December 31, 2025, Comment off

စစ်ကော်မရှင်၏ရွေးကောက်ပွဲအကြိုကာလထိုးစစ်နှင့်ချင်းပြည်နယ်မြောက်ပိုင်းအခြေအနေ

 

 

ချင်းပြည်နယ်တစ်နေရာရှိ စစ်ဘေးရှောင်တဲနှင့်ကလေးငယ်

 

Salai Kur Bung Bel

၂၀၂၅ ခုနှစ် ၊ အောက်တိုဘာ ၁၉ ရက်မှစ၍ စစ်‌ကော်မရှင်တပ်သည် ကလေးမြို့ကို အခြေပြုကာ ချင်းပြည်နယ်မြောက်ပိုင်းသို့ဦးတည်ပြီး အင်းအားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည်။ ကလေး- နတ်ချောင်း-ဂန့်ဂေါ၊ ကလေး-နတ်ချောင်း-ဝေဘူလ၊ ကလေး-ခိုင်ကမ်း-သိုင်းငင်းနှင့် တီးတိန်-သိုင်းငင်း ဟူ၍ စစ်ကြောင်းလေးကြောင်းခွဲကာ အင်အား ၇၀၀ ကျော်အသုံးပြုလျက်ထိုးစစ်ဆင်နေခြင်းလည်းဖြစ်သည်။ ဤစစ်ကော်မရှင်တပ်၏ စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်တွင် ချင်းတော်လှန်ရေးအင်အားစုများက လည်း ပြောက်ကျားစနစ်နှင့် ခံစစ်အရှင်စနစ်အသုံးပြုကာ ခုခံတိုက်ခိုက်နေကြသည်။ 

စစ်ကော်မရှင်တပ်များသည် ချင်းတော်လှန်ရေးတပ်များ၏ ခုခံတိုက်ခိုက်မှုကြောင့် လမ်းမကြီးများကို အသုံး မပြုရဲဘဲ ရွာချင်းဆက်လမ်းများကို အသုံးပြုထိုးစစ်ဆင်လာကာ ကျေးရွာများအတွင်း ဝင်ရောက်မွှေနှောက် ဖျက်ဆီးလျက်ရှိရာ ကျေးရွာနေပြည်သူများပင်လျှင် စစ်ဘေးရှောင်ကြရသည်။ 

မီးရှို့ဖျက်ဆီးခြင်းနှင့် လူသားဒိုင်းအဖြစ်သုံးပြုခြင်းများ

စစ်ကော်မရှင်တပ်များသည် ၎င်းတို့စစ်ကြောင်းထိုးရာလမ်းတစ်လျှောက်ရှိ ကျေးရွာများရှိ   လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း ၊ တွေ့ရာမြင်ရာပြည်သူများအားဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြု၍ အကြမ်းဖက်မှု များကျူးလွန်လျက်ရှိရာ ပြည်သူများသည် မိမိတို့၏အိုးအိမ်များကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြ ရသည်။ ကလေးမြို့တောင်ပိုင်း(ကလေး-နတ်ချောင်း-ဂန့်ဂေါ) လမ်းကို ထိုးစစ်ဆင်နေသည့် အင်အား ၂၀၀ ဝန်းကျင်ပါသော စစ်ကြောင်းမှအောက်တိုဘာ ၃၀ နှင့် ၃၁ ရက်တွင် ကလေးမြို့နယ် အောင်ချမ်းသာ၊သံဖို၊ ဟားခါးလေးရွာများမှ နေအိမ်များကို ဖောက်ထွင်း ဝင်ရောက်မီးရှိုခဲ့ ကြောင်း စစ်ရေးအခြေအနေသိရှိသည့် ဒေသခံတစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ နိုဝင်ဘာ ၁ ရက်နေ့  Zalen သတင်းတွင် ဖော်ပြထားသည်။

