November 14, 2025, 0 Comments
ချင်းလူမျိုးများအပေါ် စစ်ကော်မရှင်မှ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၃၃၀ ပြုလုပ်၊ ၃၆၆ဦး ကျော်သေဆုံး
(၂၀၂၁ ဖေဖော်ဝါရီလ ၁ မှ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၃၁ ထိ)
Loyal Van
နိဒါန်း
စစ်ကော်မရှင်မှ အာဏာသိမ်းယူပြီးနောက် နိုင်ငံအရပ်ရပ်မှ ပြည်သူများမှ ခုခံတော်လှန်ခဲ့ပြီး စစ်ကော်မရှင်မှလည်း လက်နက်ငယ်၊ လက်နက်ကြီးများသာမက ရွေးကောက်ပွဲကာလ နီးလာသထက်နီးလာသည်နှင့် အတူ စစ်ကော်မရှင်မှ လေကြောင်းတိုက်ခိုက်မှုများလည်း အကြိမ်ကြိမ် ပိုမိုပြုလုပ်ခဲ့သည်။ ချင်းပြည်နယ်နှင့် ချင်းပြည်နယ်ပြင်ပ (စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်) ရှိ ချင်းလူမျိုးများနေထိုင်ရာ ဒေသများသို့ လေးနှစ်ခွဲတာ ကာလအတွင်း စစ်ကော်မရှင်မှ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၃၃၀ ကျော်ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ထိုသို့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ချင်းလူမျိုးစုစုပေါင်း ၃၆၆ ဦးသေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူစုစုပေါင်း ၁,၁၀၀ ကျော်အထိရှိသည်။
(မှတ်ချက်။ ။လေကြောင်းတိုက်ခိုက်မှုရေတွက်ရာတွင် တစ်ရက်အတွင်း တိုက်ပွဲတစ်နေရာသို့ လေကြောင်းတိုက်ခိုက်မှု ၁၀ခါပြုလုပ်ပါက တစ်ကြိမ်ဟုရေတွက်ထားသည်။ လေယာဥ်အရေအတွက်နှင့် ကြဲချသာ ဗုံးအရေအတွက်ကို သီးသန့်ရေတွက်ထားသည်။)
အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ
စစ်ကော်မရှင်မှ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၃၁ရက်အထိ ၄နှစ်ခွဲတာ ကာလအတွင်း စစ်ကော်မရှင်မှ ချင်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၂၅၂ ကျော်ပြုလုပ်ခဲ့ပြီး ရဟတ်ယာဥ်၊တိုက်လေယာဥ်နှင့် အခြားစစ်တပ်သုံးယာဥ် အစီးပေါင်း ၄၀၀ကျော်ဖြင့် ဗုံးအလုံးရေ ၂,၃၅၆ကျော် ကြဲချတိုက်ခိုက်ခဲ့သည်။ ထိုသို့တိုက်ခိုက်မှုများကြောင့် ချင်းပြည်နယ်အတွင်းရှိ လူနေအိမ် ၁,၁၀၀ကျော်၊ ဘာသာရေးအဆောက်အဦး (ဘုရားကျောင်းနှင့် ဘုန်းကြီးကျောင်း) ၈၁လုံးနှင့် အစိုးရအဆောက်အဦး ၉၀ ကျော်ပျက်စီးခဲ့ရသည်။ ထို့အပြင် ချင်းလူမျိုးအရပ်သားပြည်သူ အယောက် ၁၃၅ဦးကျော် သေဆုံးခဲ့ရပြီး ချင်းအမျိုးသား တော်လှန်ရေးအဖွဲ့၀င် ၁၁၅ဦး ထက်မနည်းသေဆုံးခဲ့ရသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ထိခိုက်ဒဏ်ရာရရှိသူ ၈၃၅ဦး ကျော်ရှိသည်။
ဆက်လက်ပြီး ချင်းပြည်နယ်ပြင်ပ (စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုက်ပြည်နယ်)ရှိ ချင်းလူမျိုးများနေထိုင်သော အရပ်ဒေသများသို့ စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု အကြိမ်ေပါင်း ၈၀ ထက်မနည်းပြုလုပ်ခဲ့သည်။ ထို အကြိမ် ၈၀ ကျော်တွင် ရဟတ်ယာဥ်၊ တိုက်လေယာဥ်နှင့် အခြားစစ်တပ်သုံးယာဥ် ၁၁၂ စီးကျော်ဖြင့် ဗုံးအလုံးရေပေါင်း ၅၀၀ ကျော်ဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် လူနေအိမ်အဆောက်အဦး ၁,၀၇၄ ကျော်, ဘာသာရေးအဆောက်အဦး (ဘုရားကျောင်းနှင့် ဘုန်းကြီးကျောင်း) ၁၅လုံးနှင့် အစိုးရအဆောက်အဦး ၁၁လုံး ကျော်ပျက်စီးခဲ့ရသည်။ ချင်းလူမျိုးအရပ်သားပြည်သူ အယောက် ၁၀၀ကျော် သေဆုံးခဲ့ရပြီး ချင်းအမျိုးသား တော်လှန်ရေးအဖွဲ့ အယောက် ၁၆ဦး ထက်မနည်းသေဆုံးခဲ့ရသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ထိခိုက်ဒဏ်ရာရရှိသူ ၂၄၃ ဦး ကျော်ရှိသည်။

