ဟားခါးမြို့  (Photo: tourisminmyanmar.com.mm facebook, ၂၀၂၀ ဧပြီလ)

June 13, 2025, Comment off

ဟားခါးမြို့ပေါ်၏ လတ်တလောအခြေအနေများကို လေ့လာခြင်း

Salai Lin

နိဒါန်း

ဟားခါးမြို့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၉ခုနှစ် စာရင်းအရ လူဦးရေ ၂၇,၆၅၄ နေထိုင်သော ချင်းပြည်နယ်၏ မြို့တော်ဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး ၄ နှစ်အကြာ ၂၀၂၅ ခုနှစ်နောက်ပိုင်းတွင် ချင်းပြည်နယ်ရှိ မြို့ကြီး ၉ မြို့ (တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ) အနက် ၆ မြို့ နှင့် မြို့ ၁၁ မြို့ (ကျင်ဒွေး၊ ကျီခါး၊ ခိုင်းကမ်း၊ ဟနရိန်၊ ဆမီး၊ ရိခေါဒါရ်၊ ဝေဘူလ၊ မကွေအိမ်နူး၊ ရေဇွာ၊ လိုင်လင်းပီ၊ ဆူရ်ခွား) အနက် ၁၀ မြို့သည် တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်တွင်ရောက်ရှိနေပြီ ဖြစ်သည်။ စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင်ကျန်ရှိနေသော မြို့ ၃ မြို့တွင် ဟားခါးမြို့ ပါဝင်ပြီး ကျန်မြို့ ၂ မြို့ မှာ တီးတိန်မြို့ နှင့် ခိုင်းကမ်းမြို့ တို့ ဖြစ်သည်။ ထန်တလန်မြို့မှာမူ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ နှင့် အာဏာသိမ်းစစ်ကော်စီတပ် တို့အကြား ထိတွေ့တိုက်ပွဲများ မကြခဏဖြစ်ပွားလေ့ရှိပြီး နှစ်ဖက် တပ်ဖွဲ့များ နေရာယူထားသည့်မြို့အဖြစ် ဆက်လျက်ရှိနေသည်။

ဟားခါးမြို့၏ လူနေမှုအခြေအနေမှာ ဟားခါးမြို့မှ အခြားနေရာများသို့ စစ်ဘေးရှောင်သွားသူများ ရှိသည်ဆိုသော်လည်း ပလက်ဝမြို့နယ်၊ မတူပီမြို့နယ်၊ ထန်တလန်မြို့နယ် နှင့် ဖလမ်းမြို့နယ်တို့မှ စစ်ဘေးရှောင်ပြည်သူများ ဝင်ရောက်လာခြင်းကြောင့် လတ်တလောမြို့ပေါ်နေ လူဦးရေသည် ယခင်ကထက်ပိုမိုများပြားမည်ဟု ခန့်မှန်းရပါသည်။ စစ်ကောင်စီအစိုးရက ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက် နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ခံခဲ့သော်လည်း မြို့နယ်တစ်ခုလုံးကို လွှမ်းခြုံကောက်ခံနိုင်ခဲ့ခြင်း မရှိသည့်အပြင် မြို့နေလူဦးရေ နှင့် ကျေးလက်နေ လူဦးရေကို ခွဲ၍ ဖော်ပြနိုင်ခဲ့ခြင်းမရှိပါ။

၂၀၁၉ ခုနှစ် ဟားခါးမြို့နယ်၏ လူဦးရေ (မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၂၀၂၀ ဇန်နဝါရီ)
၂၀၁၉ ခုနှစ် ဟားခါးမြို့နယ်၏ လူဦးရေ (မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟားခါးမြို့နယ် ဒေသဆိုင်ရာအချက်အလက်များ ၊ ၂၀၂၀ပြည့်နစ်၊ဇန်နဝါရီလ)