ယခု စစ်ဆင်ရေးတွင် စစ်ကော်မရှင်တပ်များသည် သိုင်းငင်း(Taingen)မှတဆင့် ဖလမ်းမြို့နယ် ဗားလုံ(Varung)ရွာမှ ဇောင်ကောင်(Zawngkong)ရွာ ဖက်သို့ဦးတည် စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ တောင်ယာသွားနေသည့် ဖိုင်ဇောလ် (Phaizawl) ရွာသား ၆ ဦးကိုဖမ်းစည်းကာ လူသားဒိုင်း အဖြစ်အသုံးပြုပြီး ဘွလ်ခွါ(Bualkhua) ရွာအထိ ခေါ်ဆောင်သွားသည့်အပြင် ဖိုင်ဇောလ်(Phaizawl) ရွာသား အမျိုးသား( ၃၅ ) နှစ် တစ်ဦးမှာ ဘွလ်ခွါ (Bualkhua)ရွာ အရောက်တွင် စစ်ကော်မရှင်တပ်၏ ပစ်သတ်ခြင်း ခံရသည်။ ထို့ပြင် ဘွလ်ခွါ (Bualkhua)ရွာမှ မဏိပူရမြစ် ဖက်ကနေတဆင့် ဖလမ်းမြို့ကို ဦးတည်ရာတွင် ဘွလ်ခွါ(Bualkhua) ရွာသား ၂၈ ဦးကိုဖမ်းဆီးကာ လူသားဒိုင်းအဖြစ် ဆက်လက်အသုံးပြုကာ လမ်းပြအဖြစ်ခေါ်ဆောင်ခြင်း ခံရကြောင်း ဖိုင်ဇောလ်ရွသား(Phaizawl)တစ်ဦးက ICA ကိုပြောသည်။

 

ချင်းပြည်နယ် အဓိကဝင်ပေါက်လမ်းမများကို စိုးမိုးထိန်းချုပ်ရန်ကြိုးစားခြင်း

စစ်အုပ်စုတပ်များသည် ချင်းပြည်နယ်၏ ဝင်‌ပေါက်လမ်းမကြီးများဖြစ်သော ကလေး -တီးတိန်- ဖလမ်း လမ်းမကြီးရှိသိုင်းငင်းအခြေပြု စစ်ကြောင်းတစ်ကြောင်း၊ ကလေး – နတ်ချောင်းလမ်း ဖလမ်းမြို့နယ် ဝေဘူလမြို့အေခြပြု  စစ်ကြောင်းတစ်ကြောင်း ၊ တီးတိန်မြို့ပေါ်အေခြပြု၊  တီးတိန်- ကလေး -ဖလမ်း လမ်းမကြီးဘက်မှ  စစ်ကြောင်းတစ်ကြောင်းစီဖြင့် စုစုပေါင်အင်အား ၇၀၀ ပါစစ်ကြောင်းသုံးကြောင်းခွဲကာ အောက်တိုဘာ ၂၇ ရက်မှ စတင်ပြီး ချင်းပြည် နယ်မြောက်ပိုင်းအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက် နေခြင်းဖြစ်ပါသည်။

ထို့အတူအောက်တိုဘာ၂၇ ရက်နေ့တွင်စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ကလေး-ဂန့်ဂေါ ကားလမ်းမကြီးအတိုင်း တောင်အရပ်ကို ထိုးစစ်ဆင်လာသော အင်အား၂၀၀ကျော်ပါ စစ်ကော်မရှင်  စစ်ကြောင်းသည် စစ်ကြောင်းနှစ်ကြောင်းခွဲထွက်ကာ တစ်ကြောင်းမှာတောင်အရပ်ဘက်သို့ဦးတည်ကာ ကျန်တစ်ကြောင်းမှာ ချောင်းခွရွာမှ ခွဲထွက်လာပြီးဖလမ်းမြို့နယ် ဝေဘူလမြို့ဘက်သို့ ဦးတည်လာကြောင်း၊ နိုဝင်ဘာ၁ရက်နေ့ ယောအလင်း တန်း  သတင်း တွင်ဖော်ပြထားသည်။

စစ်ကော်မရှင်စစ်ကြောင်းများ ဘယ်ကိုဦးတည်နေသလဲ?

