
April 14, 2025, Comment off
Chin National Council အမည်ဖြင့် ICNCC နှင့် CC ပူးပေါင်းရန် သဘောတူညီခြင်းနှင့် ချင်းနိုင်ငံရေးအရွေ့
Loyal Van
အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွန်မှုဖြင့် ဖွဲ့စည်းထားသည့် “Advocacy for Peace” ခေါ် မီဇိုးငြိမ်းချမ်းရေးအဖွဲ့၏ စေ့စပ်ညှိနှိုင်းပေးမှုဖြင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) အဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦး(CNF) ဦးဆောင်သည့် Chinland Council (CC) အဖွဲ့တို့ India နိုင်ငံ၊ မီဇိုးပြည်နယ်၊ အိုင်းဇောလ်မြို့တွင် (၃) ကြိမ်မြောက် တွေ့ဆုံညှိနှိုင်းမှုအဖြစ် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅)မှ (၂၆)ရက်အထိ (၂)ရက်တာတွေ့ဆုံဆွေးနွေးခဲ့ပြီး Chin National Council (CNC) ကို ဖွဲ့စည်းရန် သဘောတူညီချက်ရရှိကြောင်း ကြည်ငြာချက် ထွက်ပေါ်လာသည်။
အဆိုပါဆွေးနွေးပွဲသဘောတူညီမှုအဖြစ် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)နှင့် ၎င်းတို့ရေးဆွဲသော Chin Charter ကိုဖျက်သိမ်းရန်၊ Chinland Council (CC) နှင့် ၎င်းတို့ရေးဆွဲအတည်ပြုခဲ့ကြသော Chinland Constitution ကိုလည်း ဖျက်သိမ်းကာ ချင်းအမျိုးသားကောင်စီ(Chin National Council – CNC) အမည်ဖြင့် ချင်းပြည်၏တစ်ခုတည်းသော အုပ်ချုပ်ရေးကောင်စီအဖြစ် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် နှစ်ဘက်သဘောတူညီခဲ့ကြကြောင်းသိရှိရပါသည်။
ချင်းအမျိုးသားကောင်စီ (Chin National Council) ပေါ်ပေါက်လာနိုင်ရန်အတွက် ချင်းအမျိုးသားအခြေခံဥပဒေ (Chin National Constitution Drafting Committee) မူကြမ်းရေးဆွဲရေးကော်မတီကို အမြန်ဆုံးဖွဲ့စည်းပြီး မျှတသော မူကြမ်းပေါ်ပေါက်လာရန် သေဘာတူခဲ့ ကြကြောင်းလည်းသိရသည်။


“ဒီဆွေးနွေးပွဲက အတော်လေးကြာခဲ့ပြီ၊ ၆လကျော်လောက်ရှိပြီ၊ အခုမှပဲ ဘုံသဘောတူညီမှုရတာပါ။ အရင်ဆုံး ZORO ရဲ့ဦးဆောင်မှုနှင့်စခဲ့တာ အားလုံးလည်းသိပါတယ်၊ ဒါပေမယ် လက်မှတ်ထိုးပြီး မကြာခင်မှာပဲ ပျက်ပယ်သွားခဲ့ရတယ်၊ ဘယ်လို ပျက်ပယ်သွားတယ်ဆိုတာကတော့ ဝေဖန်မှု အမျိုးမျိုးရှိပေမယ် အဓိက ကတော့ မအောင်မြင်ဘူးလို့ပဲ ပြောချင်ပါတယ်၊ ဒီတစ်ခါတော့ အောင်မြင်ဖို့မျှော်လင့်ပါတယ်”ဟု ဆွေးနွေးပွဲတွင် ပါဝင်သူတစ်ဦးက ICA ကို ပြောသည်။
အဆိုပါသဘောတူညီချက်အား ချင်းပြည်ကောင်စီကိုယ်စားပြုသူများအဖြစ် (၁) ဆလိုင်းမင်းညို (ဒုဥက္ကဌ – ချင်းပြည်ကောင်စီ(CC))၊ (၂) ဦးထန်နင်းကီး (ဒုဥက္ကဌ – ချင်းအမျိုးသားတပ်ဦး(CNF)) နှင့် (၃) Jacob V. Zawma ( အဖွဲ့ဝင်- ချင်းပြည်ကောင်စီ) တို့မှလက်မှတ်ရေးထိုးခဲ့ကြပြီး၊ ICNCC/CB ကိုယ်စားပြုအဖြစ် ICNCC သဘာပတိအဖွဲ့ဝင်များဖြစ်ကြသည့် (၁) ဦးဆလိုင်းလျန်လွယ် (ချင်းပြည်ဝန်ကြီးချုပ်ဟောင်း)၊ (၂) ဦးနေလင်းအောင် (မင်းတပ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်) နှင့် (၃) ဆလိုင်းဟောရှေ (ချင်းညီနောင်အလှည့်ကျသဘာပတိ) တို့က မီဇိုးပြည်နယ်ဝန်ကြီးချုပ်ရှေ့မှောက်တွင် နှစ်ဘက်သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြသည်။