ဟားခါးမြို့တွင် စစ်ကောင်စီ၏ ယန္ဒရားများ အပြည့်အဝ မဟုတ်သော်လည်း ဆက်လက်လည်ပတ်နေသည် ဟု ဆိုနိုင်သည်။ CDM ဝင်ပြီး စစ်အစိုးရကို ဆန့်ကျင်တော်လှန်သော ဝန်ထမ်းများနေရာတွင် အခြားသောဝန်ထမ်းအသစ်များ အစားထိုးခန့်အပ်ပြီး ဌာနတိုင်းလည်ပတ်နိုင်အောင်ကြိုးစားသည့် စစ်ကောင်စီ၏ လုပ်ဆောင်မှုများလည်း ရှိသည်။ အဓိကအားဖြင့် ဌာနအများစုသည် စစ်တပ်မှလုံခြုံရေးယူထားသော မန်းထာ(Mangtha) တည်းခိုခန်း နှင့် စုပေါင်းရုံး တွင် ရုံးလုပ်ငန်းများလုပ်ကိုင်ကြသည်။ ထိုနေရာများတွင် စစ်တပ်မှ ဂျမ်ဘာများတပ်ဆင်ခြင်း၊ ဘန်ကာများ အခိုင်အမာ ဆောက်လုပ်ခြင်း နှင့် တင်းကျပ်သော အဝင်အထွက် စစ်ဆေးခြင်းများကို လုပ်ဆောင်ကြသည်။ ဌာနဆိုင်ရာအကြီးအကဲအများစုသည်လည်း ဝန်ထမ်းအိမ်ယာများတွင် နေထိုရဲခြင်းမရှိဘဲ သူတို့လုံခြုံသည်ဟုခံယူထားသည့် မန်းထာတည်းခိုခန်းတွင်သာ နေထိုင်ကြပြီး ထိုနေရာမှသာ ရုံးလုပ်ငန်းများ ကို နေ့စဉ်လုပ်ဆောင်ကြသည်။ စစ်ကော်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများကို လည်း မြို့နဲ့ဝေးရာ နှင့် မြို့ပြင်ထွက်ခွင့်များကို စစ်ကော်စီက ကန့်သတ်ထားကြောင်း အတွင်းသတင်းများအရသိရသည်။ 

ဟားခါးမြို့ ဈေးသစ်ရက်ကွက် မြင်ကွင်း၊ ၂၀၂၅ ဇန်နဝါရီလတွင် ရိုက်ကူးထားသည်။ (Photo: Salai Lin)
ဟားခါးမြို့ ဈေးသစ်ရက်ကွက် မြင်ကွင်း၊ ၂၀၂၅ ဇန်နဝါရီလတွင် ရိုက်ကူးထားသည်။ (Photo: Salai Lin)