အာဏာသိမ်းစစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း ၃ တွင်ပါဝင်လာနိုင်ချေရှိသည့် ချင်းတော်လှန် ရေးအင်အားစုများထိန်ူချုပ်ထားသည့် ချင်းပြည်မြောက်ပိုင်းဒေသများကို စစ်ကော်မရှင်တပ်က အင်အား အလုံးအရင်းဖြင့် မြေပြင်ထိုးစစ်များဆင်နွဲနေခြင်းဖြစ်သည်။

“ဖလမ်းကို အဓိကဦးတည်နေတယ်။ တီးတိန်ဘက်ကလည်း သိုင်းငင်းကနေဆင်းလာနေတယ်၊ ကလေး ဘက်ကနေလည်း လာနေတာရှိတယ်။ ပြီးတော့ နတ်ချောင်းဝေဘူလမြို့ဘက်ကနေလည်း ဖလမ်းမြို့ကို ဦးတည်လာနေတဲ့ စစ်ကြောင်းကအတော်နီးကပ်လာပြီ။ ဗားရ်တံတားနဲ့ နီးကပ်လာပြီးလို့ ပြောလို့ရတယ်။  အနေအထားကတော့ ၂၀၂၆ ဇန်နဝါရီလ ၂၅ ရက် ဝန်းကျင်မှာ လုပ်မယ့်ရွေး ကောက်ပွဲ တတိယအပိုင်းမှာ ထန်တလန်၊ဖလမ်း၊ တွန်းဇံစတဲ့ ဒီ ၃ မြို့နယ်ကိုထည့်ချင်လို့အပြင်းအထန် တိုက်စစ်ဆင်နေတဲ့အနေ အထားမျိုးပဲ၊၊ သေချာတာက စစ်တပ်ကဒုတိယပိုင်းမှာ ရွေးကောက်ပွဲလုပ်စရာမရှိဘူး။ အဲတော့တတိယ ပိုင်းမှာလုပ်မယ်။ ၉ မြို့နယ်မှာ ၅ မြို့နယ်ကို ရအောင်လုပ်သွားမယ်ဆိုတဲ့ အနေအထားမျိုးနဲ့အင်အားသုံး စစ်ကြောင်းထိုးလာတဲ့ အနေအထားမျိုးပါ”ဟု နိုဝင်ဘာ ၁၂ ရက်နေ့တွင် CDM ဗိုလ်ကြီးဇင်ယော်က    သုံးသပ်ထားသည်

 

စစ်ကော်မရှင်စစ်ကြောင်းထိုးစစ်ဆင်ရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများနှင့်ပြည်သူများ၏အခြေအနေ 

စစ်ကော်မရှင်တပ်၏ထိုးစစ်ကြောင့် ကလေး-သိုင်းငင်း၊ကလေး-ဝေဘူလလမ်းဘေးတစ်လျှောက်ရှိ တီးတိန် မြို့နယ်နှင့်ဖလမ်းမြို့နယ်ရှိကျေးရွာပေါင်း ၃၄ ရွာမှဒေသခံပြည်သူများသည် တောတောင်များနှင့်စစ်ကြောင်း နှင့်အလှမ်းဝေးသည့် ကျေးရွာများတွင်တိမ်းရှောင်နေကြရကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရ သည်။

စစ်ကော်မရှင် စစ်ကြောင်းကြောင့် တီးတိန်မြို့နယ်အတွင်းမှ ခိုင်ကမ်း(Khaikam)၊ထေးဇန်(Theizaang)၊ ဟရီယန်ဇိန်း(Hriangzing) ၊ဆွလိမ်(Suahhlim) အာ့လွေ(Aklui))၊ သိုင်းငင်း(Taingen)၊ ဆဲဇန်(Seizang)၊ ဆိုဇန်(Sozang)၊ မွလ်ပီး(Mualpi)ကျေးရွာများနှင့် ဖလမ်းမြို့နယ်မှ ပါမွန်ချောင်း(Panmonchaung)၊ ချောင်းခွ(Chaungkhuah)၊မွလ်ဇောလ်(Mualzawl) ၊ဝေဘူလ(webula)၊ ခီသမ်(Khitam)၊ မွှန်လီ(Hmunli)၊ မဲဟောလ်(Meihol)၊ ဗာရ်(Vaar)၊   လိုကြွမ်(Vaar)၊ ထုန်ထူလ်(Thungthul)၊ လျန်ရိဒ်(Lianrih)၊ ဗန်နီယမ်( Vanniam)၊ ငိုင်ဇမ်(Ngaizam)၊ ကြောင်ကွာ(Congkua)၊ တလောရ်ဇောန်၊(Tlorz‌an)၊ လုမ်သဲ (Lumte)၊ ကြောင်ထဲ(Congthe)၊လုမ်သဲ(Lum Te)၊လဲန်သဲ(Len te)၊ မန်ခဲန်း(Mang Kheng)၊ဆုမ်ဟရန်း(Sum Hrang) သီးဖိရ်(Tiphir)၊ ကြောင်ဟဲင် (Congheng)၊ စီဇာမွလ်(C. Zamual)၊ ဇောင်ကောင်(Zawngkong)၊ ထင်းရှူးမြိုင်   (Bekan)၊ လုံဟော့ (Lunmghawh)၊ လုမ်ဘန်း(Lumbang)၊ ပါရ်သဲ(Parte) စသည့်ကျေးရွာပေါင်း ၃၄ ရွာကျော်ရှိ ပြည်သူများအားလုံး ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်ကူညီနေသည့် လုမ်ဘန်းဒေသခံ တစ်ဦးထံမှသိရသည်။