“ဒီဖြစ်စဉ်ကြီးကို ယုံယုံကြည်ကြည်နဲ့ အောင်မြင်အောင် ဝိုင်းဝန်းပံ့ပိုးဖို့ ကြိုဆိုဖို့အရေးကြီးတယ်။ ကျနော်ယုံကြည်တယ်၊ မအောင်မြင်လို့တော့မရဘူး ဒီတခါတော့ကျနော်တို့ တကယ့်ကိုပေါင်းစည်းရေးစစ်စစ်နဲ့ အောင်အောင်မြင်မြင်နဲ့ ပေါင်းစည်းသွားရမှာဖြစ်တဲ့အတွက် အောင်မြင်အောင်လုပ်ကိုလုပ်မယ်၊ CNC အနေဖြင့်လည်း ချင်းပြည်သူ တစ်ရပ်လုံး လက်ခံနိုင်တဲ့ ဖွဲ့စည်းပုံကို ရေးဆွဲနိုင်ဖို့လိုပါတယ် ” ဟူ၍ နိုင်ငံရေးအကျဉ်းသားဟောင်း၊ ချင်းကျောင်းသားခေါင်းဆောင်ဟောင်း၊ ဝါရင့်ချင်းနိုင်ငံရေးသမား Pu Salai Kipp ကလည်း သူ၏အမြင်၊ အကြံပြုချက်ကို Chin World Media ထံတွင် ပြောပြထားသည်။
အဖွဲ့အစည်းနှစ်ခု အမှန်တကယ် ပေါင်းစည်းမည်ကို သံသယရှိသူများလည်း ရှိပါသည်။ ICNCC အဖွဲ့ဝင်တစ်ဦးမှ “Chin Charter Draft ရေးဆွဲချိန်တိုင်း အလုပ်မဖြစ်စေတဲ့ အမျိုးသားအလံကိစ္စ၊ အမျိုးသားတပ်မတော်ကိစ္စ၊ မျိုးနွယ်စု/ဒေသ/မြို့နယ် ကိုယ်စားပြုမှုနှင့် ဝန်ကြီးချုပ်အထက်မှာ နေရာထားချင်တဲ့ကိစ္စတွေကို အခုစုဖွဲ့လာမယ့် Drafting Committee က အကောင်းဆုံးထိန်းညှိရေးဆွဲပေးနိုင်ရင် ချင်းပြည်သူတွေလိုချင်တဲ့ပူးပေါင်းမှု အောင်မြင်မယ်လို့ မျှော်လင့်ပါတယ်။” ဟု ပြေဆိုထားသည်။
ထို့အပြင် ပေါင်းစည်းရန် နှစ်ဘက် သဘောတူညီမူ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပြီး နောက်တစ်ရက် ဖေဖော်ဝါရီလ ၂၇ရက်တွင် ICNCC/CB ၏ လှုပ်ရှားနယ်မြေဖြစ်သည့် ဖလမ်းမြို့နယ်၊ ငေါန်ဒေသတွင် CNF/CNA CC လက်အောက်ခံ CDF-Ngawnngam အမည်ခံ လက်နက်ကိုင်အဖွဲ့အစည်းသစ်တစ်ခု ဖွဲ့စည်းခဲ့ကြောင်းနှင့် တပ်စခန်းအား တိုးချဲ့ထားရှိခဲ့ကြောင်းကို Ngawn Union’s Council(NUC)၏ ကန့်ကွက်ထုတ်ပြန်ချက်အရသိရသည်။
ထို့အပြင် ရှိရင်းစွဲ ICNCC ဖြစ်စေ၊ Chinland Council ဖြစ်စေ CNC၌ ပူးပေါင်းရန် လက်ရှိ တာဝန်ရှိသူများအနေဖြင့် လက်တွေ့အကောင်အထည်ဖော်နိုင်ခြင်းသည် လွန်စွာအရေးပါသည်။ Chinland Council အနေဖြင့် CNC ဖွဲ့စည်းပေါ်ပေါက်လာသော်လည်း မတ်လ (၇-၈)တို့တွင် “နိုင်ငံရေး လမ်းပြမြေပုံရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