မြို့တွင်းလုံခြုံရေး

ဟားခါးမြို့တွင် ဒေသခံတော်လှန်ရေးတပ် နှင့် စစ်ကောင်စီတပ်အကြား မကြာခဏ ပစ်ခတ်မှု၊ အချင်းချင်းကြား တပ်ဖွဲ့ဝင်ဖမ်းဆီးမှုများ ရှိသည်။ အထူးသဖြင့် ဒေသခံတော်လှန်ရေးတပ်မှ မြို့ထဲဝင်၍ စစ်ကော်စီတပ်ဖွဲ့ဝင်များကို မကြာခဏ ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်ကြသည်။ မိမိဆန္ဒအလျောက် တော်လှန်ရေးတပ်ဖွဲ့များထံ သွားရောက်ခိုလှုံသော စစ်ကော်စီတပ်များ၏သတင်းများလည်း လစဉ် ကြားသိရသည်။ ဟားခါးမြို့ထဲတွင် စစ်ကောင်စီတပ်များသည် ရုန်း(Rung) တောင်၊ မြို့မရဲစခန်း၊ ခရိုင်ရဲစခန်း၊ မန်းထာတည်းခိုခန်း၊ အင်းဝဘဏ်အနီး ၊ စုပေါင်းရုံး နှင့် မြန်မာ့စီးပွားရေးဘဏ် တို့တွင် တပ်စွဲထားကြသည်။ စစ်ကောင်စီတပ်များသည် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်အဖြစ် ၃ ဂိတ် ( ၆လမ်းဆုံစစ်ဆေးရေးဂိတ်၊ ကျောဘုတ်(Cawbuk)စစ်ဆေးရေးဂိတ် နှင့် ဂန့်ဂေါလမ်းအထွက်ရုန်းတောင်စစ်ဆေးရေးဂိတ်) ထားရှိကြပြီး ခရီးသွားပြည်သူများကို တင်းကျပ်သော စစ်ဆေးမှုများ ပြုလုပ်လေ့ရှိကြသည်။ အထူးသဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်နိုင်သည်ဟု ယူဆသော ကုန်ပစ္စည်းများဖြစ်သည့် ဘက်ထရီ၊ ဆိုလာ နှင့် ဝါယာကြိုးကဲ့သို့သော လျပ်စစ်ပစ္စည်းသယ်ယူမှုများကို တင်းကြပ်စွာ တားမြစ်ထားသည်။ မြို့တွင်းရှိ နာရီစင်လမ်းဆုံ၊ အင်းဝဘဏ်အနီး နှင့် ထန်တလန်လမ်းခွဲ တို့တွင်လည်း မကြာခဏနေရာယူပြီး စစ်ဆေးမှုများ လုပ်ဆောင်လေ့ရှိကြသည်။ မြို့ပေါ်တွင် ပွဲလန်းသဘင်များ၊ သာရေးနာရေး ပွဲများ လုပ်ဆောင်မည်ဆိုပါကလည်း ပွဲတက်ရောက်နိုင်ခြေရှိသော လူဦးရေစာရင်းကိုဖော်ပြပြီး စစ်ကော်စီထံ ကြိုတင်ခွင့်ပြုချက်ရယူပြီးမှသာ လုပ်ဆောင်ရကြသည်။ 

ည ၆ နာရီနောက်ပိုင်း အပြင်မထွက်ရ အမိန့် (မာရှယ်လော) နှင့် ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၁) ရက်နေ့တွင် ထပ်မံထုတ်ပြန်သော ဆိုင်ကယ် ၁ စီး လျှင် ယောကျ်ားလေး ၂ ဦး မစီးရ ‌ဒေသန္တရ အမိန့်သည်လည်း အသက်ဝင်ဆဲဖြစ်သည်။ သို့သော် ယောကျ်ားလေး ၂ ဦး ဆိုင်ကယ်စီးခြင်း၊ မိန်းကလေးနောက်တွင် ယောကျ်ားလေး ဆိုင်ကယ်လိုက်စီးခြင်း နှင့် ည ၆ နာရီနောက်ပိုင်း လမ်းလျှောက်အပြင်ထွက်ခြင်း များစွာရှိနေသည်ကို တွေ့ရှိရသည်။ ဤအမိန့်ကြောင့်  ဖမ်းဆီးထိန်းသိမ်းခံရမှု မျိုးကိုမူ ယနေ့ အချိန်အထိ မတွေ့ရှိရပါ။ 

၂၀၂၁ ဖေဖော်ဝါရီလတွင် နိုင်ငံတော်အာဏာသိမ်းမှုကို ဟားခါးမြို့၌ ဆန္ဒပြကြနေသော အမှုထမ်းများနှင့် ကျောင်းသု/သားများ (Photo: Khonumthung news)
၂၀၂၁ ဖေဖော်ဝါရီလတွင် နိုင်ငံတော်အာဏာသိမ်းမှုကို ဟားခါးမြို့၌ ဆန္ဒပြကြနေသော အမှုထမ်းများနှင့် ကျောင်းသု/သားများ (Photo: Khonumthung news)