ယခုစစ်ကော်မရှင်၏ ထိုးစစ်ကြောင့် ဖလမ်းမြို့နယ်တစ်ခုလုံးနီးပါး စစ်မြေပြင်ဖြစ်သွားကာ ဖလမ်းမြို့ပေါ် ရပ်ကွက်များအားလုံးအပါအဝင် ဖလမ်းမြို့နယ်အတွင်းနေထိုင်သူ ၈၅ % ကျော်မှာစစ်ဘေးရှောင်နေရကြောင်း စစ်ဘေးရှောင်များကို ကူညီကယ်ဆယ်ပေးနေသည့် အဖွဲ့အစည်းများ၏ ပြောကြားချက်အရ သိရသည်။

လေကြောင်းတိုက်ခိုက်မှု အခြေအနေ

စစ်ကော်မရှင်တပ်သည် ဒီဇင်ဘာ ၉ ရက်နေ့တစ်ရက်တည်းတွင် လေကြောင်းဖြင့် ဖလမ်းမြို့တပ်ကုန်း၊ ရိဒ်လမ်းခွဲ၊ လုံပီးရပ်ကွက်(Lungpi)၊ ဆုမ်ဟရန်ရွာ(Sumhrang) ၊သီးဖီရ်(Tiphir) ၊မန်ခဲန်း(Mangkheng) ထန်နှီယာ(Thanhniar )ရွာများတွင် ဗုံး ၆၄ လုံးကြဲချကာ စာသင်ကျောင်းအပါအဝင် လူနေအိမ်များ ပျက်စီးမှု ရှိကာလူသေဆုံးမှုရှိမရှိမသိရသေးကြောင်းဒီဇင်ဘာ၉ရက်နေ့Zalenသတင်းတွင်ဖော်ပြထားသည်။ https://www.facebook.com/share/p/1A6YJtS3R5/

ဒီတစ်ကြိမ် စစ်ကောင်စီ၏ ထိုးစစ်အတွင်း ယခုအချိန်ထိ စစ်ကော်မရှင်တပ်မှ ဖလမ်းမြို့နယ်အတွင်း လေကြောင်းဖြင့် အကြိမ် ၁,၀၀၀ ကျော်  ဗုံးကြဲချခဲ့ပြီး ဖြစ်သည်။

စစ်ကော်မရှင်၏လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့်ချင်းပြည်နယ် ၊ ဖလမ်းမြိုနယ်ရှိလူနေအိမ်

 

ပညာရေးအခြေအနေ  

စစ်ကော်မရှင်တပ်၏ ထိုးစစ်ကြောင့်ချင်းတော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် ကျေးရွာ၊ဒေသများတွင် ဖွင့်လှစ်ထားသည့် အခြေခံပညာကျောင်းများကို ပိတ်ပင်ကာစစ်ရှောင် နေကြရသဖြင့် ကျောင်းနေရွယ် ကလေး များ၏ပညာရေးမှာလွန်စွာ ထိခိုက်ရပါသည်။ ကလေးများနှင့်လူငယ်များ၏ ပညာရေးနှင့်ပတ်သက်၍ “ ၂၀၁၉ ခုနှစ် ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းများအားလုံးပိတ်ရတာ၊ မြန်မာစစ်ကောင်စီရဲ့အာဏာသိမ်းမှု လိုက်လာတာ၊ ၂၀၂၅ ခုနှစ်နဲ့ဆိုရင် ခုနှစ်နှစ်လောက်ကြာသွားတာ ၊အခုလိုမျိုး စစ်ဘေး‌ရှောင် နေရပြန်တော့ ကလေးများဟာပညာမဲ့၊ စာမတတ်တွေဖြစ်ကုန်ကြပြီ” ဟုစစ်ဘေး‌ရှောင်မိဘတစ်ဦးမှ ICA သို့ရင်ဖွင့်ထား သည်။

