရာ လမ်းကြောင်းများတွင်ထောင်ထားသော  မြေမြုပ်မိုင်းများကို နင်းမိသောကြောင့် လေးနှစ်အတွင်း သေဆုံးရသူစုစုပေါင်း ၇၇ဦးနှင့် ဒဏ်ရာရရှိသူ ၁၀၅ဦးအထိစာရင်းကောက်နိုင်ခဲ့သည်။ 

စစ်ဘေးသင့်ပြည်သူများ

မြန်မာနိုင်ငံတွင် နွေဦးတော်လှန်ရေးစတင်ပြီး စစ်ကောင်စီတပ်များနှင့် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များအကြား အပြန်အလှန်ပစ်ခတ်မှုများ စတင်လာခဲ့သည်။ ချင်းပြည်နယ်တွင်လည်း မြို့ပြတိုက်ပွဲများ ပြင်းထန်နေသောကြောင့်  နှစ်ဘက်စစ်ဘေးဒဏ်ကို ရှောင်တိမ်းနိုင်ရန်၊ စစ်ကောင်စီတပ်များ၏လေကြောင်းရန်အန္တရာယ်နှင့် ရမ်းသန်းပစ်ခတ်မှုများ၊ စစ်ကောင်စီတပ်များမှ လူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများနှင့် အမေးမြန်းမရှိ ဖမ်းဆီးချုပ်နှောင်မှုများမှ ကင်းဝေးရန် နီးစပ်လုံခြုံရာကျေးရွာများ၊ တစ်ချားမြို့များနှင့် အိန္ဒိယနိင်ငံတို့တွင် ထွက်ပြေးတိမ်းရှောင်နေကြရသည်။ 

ချင်းပြည်နယ်ရှိ လူဦးရေမှာ ၂၀၁၄ သန်းခေါင်စာရင်းအရ ၅သိန်းနီးပါးရှိသည်ဟုသိရပြီး အိန္ဒိယ နိုင်ငံသို့ စစ်ဘေးတိမ်းရှောင်လာသူမှာ ၆၅,၀၀၀ ကျော်နှင့် ချင်းပြည်နယ်အတွင်း စစ်ဘေးရှောင်ပြည်သူ ၁၃၀,၀၀၀ ခန့်ရှိကြောင်း သိရသည်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တစ်နေရာရှိ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေစဥ် (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ)
တော်လှန်ရေးအဖွဲ့များသိမ်းပိုက်ထားသော မြို့များသို့ ပြည်သူများ ပြန်ရန် စိန်ခေါ်မှုများ

ချင်းပြည်နယ်တွင် မြို့ပေါင်း ၂၀ရှိသည့်အနက် Rihkhawdar, Rizua, Waibula, Hnaring, Surkhua, Paletwa, Samee, Kyindwe, Cikha, Tonzang, Matupi, Lailenpi, M’kuiimnu, Mindat နှင့် Kanpetlet စသည့်  ၁၅မြို့ကို ဒေသခံတော်လှန်ရေးတပ်များမှ ထိန်းချုပ်ထားနိုင်ပြီးဖြစ်သည်။ သို့ရာတွင် ဤမြို့ဒေသများတွင်လည်း စစ်ကောင်စီ၏ လေကြောင်းရန်အန္တရယ်ကြောင့်  သော်လည်းကောင်း၊ ပျက်စီးသွားသော လူနေမှုဘဝကို ပြန်လည်စတင်ရန် ခက်ခဲ၍ သော်လည်းကောင်း၊ လူအနည်းစုသာ နေရပ်သို့ ပြန်လာနိုင်ကြောင်း သိရသည်။ ထို့အပြင်ပညာ‌ရေး၊ ကျန်းမာရေးနှင့် တစ်ခြားသော အခြေခံလိုအပ်ချက်များစွာ လိုအပ်လျက်ရှိနေကြောင်း တွေ့ရသည်။ 