ဆက်သွယ်ရေး နှင့် သယ်ယူပို့ဆောင်ရေး

ဟားခါးမြို့တွင် မတ်လ (၁၃) ရက်၊ ၂၀၂၅ ခုနှစ် မှ စ၍ လျှပ်စစ်မီးပြတ်တောက်ခြင်း၊ ဖုန်းလိုင်းများပြတ်တောက်ခြင်း နှင့် အင်တာနက်လိုင်းများအားလုံးလည်း ပြတ်တောက်ခြင်းများ ဖြစ်ခဲ့သည်။ ယနေ့ချိန်ထိ လျှပ်စစ်မီးပြန်မရသေးဘဲ မြို့ပေါ်တွင် ဆိုလာစစ်နစ်များကို တွင်ကျယ်စွာအသုံးပြုလာကြသည်။ ကိုယ်ပိုင်မီးစက်အသုံးပြုသူများလည်း ရှိသည်။ ဖုန်းအားသွင်းခြင်း၊ power bank နှင့် အခြားသောလျှပ်စစ်ပစ္စည်းများ အားသွင်းရန်အတွက် မီးစက် အသုံးပြုသူများထံ ငွေကြေးပေးချေပြီး အားသွင်းရကြသည်။ ချက်ပြုတ်ရေးအတွက် Gas ကို အထူးမှီခို အသုံးပြုကြခြင်းကြောင့် ရံဖန်ရံခါ မြို့ပေါ်တွင် Gas ပြတ်တောက်မှုများလည်း ဖြစ်လေ့ရှိသည်။ အခြေခံလူတန်းစားများအနေဖြင့် မီးသွေးကို အဓိကထား အသုံးပြုကြပြီး မီးသွေးတစ်အိတ်လျှင် ၂၅,၀၀၀ ကျပ် ခန့် ဈေး ရှိသည်။ အင်တာနက်လိုင်းမှာ ယနေ့အထိပြန်မရသေးဘဲ မေလ အစောပိုင်းအချိန်မှစ၍ Chinland net, Shwe Hakha နှင့် Hakha Net ကဲ့သို့သော အဖွဲ့အစည်းများမှ ဝိုင်ဖိုင်စစနစ်များကို ပြန်လည်လုပ်ဆောင်လာကြပြီး ဝိုင်ဖိုင်စက်များ ရောင်းချတတ်ဆင်ပေးခြင်းများပြုလုပ်လာကြကာ မြို့ပေါ်တွင် Wifi ဖြင့် အင်တာနက် ပြန်လည်စတင်အသုံးပြုလာနိုင်ကြသည်။ ဖုန်းလိုင်းများမှာမူ ပြန်လည်အသုံးပြုနိုင်ခြင်းမရှိသေးပေ။ သို့သော် MPT ဖုန်းလိုင်းကို မြို့ပေါ်၏ အချို့သောနေရာများတွင် အသုံးပြုနိုင်ပြီး ဖုန်းလိုင်းမှာမူ တည်ငြိမ်မှု မရှိသေးပေ။ 

ဟားခါးမြို့သို့ အဓိက ကုန်စည်စီးဆင်းရာလမ်းကြောင်းဖြစ်သည့် ဟားခါး-ကလေး လမ်း နှင့် ဟားခါး-ဂန့်ဂေါလမ်း သည်လည်း မကြာခဏ လမ်းပိတ်လေ့ ရှိခြင်းကြောင့် ဟားခါးမြို့တွင် ကုန်ဈေးနှုန်းများ လစဉ် မြင့်တက်လျက်ရှိသည်။ ၂၀၂၅ ခုနှစ် ဇွန်လအတွင်း ကောက်ခံမေးမြန်းသည့် အဓိက ကုန်စည်ဈေးနှုန်းများမှာ – 