စစ်ကော်မရှင်တပ်၏ ဒီဇင်ဘာ ၉ ရက်နေ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖလမ်းမြို့နယ်၊မန်ခဲန်း(Mang Kheng) ကျေးရွာစာသင်ကျောင်းမှာ ပျက်စီးသွားရသည်။ စစ်ကော်မရှင်၏ထိုးစစ်နှင့်လေကြောင်းတိုက်ခိုက်မှု များကြောင့် ဖလမ်းမြို့နယ်အတွင်းရှိ စာသင်ကျောင်း၅၀ခန့်ကိုလည်း အကန့်အသတ်မရှိ ပိတ်ထားရကြောင်း စစ် ဘေးရှောင်ပြည်သူများထံကသိရသည်။

 

စားဝတ်နေရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေးနှင့် ကုန်စျေးနှုန်းအခြေအနေ 

မိုးရာသီမိုးရွာသွန်းမှုကြောင့် လမ်းများပျက်ဆီးကာ ဆန်၊ဆီ၊ဆားကဲ့သို့သော အခြေခံစားကုန်များ အခက်အခဲ ဖြစ်နေချိနတွင် စစ်ကော််မရှင်တပ်၏ ထိုးစစ်ကြောင့် ပိုမိုခက်ခဲလာကာ အခြေခံစားသောက်ကုန်များပြတ်လပ် နိုင်သည့် အခြေအနေဖြစ်ပေါ်ကာ စိုးရိမ်စရာအနေအထားဖြစ်ပါသည်။ 

ယခုအချိန်တွင် ချင်းပြည်နယ်နှင့် ပြည်မကို ဆက်သွယ်ပေးထားသည့် အဓိကလမ်းမကြီးများဖြစ်သည့် ကလေး-သိုင်းငင်း-ဖလမ်း လမ်းမကြီးနှင့် ကလေး-ဝေဘူလ လမ်းမကြီးများလုံးဝ ပိတ်ထားရပြီး ကုန်စည် စီးဆင်းမှု ရပ်တန့်နေသဖြင့် အစားအသောက်နှင့်ကုန်ပစ္စည်း ရှားပါးသည့်ဒဏ်ကို ချင်းပြည်သူများက ခါးဆီးခံနေရပြီဖြစ်သည်။ ဂန့်ဂေါ-ဟားခါးလမ်းမှာလည်း အကန့်အသတ်ဖြင့် စစ်ကောမရှင်တပ်များ ခွင့်ပြုပေးသည့် ကုန်စည်ပစ္စည်းများကိုသာ သယ်ယူ တင်သွင်းခွင့်ပြုထားသည်။

ပြည်မဘက်မှဝင်ပေါက်များအားလုံးနီးပါးပိတ်ပင်ခံထားရခြင်း၊ စစ်ဘေးရှောင်များ များပြားလာ၍ ဆေးဝါး များ ပိုမိုလိုအပ်လာကာ ပြည်သူ့အုပ်ချုပ်ရေးအောက်တွင် ဖွင့်လှစ်ထားသည့် ဆေးရုံ/ဆေးခန်းများတွင် ဆေး  ဝါးမလုံလောက်မှု ပြသနာကြုံနေရကာ၊ စစ်ကော်မရှင်၏ ထိုးစစ်ရှည်ကြာလာပါက ဆေးဝါးပြတ်လပ်မှု  ဖြစ်ပေါ်နိုင်ကြောင်းဖလမ်းမြို့နယ်အတွင်း စစ်ဘေးရှောင်များကိုကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် CDM   ဆရာဝန်တစ်ဦးမှ သုံးသပ်ထားသည်။

