
April 17, 2025, Comment off
ဗျူဟာအရေးကြီးသော ဖလမ်းမြို့ကို ချင်းညီနောင်အဖွဲ့မှ ပေးစပ်မှုများစွာဖြင့် သိမ်းပိုက်
Loyal
Photos : Chin National Organization (CNO)
၂၀၂၅ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့ကို ချင်းညီနောင်အဖွဲ့နှင့် မဟာမိတ်တပ်ဖွဲများမှ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် (Chin National Organizational – CNO) မှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေတွင် Mission Jerusalem (MJ) အမည်ဖြင့် စတင်အကောင်အထည်ဖော်ခဲ့ဖြင်းဖြစ်ပြီး ၅လ ပြည့်မြောက်သည့် နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်းကြေညာခဲ့ခြင်းလည်းဖြစ်သည်။ ဖလမ်းမြို့သိမ်းနိုင်ခြင်းသည် ချင်းညီနောင်အဖွဲ့၏ Matupi (29 Jun. 24), Kyindwe (29 Apr. 24), Mindat (21 Dec. 24), Kanpetlet (22 Dec.24) ပြီးနောက် ၅ ခုမြောက် မြို့သိမ်းအောင်ပွဲဖြစ်သောကြောင့်၊ တော်လှန်ရေးအတွက် အောင်မြင်မှုများ ဆက်တိုက်ရရှိနိုင်ပြီး စွမ်းရည်ရှိတဲ့အဖွဲ့ဖြစ်ကြောင်း ချင်းပြည်သူများရှေ့တွင် သက်သေကြသကဲ့သို့ ပေါ်လွင်နေပါသည်။
ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၈၉ ဦး ကျဆုံးခဲ့ရာ ချင်းညီနောင်အဖွဲ့ဝင်မှ သူနာပြု ၂ ဦးအပါအဝင် ၅၆ ဦးနှင့် မဟာမိတ်အဖွဲ့များမှ ၃၃ဦး ကျဆုံးကြောင်း CNO ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီထွဋ်မှ ပြောသည်။ ဆက်လက်ပြီး ဒဏ်ရာရရှိသူ ၄၆၂ ဦး ကျော်ရှိသည့်အနက် ကိုယ်လက်အင်္ဂါဆုံးရှုံးသူ အယောက် ၃၀ အပါအဝင် ဒဏ်ရာပြင်းထန်သူ ၉၁ဦးရှိသည်။ Mission Jerusalem (MJ) ပြုလုပ်နေစဥ် ၅လအတွင်း စစ်ကောင်စီမှ လေယာဥ်အမျိုးအစားများစွာဖြင့် တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ စုစုပေါင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ရေ ၁,၀၀၀ ကျော်ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ ဖလမ်းကို ၂၀၂၄ ခုနှစ် ၉ ရက်နေ့ကစတင်ပြီးလို့ ဧပြီလ ၇ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ် ဒီအတောအတွင်းမှာ စကစ အနေနဲ့ စစ်ကူကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ တစ်ကြိမ် ၂၀၂၅ ဖေဖော်ဝါရီလမှာ တစ်ကြိမ် နောက်ပြီး မတ်လအတွင်းမှာလည်း ၂ ကြိမ် စစ်ကူတွေ ချထားပါတယ် စစ်ကူလူဦးရေက ၂၀၀ ကျော်လောက်ပေါ့ ထပ်ပေးတယ် ဒါပေမယ့် သူတို့စစ်ကူပေးထားတဲ့ထဲကနေ ၁၅၀ လောက်ကို မြို့မသိမ်းခင်မှာ ကျနော်တို့ ဖမ်းဆီးနိုင်ခဲ့ပါတယ် အခုအခြေအနေကတော့ ခလရ ၂၆၈ မှာ ကလေးနဲ့ တချို့အမျိုးသမီးတွေ ဒဏ်ရာရတဲ့သူတွေကို ချန်ထားတယ် အဲဒီ အယောက် ၅၀ လည်းကျနော်တို့ လက်ထဲမှာ လောလောဆယ်ထိန်းသိမ်းထားပါတယ်။ ထွက်ပြေးတဲ့သူတွေကိုလည်း လိုက်နေပါတယ်။ စစ်သုံ့ပန်းလူဦးရေက အတိကျ ပြောဖို့ စစ်ဆင်ရေးကမပြီးသေးဘူးဆိုတော့ အတိအကျတော့ မရှိသေးဘူး လောလောဆယ်ကတော့ အယောက် ၂၀၀ ဝန်းကျင်ကို ထိန်းသိမ်းထားတဲ့ အခြေအနေမှာရှိပါတယ်” လို့ CNO၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီထွဋ် ပြောသည်။
ဆက်လက်ပြီး လေကြောင်းတိုက်ခိုက်မှုနှင့်ပက်သက်၍ “ငါးလအတွင်းမှ ဂျက်ဖိုက်တာ၊ Y- 12 ရယ်နှင့် ဗုံး ၁၀၀၀ ကျော်ကို ကြဲချခဲ့တယ်၊ ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်လို့ပါ၊ ဘာလို့လဲဆိုတော့ ပြည်ထောင်စုလမ်းမကြီး၊ ကလေးကနေ ဟားခါးကြားထဲမှာရှိတဲ့ မြို့တစ်မြို့ ဖြစ်သလို၊ စီးပွားရေးအရ၊ အိန္ဒိယနယ်စပ်နှင့်လည်း ထိစပ်နေတဲ့ မြို့လည်းဖြစ်တယ်။ ချင်းပြည်နယ် မြောက်ပိုင်းမှာဆိုရင် နိုင်ငံတကာ နယ်နိမိတ်ရှိတာဟာ ဖလမ်းမြို့ဖြစ်တယ်ဆိုတော့ စီးပွားရေးအရ၊ ထောက်ပို့လမ်းကြောင်းအရ၊ မြို့တော်ဟားခါး၊ ဒီဘက် ကလေးမြို့အတွက် သော်လည်းကောင်း လုံခြုံရေးအရ အချက်အချာကျတဲ့ မြို့ဖြစ်တဲ့အတွက်ကြောင့် ငါးလလောက်ကို စကစဘက်ကနေ လူအလုံးအရင်းရော၊ ဂျက်ဖိုက်တာတွေနဲ့ရော ခုခံကာကွယ်နေတာ ဖြစ်ပါတယ်။” ဟု ဆလိုင်းတီမီထွဋ်က ပြောသည်။
ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်အဖွဲ့အပါအဝင် မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသည့် 96 Soldiers PDF, Anti-Fascist Internationalist Front (AIF), Burma National Revolutionary Army (BNRA), Burmese Revolutionary Technical Front (BRTF), Generation Z Army (GZA), Giant Revolution Force (GRF), Harmonious Northern Brothers (HNB), Kalay Revolution Force (KRF), Kalay Urban Guerrilla (Kalay UG), Myingyan Black Tigers (MBT), National Liberation Army (NLA), Revolution Ambulance Wolf (RAW Medical Team), Sagaing Federal Troop (SFT-စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစစု), Yaw Defense Force (YDF), Zo Army (ZA), ကလေးခရိုင် ပကဗ နှင့် Drone အဖွဲ့တို့ ပါဝင်ခဲ့ကြောင်း Chin National Organization ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျွန်တော်တို့က မြင်းခြံဘက်က ဆိုပေမယ့် တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူအားလုံးကို ကိုယ်စားပြုတာ၊ မြို့သိမ်းတိုက်ပွဲတိုက်နိုင်ဖို့ဆိုရင် စစ်ရေစစ်သွေးမြင့်မားဖို့လိုတယ်၊ စစ်အာဏာရှင်ရှိတဲ့နေရာမှန်သမျှကို တိုက်ရမှာ” ဟု Myingyan Black Tigers (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ က Breaking Brainwashed Media(12, Apr, 2025) နှင့် Interview တွင် ဖလမ်းမြို့သိမ်းတိုက်ပွဲသို့ ပါဝင်ဖြစ်ပုံပို ပြောခဲ့သည်။