စဉ် ပစ္စည်းအမျိုးအစား ရေတွက်ပုံ တစ်ခုချင်းဈေးနှုန်း မှတ်ချက်
ဆန် (ဧရာမင်း) 50 KG အိတ် ၂၀၀,၀၀၀ ကျပ်
စားဆီ ၁ ပိသာ ၁၅,၀၀၀ ကျပ်
ကြက်သွန်နီ ၁ ပိသာ ၄,၀၀၀ ကျပ်
အမဲသား (CB ကြက်) ၁ ပိသာ ၂၅,၀၀၀ ကျပ်
ကြက်သား ၁ ပိသာ ၃၅,၀၀၀ ကျပ်
မီးသွေး ၁ အိတ် ၂၅,၀၀၀ ကျပ်
ကြက်ဉ ၁ လုံး ၇၀၀ ကျပ်
ဓာတ်ဆီ ၁ လီတာ ၇,၀၀၀ ကျပ်
ဆား ၁ ထုတ် ၂,၅၀၀ ကျပ်
၁၀ အာလူး ၁ ပိသာ ၅,၀၀၀ ကျပ်

၂၀၂၅ ခုနှစ် ဇွန်လအတွင်း ကောက်ခံမေးမြန်းသည့် ဟားခါးမြို့တွင်း အဓိက ကုန်စည်ဈေးနှုန်းများ

အထက်ဖော်ပြပါဈေးနှုန်းပြဇယားသည် ဟားခါးမြို့တွင်း စားသုံးကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်နေမှုကို ဖော်ပြနေပါသည်။ ဟားခါးမြို့၏ ဘဏ်စနစ်သည်လည်း မြန့်မာ့စီးပွားရေးဘဏ်မှလွဲ၍ ပုဂ္ဂလိက ဘဏ်များအားလုံး ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်သွားသည့် ၂၀၂၅ ခုနစ် မတ်လ အစောပိုင်းမှစ၍ လည်ပတ်နိုင်ခြင်း မရှိတော့ပါ။ ငွေသားထုတ်ယူလိုသူများ အနေဖြင့် Agent များထံတွင် ၁.၅ ရာခိုင်းနှုန်းပေးပြီး ထုတ်ယူသုံးစွဲနေရသည့် အခြေအနေ ဖြစ်သည်။

“အခုမိုးတွင်းရောက်လာတော့ ရေ တော့ တော်တော်လေး အဆင်ပြေလာပြီ။ နွေရာသီတုန်းကဆို ရေလည်း တအားရှားတယ်။ လီတာ ၁၀၀၀ ကို ၂၀,၀၀၀ ကျပ်လောက် ပေးဝယ်ရတယ်။ ခုမိုးတွင်းကြတော့ လျှပ်စစ်မီးမရတာက အဓိက ပြသနာလို ဖြစ်လာတယ်။ ဟားခါးက မိုးတွင်းဆို နေရောင်မမြင်ရဘူး။ အဝတ်အစားတွေ လျှော်ရင်လည်း တော်တော်နဲ့မချောက်နိုင်ဘူး။ မီးသွေးမီးဖို အပူကိုအားကိုပြီး မီးဖိုနဲ့ကပ်ပြီး လှမ်းထားရတယ်။ တဖက်မှာ မီးသွေးကလည်း ဈေးကြီးပြန်ရော ဆိုတော့ မလွယ်ဘူး။ ဖုန်းလိုင်းကတော့ ပုံမှန်မဟုတ်ပေမယ့် မြို့ထဲမှာ ရတဲ့နေရာလေးတွေရှိတယ်။ လိုအပ်ရင် အဲဒီကို သွားသုံးလို့ရတယ်။ အင်တာနက်လည်း သူများအိမ်သွားပြီး တခါတလေ သုံးဖြစ်တယ်။ လျှပ်စစ်မီးမရတော့ ဝိုင်ဖိုင်စက် ရှိတဲ့လူတွေလည်း ပုံမှန် ဝိုင်ဖိုင်မလွှင့်နိုင်ဘူး။ ဖုန်းသုံးတဲ့သူတွေရော ဝိုင်ဖိုင်သုံးတဲ့သူတွေရော မြို့ထဲမှာလျှပ်စစ်မီးက မရတော့ မီးစက်သုံးတဲ့ အိမ်တွေ၊ ဆိုင်တွေမှာ ဖုန်းတွေ၊ ပါဝါဘက် (power bank) တွေကို သွားသွင်းထားရတယ်။ တချို့က ပိုက်ဆံပေးသွင်းရတယ်ပြောတယ်။ ကျနော်ကတော့ ရုံးက အသိတယောက်ကို ပါးပြီး သူက ရုံးမှာ အလကားသွင်းပေးတယ်။ ကုန်ဈေးနှုန်းတွေက တက်၊ မီးက မရ၊ ဖုန်းလိုင်းက မမှန် ဆိုတော့ ဟားခါး လူနေမှုစနစ်ကလည်း ကြပ်ကြပ်တည်းတည်း ဖြစ်လာတယ်” ဟု ဟားခါးမြို့၊ ပြည်တော်သာ ရပ်ကွက်တွင်နေထိုင်သော မြို့ခံပြည်သူတစ်ဦးက ပြောသည်။