စစ်ကော်မရှင်ထိုးစစ်၏ အကျိုးဆက်များ

စစ်ကော်မရှင်တပ်၏ ထိုးစစ်ကိုချင်းတော်လှန်ရေးအင်အားစုများကလည်းတားဆီးရာတွင် နေ့စဉ်ရက်ဆက် တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ တော်လှန်ရေးတပ်များဖက်မှလည်းလုံခြုံရေးအရ လမ်းများပိတ်ပင်ထားရာ ကုန်စျေးနှုန်းများအဆမတန်မြင့်မားလျက်ရှိကြောင်း ဒေသခံသတင်းအရင်းအမြစ်မှ သိရသည်။

ယခုစစ်ကော်မရှင်၏ ထိုးစစ်ကို CCနှင့် CB နှစ်ဖွဲ့စလုံးမှ အတူလက်တွဲကာ ပူးပေါင်းတိုက်ထုတ်ကြရန် သဘောတူထားကြရာ ချင်းတော်လှန်ရေးအဖွဲ့အားလုံး ညီညွတ်ရေးကိုဆက်လက်ဦးတည်သွားနိုင်ရန်ချင်း ပြည်သူများမှ မျှော်လင့်လျက်ရှိသည်။

စစ်ကော်မရှင်၏ ထိုးစစ်များ ၂ လနီးပါးကြာလာချိန်တွင် ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်နှင့် ဖလမ်းမြို့နယ်မှ ကျေးရွာပေါင်း ၃၄ ရွာရှိပြည်သူ  ၂၅,၀၀၀ ကျော်မှာစစ်ဘေးရှောင်နေရပြီး အရေးပေါ်စား နပ်ရိက္ခာနှင့် ဆေးဝါးများအရေးပေါ်အကူအညီ လိုအပ်လျက်ရှိကြောင်း၊ စစ်ဘေး‌ရှောင်များကိုကူညီမှု ပေးနေသည့် လူမှု့အဖွဲ့အစည်းများမှ ပြောဆိုထားကြသည်။ ဖလမ်းမြို့ပေါ်ရှိ ပြည်သူများသည် ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်း ဖလမ်းမြို့သိမ်းတိုက်ပွဲကတည်းက ဖလမ်းမြို့ကိုစွန့်ခွာကြကာ စစ်ဘေးရှောင်နေရပြီး အိမ်ပြန် လာချင်ကြသော်လည်း စစ်ကောိမရှင်တပ်၏‌‌ရွေးကောက်ပွဲအကြို ထိုးစစ်ကြောင့် ပြန်လာနိုင်ကြခြင်း မရှိ သေးပေ။

ချင်းတော်လှန်ရေးအင်အားစုများသည် စစ်ကော်မရှင်၏ တရားဝင်မှုရှိနိုင်မည်မဟုတ်သောရွေးကောက်ပွဲ      များကိုချင်းပြည်နယ်အတွင်းကျင်းပနိုင်ခြင်းမရှိစေရန်တားစီးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်များအသီး သီးထုတ်ပြန်ထားကြပြီးဖြစ်ရာ လာမည့်ရွေးကောက်ပွဲကာလများသည်ချင်းပြည်သူများအတွက် အခက်အခဲ များဆက်လက်ရင်ဆိုင်ကြုံတွေ့ရနိုင်ပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီများပိုမိုလိုအပ်လာနိုင်ချေ ရှိနေပါသည်။ 

စစ်ကော်မရှင်၏ အောက်တိုဘာလမှစတင်သော ချင်းပြည်မြောက်ပိုင်းထိုးစစ်ဆင်မှုကြောင့် နိုဝင်ဘာလကုန် အထိ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၈ ဦး၊ စစ်ကော်မရှင်၏မြေမြှုပ်မိုင်းကြောင့်ပြည်သူ ၁ ဦးသေဆုံးကာ၊ စစ် ကော်မရှင်၏ ပစ်သတ်မှုဖြင့် ပြည်သူ ၁ ဦးသေဆုံးရပြီး စုစုပေါင်းချင်းလူမျိုး ၁၀ ဦးသေဆုံးပြီးဖြစ်ကြောင်း ဒေသတွင်း သတင်းမီဒီယာများ၏ ရေးသားမှုအရသိရှိရသည်။