စစ်ကော်မရှင်သည် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ အတွင်း ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု ၁၃ ကြိမ် အထိ ပြုလုပ်ခဲ့ရာ လေကြောင်းဗုံးကြဲချမှု ဗုံးအလုံးရေ ၂၀ ကျော် ကြဲချခဲ့သည်။ ဤလေကြောင်းတိုက်ခိုက်မှုတွင် အရပ်သားပြည်သူ ၇ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၂၅ဦးကျော်ရှိသည်။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ မြို့မ (၂) ရပ်ကွက်၊ (၁၀) မိုင်ကုန်း မင်္ဂလာဆောင်ပွဲကို ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၄ရက် နံနက် ၉ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် ၄ ဦး အသက်သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
၄နှစ်ကျော်အတွင်း မြို့နယ်နှင့် ခုနှစ်အလိုက် လေကြောင်းတိုက်ခိုက်မှု
စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၃၀ ကျော်တွင် မင်းတပ်မြို့နယ်တွင် အကြိမ် ၁၀၀ ကျော်ဖြင့် အများဆုံး ဖြစ်ကာ ချင်းပြည်နယ်ပြင်ပ(စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်) ရှိ ချင်းလူမျိုးများ နေထိုင်ရာဒေသများ၌ အကြိမ် ၈၈ ကျော်ဖြင့် ဒုတိယ အများဆုံးဖြစ်သည်။ ချင်းပြည်နယ်အတွင်း အကြိမ် ၃၀ ကျော်ဖြင့် ဖလမ်းမြို့နယ်တွင် ဒုတိယ အများဆုံးဖြစ်သည်။ သို့သော် စစ်ကော်မရှင်၏ ဗုံးကြဲကျမှုရေတွက်ရာတွင် ဖလမ်းမြို့နယ်တွင် ဗုံးအလုံးပေါင်း ၁,၃၅၀ ကျော်ဖြင့် အများဆုံးဖြစ်ပြီး ဗုံးအလုံးရေ ၆၁၁လုံးကျော်ဖြင့် မင်းတပ်မြို့နယ်တွင် ဒုတိယအများဆုံးနှင့် ချင်းပြည်နယ် ပြင်ပ ချင်းလူမျိုးများ နေထိုင်ရာဒေသများတွင် ဗုံးအလုံးရေ ၅၅၀ ကျော်ဖြင့် တတိယ အများဆုံး ဖြစ်သည်။

ချင်းလူမျိုးများ သေဆုံးမှု
စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် ချင်းပြည်နယ်နှင့် ချင်းပြည်နယ်ပြင်ပရှိ ချင်းလူမျိုးများအပေါ် အာဏာသိမ်း စစ်တပ်၏ မတရားဖိနှိပ်မှုကြောင့် ချင်းလူမျိုး စုစုပေါင်း ၁,၁၂၇ဦးကျော် သေဆုံးခဲ့ပြီးဖြစ်သည်။

ထိုအထဲတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်သူ စုစုပေါင်း ၂၃၅ ကျော်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၁၃၁ဦးကျော် သေဆုံးခဲ့ရသည်။
အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနှင့် ဓလေ့ထုံးတမ်းဥပဒေ ချိုးဖောက်မှုများ
ပဋိပက္ခအတွင်း၌ အရပ်သားပြည်သူများအပေါ် ကာကွယ်မှုပေးရေး (Civilian Protection) သည် အရေးကြီးဆုံးသော အရာတစ်ခုဖြစ်သည်။ ဤကာကွယ်မှုကို အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ (International Humanitarian Law – IHL) နှင့် ဓလေ့ထုံးတမ်းဥပဒေ (Customary International Humanitarian Law) တို့တွင် အဓိကထားကာ ပြဋ္ဌာန်းထားသည်။
IHL နှင့် ဓလေ့ထုံးတမ်း IHL တို့၏ ကွဲပြားချက်
အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ (IHL) သည် ဂျီနီဗာကွန်ဗင်းရှင်း လေးရပ် (၁၉၄၉) နှင့် ၎င်းတို့၏ နောက်ဆက်တွဲသဘောတူညီချက်များ (၁၉၇၇) တို့ကို အဓိကဆိုလိုသည်။ ဤစာချုပ်မူအရ IHL သည် သက်ဆိုင်ရာစာချုပ်များကို လက်မှတ်ရေးထိုးထားသော နိုင်ငံများအတွက်သာ စည်းနှောင်မှုရှိသည်။