ဟားခါးမြို့ တစ်နေရာတွင် အိမ်းတွင်းသုံးလျှပ်စစ်ပစ္စည်းများ စုပေါင်း အားသွင်းထားပုံ (Photo: Salai Lin)
ဟားခါးမြို့ တစ်နေရာတွင် အိမ်းတွင်းသုံးလျှပ်စစ်ပစ္စည်းများ စုပေါင်း အားသွင်းထားပုံ (Photo: Salai Lin)

ပညာရေး နှင့် ကျန်းမာရေး

ဟားခါးမြို့တွင် မြို့နယ်ပြည်သူ့ဆေးရုံကြီး နှင့် ခရစ်ယာန်အသင်းတော်များမှ ဦးစီးဖွင့်လှစ်သည့် Agapeဆေးခန်း တို့ကို ပြည်သူများ အဓိကအားထားအသုံးပြုနေကြသည်။ ထို့အပြင် Hakha Clinic, Victoria Clinic, Beulah Clinic, Bethesda Clinic, Home Clinic နှင့် Cuai Cuai Clinic စသော ပြင်ပပုဂ္ဂလိက ဆေးခန်းများ နေ့စဉ် ဖွင့်လှစ်လျက်ရှိသည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် ဟားခါးမြို့ပေါ်တွင် အခြေခံပညာ ကျောင်း ၆ ကျောင်းကို ဆက်လက် ဖွင့်လှစ်ထားသည်။ ၎င်းတို့မှာ အထက (၁)၊ အထက (၂)၊ အထက (၃)၊ အထက (၄)၊ အမက ရဲကုန်း နှင့် မူလွန် တပ်ကုန်းတို့ဖြစ်သည်။ အမက ရဲကုန်း နှင့် မူလွန် တပ်ကုန်းတို့တွင် ရဲသား နှင့် စစ်သားမိသားစုဝင် ကလေးများသာ တက်ရောက်ကြပြီး ကျန်သောကျောင်းများတွင် မြို့ပေါ်နေပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများ နှင့် စစ်ကော်စီဌာနဆိုင်ရာ ဝန်ထမ်းများ၏ သားသမီးများ တက်ရောက်နေကြသည်။ အထက (၃) သည် ၂၀၂၄-၂၅ ပညာသင်နှစ် အစောပိုင်းတွင် ဖွင့်လှစ်ခြင်း မရှိသော်လည်း ပညာသင်နှစ်နှောင်းပိုင်းတွင် မတူပီ နှင့် ပလက်ဝမြို့နယ်ဖက်မှ အရေအတွက်များသည့်စစ် ဘေးရှောင်များရောက်ရှိလာပြီး ထိုစစ်ဘေးရှောင်များအတွက် ဦးတည်ပြန်လည် ဖွင့်လှစ်ခဲ့ဟန်တူသည်။ 