ထို့အပြင် ဖလမ်းမြို့အတွင်းရှိ Catholic ဘုရားကျောင်းအပါအဝင် ဘာသာရေးအဆောက်အဦး 8 လုံးကျော်၊ လူနေအိမ် ၃၀၀ နီးပါးနှင့် အစိုးရအဆောက်အဦးများစွာ ပျက်စီးခဲ့ရကြောင်း သိရသည်။ အဆိုပါအဆောက်အဦးများမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပျက်စီးရခြင်းဖြစ်ကြောင်း ဆလိုင်းတီမီထွဋ်ထံက သိရသည်။
ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်း ၂၀၀ ကျော် ဖမ်းဆီးထားပြီး ၂၀၂၅ခုနှစ်၊ ဧပြီလ ၁၃ရက် ချင်းအမျိုးသားအဖွဲ့ချုပ်၏ ၄-နှစ်ပြည့်ထုတ်ပြန်ချက် တွင် စစ်သုံ့ပန်းများအား လွတ်ငြိမ်းချမ်းသာခွင့် ပေးကြောင်း ဖော်ပြထားသည်။ Mission Jerusalem (MJ) ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်အဖွဲ့က ဖလမ်းမြို့ ခလရ ၂၆၈ တပ်ကုန်းမှ ငွေသား ကျပ်သိန်း ၄,၅၀၀၊ လက်နက်မျိုးစုံအပြင်၊ ဟောင်ဝေဇာတစ်လက် တို့ကို သိမ်းယူရရှိခဲ့သည်။

“ချင်းပြည်နယ်မှာ ကွဲကွဲပြားပြားတွေရှိခဲ့ပါတယ် ဒါပေမယ့်လည်း အားလုံးရဲ့ဘုံရန်သူဟာ စကစ ဖြစ်ပါတယ် စကစကို တိုက်ပြီးအောင်မြင်ခြင်းဟာ ကျနော်တို့ CNO / CNDF ချင်းညီနောင်ရဲ့ အောင်မြင်ခြင်းဘဲမဟုတ်ပါဘူး။ ချင်းပြည်သူအားလုံးရဲ့ အောင်မြင်ခြင်းဖြစ်ပါတယ်။ ဖလမ်းမြို့မှာ စကစ တည်ရှိနေသ၍ ချင်းပြည်မှာ စကစ ရှိပါတယ်။ အဲလိုဘဲ စကစ ဟားခါးမှာရှိနေသေးရင် ချင်းပြည်နယ်ဟာ မလွတ်မြောက်သေးပါဘူး။ အဲလိုပုံစံဘဲ ဖလမ်းမှာအောင်မြင်မှုရခြင်းဟာ ချင်းလူမျိုးတိုင်းရဲ့ အောင်မြင်ခြင်းဖြစ်တယ်။ ချင်းအမျိုးသားတိုင်းရဲ့ အောင်မြင်ခြင်းက မြန်မာပြည်တစ်ခုလုံး တော်လှန်ရေးရဲ့အောင်မြင်ခြင်းဖြစ်တယ်” ဟု CNO / CNDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က Chin World Media သို့ပြောသည်။
“လက်ရှိ ဖလမ်းအခြေအနေကတော့ မြို့တွင်း သန့်ရှင်းရေးနဲ့ နယ်မြေရှင်းလင်းရေးကို ဆောင်ရွက်နေဆဲ အခြေအနေမှာ ဖြစ်တဲ့အတွက် ဘယ်သူမှ ဝင်ခွင့်မရသေးပါဘူး။ လက်နက်ကိုင်အဖွဲ့တွေပဲ လုံခြုံရေးအရ ကျနော်တို့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေဆဲ အခြေအနေ ဖြစ်တယ်။ စကစဘက်ကတော့ တုန့်ပြန်မှု ဘာမှတော့ မရှိဘူး။ နောက်ပြီးတော့ ခလရ – ၂၆၈ ကနေ ထွက်ပြေးတိမ်းရှောင်သွားတဲ့ သူတွေကိုလည်း ကျနော်တို့ လိုက်နေဆဲဖြစ်တယ်။ မြို့ထဲမှာတော့ မိုင်းထောင်ထားတာတွေတော့မရှိဘူး။ ပြမ်လည်ပြုပြင်ခြင်းနှင့် ပြည်လည်ထူထောင်ရေးပြီးမှပဲ ပြည်သူတွေကို ပြန်ဝင်ခွင့်ပြုမှာပါ။ ဟု ဆလိုင်းတင်မီထွဋ်က ICA သို့ပြောသည်။