ဓလေ့ထုံးတမ်း IHL မှာမူ နိုင်ငံတကာမှ လက်ခံထားသော အလေ့အထနှင့် နိုင်ငံများ၏ တရားဝင်ကျင့်သုံးမှုများမှ ဆင်းသက်လာသော စည်းမျဥ်းများဖြစ်ပြီး၊ စာချုပ်များကို လက်မှတ်ရေးထိုးထားသည်ဖြစ်စေ၊ မရေးထိုးထားသည်ဖြစ်စေ နိုင်ငံအားလုံးအပေါ် စည်းနှောင်မှုရှိသည်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သည် ဓလေ့ထုံးတမ်း IHL ၏ စည်းမျဥ်း ၁၆၁ ခုကို ၂၀၀၅ ခုနှစ်တွင် စုစည်းထုတ်ဝေခဲ့သည်။
ဤဥပဒေနှစ်ရပ်လုံးတွင် IHL ၏ အခြေခံမူများဖြစ်သော ခွဲခြားမှုမူ (Distinction)၊ အချိုးအစားညီမျှမှုမူ (Proportionality)၊ကြိုတင်ကာကွယ်ခြင်းမှု (Prevention) တို့ကို အခြေခံထားသည်။ ၎င်းမူများသည် တိုက်ပွဲအတွင်းပါဝင်သူများ (စစ်ကောင်စီနှင့် ခုခံတော်လှန်ရေးအဖွဲ့များ) နှင့် အရပ်သားပြည်သူများအကြား အမြဲတစေခွဲခြားရန်၊ အင်အားသုံးစွဲမှုကို အချိုးအစားညီမျှစွာထိန်းသိမ်းရန်၊ လူသားချင်းစာနာမှုအခြေခံမူများ (မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများနှင့် သေဆုံးမှုများကို ရှောင်ရှားရန်)၊ အရပ်ဘက်ဆိုင်ရာ အဆောက်အဦးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦးများကို ကာကွယ်ရန် စသည့်အချက်များကို ရှင်းလင်းစွာ သတ်မှတ်ထားသည်။
ချင်းရေးရာအဖွဲ့ (ICA) ၏ စာရင်းဇယားများအရ စစ်ကောင်စီသည် ချင်းအမျိုးသားများအပေါ် လေကြောင်းတိုက်ခိုက်မှု ၂၅၀ ကြိမ်ထက်မနည်း ပြုလုပ်ရာ၌ ချင်းလူမျိုးသေဆုံးသူ ၃၆၆ဦးထက်မနည်းရှိသည့်အနက် ၁၃၁ဦးသာ ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင် ဖြစ်ပြီး ကျန် ၂၃၅ဦးသည် အပြစ်မဲ့သာမန်အရပ်သားပြည်သူများဖြစ်ကြသည်။
ဤသည်မှာ စစ်ကောင်စီသည် IHL နှင့် ဓလေ့ထုံးတမ်း IHL နှစ်ရပ်လုံးတွင် ပြဋ္ဌာန်းထားသော အရပ်သားများနှင့် တိုက်ပွဲဝင်စစ်သည်များအကြား ခွဲခြားရမည့်စည်းမျဥ်း၊ အရပ်ဘက်အဆောက်အဦးများနှင့် စစ်ရေးဆိုင်ရာရည်မှန်းချက်များအကြား ခွဲခြားရမည့်စည်းမျဥ်းများကို ရှင်းရှင်းလင်းလင်း ချိုးဖောက်နေခြင်းဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသော ဂျီနီဗာကွန်ဗင်းရှင်းများအရ စည်းနှောင်မှုရှိသော IHL ကိုသာမက၊ မြန်မာနိုင်ငံ လက်မှတ်ရေးထိုးထားသည်ဖြစ်စေ၊ မရေးထိုးထားသည်ဖြစ်စေ လိုက်နာရမည့် ဓလေ့ထုံးတမ်း IHL ကိုပါ ချိုးဖောက်နေခြင်းဖြစ်သည်။စစ်ကောင်စီသည် ICRC မှ သတ်မှတ်ထားသော ဓလေ့ထုံးတမ်း IHL စည်းမျဥ်းများအနက် အရေးကြီးသော စည်းမျဥ်းများဖြစ်သည့် အချိုးအစားညီမျှရေး၊ တိုက်ခိုက်နေစဥ် ကြိုတင်ကာကွယ်လုပ်ဆောင်မှု၊ အထူးကာကွယ်မှုပေးထားသော လူပုဂ္ဂိုလ်များနှင့် အရာဝတ္ထုများ (ဆေးဘက်ဆိုင်ရာနှင့် ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များနှင့် အဆောက်အဦများ) ကို ကာကွယ်ရေး၊ လက်နက်အသုံးပြုမှုဆိုင်ရာ ကန့်သတ်ချက်များ၊ မီးလောင်စေသော လက်နက်များအသုံးပြုမှု ကန့်သတ်ချက်များ၊ နေရပ်ရွှေ့ပြောင်းသူများအား ကာကွယ်ရေးဆိုင်ရာ စည်းမျဥ်းများ စသည်တို့ကို ထပ်ခါထပ်ခါ ချိုးဖောက်နေသည်ကို တွေ့ရသည်။ ဤသို့ IHL ကို သိသိသာသာ ချိုးဖောက်မှုများသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဥပဒေ (International Criminal Law) အရ စစ်ရာဇဝတ်မှုများ (War Crimes) အဖြစ် သတ်မှတ်နိုင်သည်။