မင်းတပ်မြို့ကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့မှ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၂၂နေ့တွင် ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့မှ ထုန်ပြန်ချက်ပြုလုပ်ထားသော်လည်း လက်ရှိအချိန်အထိ မြေမြှုပ်မိုင်းရှင်းလင်းနေရကြောင်း CDF-Mindat ထံမှ သိရသည်။ CDF-Mindat မှ မြေမြှုပ်မိုင်းရှင်းလင်းရာတွင် မိုင်း ၂၀၀ကျော် ရှင်းလင်းထားပြီး ဖြစ်သော်လည်း ပြည်သူများပြန်လည်အခြေချရန် လုံခြုံမှုမရှိသေးသောကြောင့် မိုင်းရှင်းလင်းရေးကို ဆက်လက် ပြုလုပ်နေကြောင်း Chin World မှတဆင့် ဖော်ပြထားသည်။ ထိုနည်းတူပင် မတူပီမြို့တွင်လည်း မြေမြှုပ်မိုင်းများ ရှင်းလင်းထားပြီးဖြစ်သော်လည်း စစ်ကောင်စီတပ်မှ တပ်စွဲအခြေချခဲ့သော တပ်စခန်းနှင့် အနီးတဝိုက်တွင် မိုင်းရှင်းလင်းရေးပြုလုပ်ရန် လိုအပ်နေကြောင်း Chin World မှ ဆက်လက်ဖော်ပြထားသည်။ 

ထို့ကြောင့် ချင်းပြည်နယ်တွင် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော မြို့များသို့ ပြည်သူများ ပြန်လည်အခြေချနိုင်ရန် အခြေအနေ တစ်ခုအထိ ထပ်မံ‌စောင့်ဆိုင်းရန် လိုအပ်ပေမည်။

နိဂုံး

ဤသို့ဖြင့် စစ်အာဏာသိမ်းပြီး လေးနှစ်တာကာလအတွင်း ချင်းလူမျိုးများစွာသည် အသက်ဆုံးရှုံးကြရသလို၊ ချင်းပြည်နည်လူဦးရေ၏ ထက်၀က်နီးပါးမှာလည်း၊ မိမိတို့၏ အလုပ်အကိုင်များ၊ ပိုင်ဆိုင်မှုများ၊ စီးပွားရေးလုပ်ငန်းများနှင့် အသက်မွေးဝမ်းကြောင်းများကို ထားခဲ့၍ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးခဲ့ကြရသည်။

သူတို့၏ သက်တမ်းတစ်လျှောက် ချွေတာစွာစုဆောင်းထားသော ချွေးနဲစာငွေများဖြင့် ဆောက်လုပ်ခဲ့ကြသည့် အိမ်များစွာသည်လည်း စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးခြင်း သို့မဟုတ် ဗုံးကြဲဖျက်စီးခြင်းများ ခံခဲ့ကြရသည်။

လူငယ်အများစုသည်လည်း မိမိတို့၏ ပညာရေးကို ကောင်းမွန်စွာ ဆက်လက်သင်ကြားနိုင်ခြင်း မရှိကြပေ။ ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာလိုက်ရသော ချင်းပြည်သူများသည် မသေချာသည့် အနာဂတ်ကို ရင်ဆိုင်နေကြရပါသည်။

ဆက်လက်ပြီး ပြည်သူများ၏ စား၀က်နေရေးနှင့် အခြေခံလူနေမှုဘဝ ပြန်လည်ထူထောင်နိုင်ရေးအတွက် နိုင်ငံတကာရှိချင်းနှင့်မြန်မာပြည်သူများ၏ ကူညီမှုများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ ထိရောက်သော ကူညီပံ့ပူးမှုများ၊  လွန်စွာလိုအပ်လျက်ရှိပါသည်။ 

တစ်ချိန်တည်းမှာပင် ဂျီနီဗာ သဘောတူညီချက်များနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းတို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေပြီး၊ ပြည်သူများကို အမျိုးမျိုးနှိပ်စက်ညှဉ်းပန်း သတ်ဖျက်နေသည့် အကြမ်းဖက် မြန်မာစစ်တပ်အား နိုင်ငံတကာ အသိုက်အဝန်းက ထိထိရောက်ရောက် အရေးယူရန် လိုအပ်သည်။ သို့မှသာ ချင်းလူမျိုးများနှင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားအားလုံးတို့သည် ၎င်းတို့၏ အခြေခံအခွင့်အရေးများ ဆုံးရှုံးခြင်းမှ ရပ်တန့်သွားမည်ဖြစ်သည်။

ပုံ – စစ်ကောင်စီတပ်များ၏ မီးရှို့မှုကြောင့် မင်းတပ်မြို့ရှိလူနေအိမ်များမီးလောင်နေစဥ် (CDF-Mindat, November 2, 2024)