၂၀၂၅-၂၆ ပညာသင်နှစ်အတွက် ဟားခါးမြို့တွင် ကိုယ်ပိုင်ကျောင်းများစွာ ပေါ်ထွက်လာသည်။ ယခင်နှစ်တွင် ကိုယ်ပိုင်ကျောင်း ၇ ကျောင်းခန့်သာ ရှိသော်လည်း ယခုနှစ်တွင် ၈ ကျောင်းခန့်ထပ်တိုးလာပြီး ဟားခါးမြို့တွင် ကိုယ်ပိုင်ကျောင်း ၁၅ ကျောင်းနှင့်အထက် ရှိလာခဲ့သည်။ သီးခြားစစ်ဘေးရှောင်များအတွက် ဖွင့်လှစ်သည့် ကျောင်း ၁ ကျောင်းလည်း ရှိသည်။ စစ်ကော်စီကျောင်းနဲ့ ချိတ်ဆက်ဖွင့်လှစ်သူများ ရှိသကဲ့သို့ စစ်ကောင်စီကျောင်းနဲ့ချိတ်ဆက်မှုမရှိဘဲ သီးခြားဖွင့်လှစ်သည့် ကျောင်းများလည်း ရှိသည်။ စစ်ကော်စီသည် ၎င်း၏ ထိန်းချုပ်မှုအောက်တွင် တည်ရှိသည့် မည်သည့်ကျောင်း၊ ပညာရေး လုပ်ငန်းများမဆို ၎င်းတို့၏ ကြီးကြပ်မှု၊ စစ်ဆေးမှုကို ခံယူရန် ပုံမှန် ဖိအားပေးလျက်ရှိသည်။ ဟားခါးမြို့ပေါ်မှလွဲ၍ ကျန်မြို့နယ် တခုလုံး၏ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး စသော ကန္ဒအားလုံးသည် ဒေသခံတော်လှန်ရေးတပ်၏ လက်အောက်တွင်သာ ရှိသည်။

နိဂုံး

၂၀၂၅ ခုနှစ်အစောပိုင်းတွင် ဒေသခံတော်လှန်ရေးတပ်များမှ ဟားခါးမြို့သိမ်းပွဲကို ဆင်နွှဲရန်ရှိသည် ဟူသော သတင်းများ ပျံ့နှံ့ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုသတင်းမှာ ပြန်လည်ငြိမ်သက်သွားခဲ့သည်။ မြို့တွင်းနေရာများတွင် တပ်စွဲထားကြသည့် စစ်ကော်စီတပ်များသည် နေရာအနှံ့တွင် cctv များတပ်ဆင်ခြင်း၊ ဒရုန်းတိုက်ခိုက်မှုကိုကာကွယ်နိုင်ရန်အတွက် jammer များတပ်ဆင်ခြင်း၊ အစိုးရအဆောက်အဦးများကို အုတ်တံတိုင်းနှင့်သံဆူးကြိုးများဖြင့် အခိုင်အမာ ကာရံခြင်း၊ မြို့တွင်းတွင် တင်းကြပ်သောစစ်ဆေးမှုများမကြာခဏ ပြုလုပ်ခြင်း နှင့် ၎င်းတို့တပ်စွဲရာနေရာများတွင် ခိုင်မာသော ဘန်ကာများ ဆောက်လုပ်ခြင်း များကို လုပ်ဆောင်ကြသည်။ ဒေသခံတော်လှန်ရေးတပ်ဖက်ကလည်း ပြင်ဆင်မှုများစွာ ပြုလုပ်နေဟန်ရှိပါသည်။ ဟားခါးမြို့သိမ်းတိုက်ပွဲသည်လည်း များမကြာမီကာလများတွင် ဖြစ်လာနိုင်ခြေရှိသည်ဟု ခန့်မှန်းရပါသည်။

၂၀၂၅ ၊ ဇွန်လ

—-

Feature image: ဟားခါးမြို့  (Photo: tourisminmyanmar.com.mm facebook, ၂၀၂၀ ဧပြီလ)