“ဒီဟာက နိုင်ငံရေးသဘောအရ အမြင်ကောင်းအောင်ပြုလုပ်နေတာပါ၊ အမှန်တကယ်လက်တွေ့မှာ မျှော်လင့်ချက် သိပ်မရှိပါဘူး၊ အဲ့လိုပြောလို့ မဖြစ်နိုင်ဘူးလို့ ပြောတာမဟုတ်ပါဘူး၊ နိုင်ငံရေးအဖွဲ့က CNC မှာ ပူးပေါင်းလိုက်ပြီဆိုပေမယ့် စစ်ရေးအဖွဲ့တွေကို အစကနေ ပြန်စုရမှာ၊ စာရွက်ပေါ်က လက်မှတ် သက်သက်မဖြစ်ဖို့ပဲ ဆုတောင်းချင်ပါတယ်” ဟူ၍ နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက ICA သို့ပြောသည်။
“ဖြစ်လာနိုင်ဖို့ကတော့ မျှော်လင့်ပါတယ်၊ ဒါပေမယ့် ဖွဲ့စည်းပုံမူကြမ်းရေးဆွဲရေးမှာ တမျိုးသားလုံး လက်ခံနိုင်တဲ့ မူကြမ်းဖြစ်မြောက်ဖို့အတွက်က အဓိက ကျလိမ့်မယ်၊ ဆိုတော့ ကျနော်တို့ဘက်က အဖွဲ့များလို့ ဘယ်နှယောက်ဆိုတာမျိုး ထွက်လာရင်တော့ လူဦးရေများတဲ့ဘက်ကိုပဲ ယိုင်သွားပါလိမ့်မယ်၊ ဆိုတော့ မူကြမ်းအရင်ထွက်လာပြီးမှပဲ ဆက်ပြီးမျှော်လင့်လို့ရပါလိမ့်မယ်” ဟူ၍ တော်လှန်ရေးတွင် ပါဝင်သူတစ်ဦးမှ ပြောသည်။
ဆက်လက်ပြီး Pu Khua Uk Lian မှလည်း “မိမိတို့ အဖွဲ့အစည်းမသီးသီးကနေ လုပ်စရာရှိတာကို ဆက်လုပ်ကြမယ်။ ပြီးရင် ပန်းတိုင်တစ်နေရာရာမှာ အားလုံး ပြန်လည်ပူးပေါင်းကြမှာပါ” ဟူ၍ Chin World Media သို့ ပြောသည်။
ထို့အပြင် CNC အကြောင်းနှင့်ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး (CNF) မှလည်း မတ်လ ၁၅ရက်၊ ၂၀၂၅ခုနှစ်တွင် ချင်းပြည်ကောင်စီနှင့် ကြားကာလာချင်းအမျိုးသားအတိုင်ပင်ကောင်စီ တို့ ပူးပေါင်းကြခြင်းအပေါ် ဝမ်းမြောက်ကြောင်းနှင့် မိမိတို့ CNF အနေဖြင့် ချင်းတော်လှန်ရေးအတွက် ချင်းအမျိုးသားရေးကို ရှေ့ရှု့၍ အားလုံးနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ချင်းနိုင်ငံရေးအဖွဲ့များသည် သူတို့အကြားရှိ မတူကွဲပြားမှုများအတွက် ဆွေးနွေးတိုင်ပင်ညှိနှိုင်းကြပြီး၊ ချင်းတစ်မျိုးသားလုံး၏ကောင်းကျိုးအတွက် တစ်စုတစ်စည်းတည်း ဖြစ်လာနိုင်ကြလိမ့်မည်ဟု မျော်လင့်ပါသည်။ ဤသို့စည်းလုံးနိုင်မှသာ တစ်ခြားအဖွဲ့အစည်း နှင့် နိုင်ငံများ၏ ထောက်ခံမှူနှင့်ပံ့ပူးမှူ များကိုရရှိနိင်မည်ဖြစ်ပြီး၊ မိမိတို့ ဆင်နွဆင်နွဲနေသော တော်လှန်ရေးအတွက်လည်း အောင်မြင်မှူ ရရှိနိုင်မည် ဖြစ်သည်။
========================================================================
မျက်နှာဖုံးပုံ။ Mizoram ငြိမ်းချမ်းရေးအဖွဲ့၏ စေ့စပ်ညှိနှိုင်းပေးမှုဖြင့် တွေ့ဆုံဆွေးနွေးကြသော ICNCC နှင့် CC ခေါင်းဆောင်များ နှင့် မီဇိုးရမ်ပြည်နယ်ဝန်ကြီးချုပ် (အင်္ကျီအဖြူနှင့် အရှေ့အလယ်) (Photo: Khonumthung media)
ဘယ်-ညာ
ပထမတန်း – Salai Hosea, U Nyi Lin Aung, Pu Salai Lian Luai, Pu Lal Duh Awma, Pu Thang Ning Kee, U Min Nyi
ဒုတိယတန်း – Salai Peter Thang, U Aung Thang, Salai Paw Silla, Pu John Zoma, Mai Judith, Dr. Saron par, Pu Tial Hnin, Pu Bawi, Pu Khua Uk Lian,
တတိယတန်း – James J. Tiatlo, Pu Cung, Pu He Dun, Pu Lal Hming Thang, Pu Thang Thuan Pau, Steven