January 6, 2026, 0 Comments
ချင်းပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုများကြားမှ ရွေးကောက်ပွဲ အပိုင်း(၁) ကို မြို့နယ်နှစ်ခုတွင်သာ ကျင်းပ
စစ်ကော်မရှင်ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း(၁) ဒီဇင်ဘာ (၂၈) တွင် လူအသွားအလာ တိတ်ဆိတ်နေသည့် တီးတိန်မြို့ လမ်းဆုံမြင်ကွင်း ( ဓာတ်ပုံ- Chin World Media)
Salai Kur Bung Bel
စစ်ကော်မရှင်ကပြုလုပ်ခဲ့သည့် အပိုင်း(၁) ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ ၂၈ရက်နေ့တွင် ချင်းပြည်နယ်၌ ဟားခါးနှင့် တီးတိန်မြို့နယ် နှစ်ခုတွင်သာ ကျင်းပနိုင်ခဲ့ပြီး ကျန်ခုနှစ်မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ထုတ်ပြန်ချက်က အတည်ပြုပေးသည်။
ချင်းပြည်နယ်တွင် မြို့နယ်ကိုးမြို့နယ် ရှိသည့်အနက် တီးတိန်နှင့် ဟားခါးမြို့နယ်မှလွဲ၍ ဖလမ်း၊တွန်းဇံ၊ ထန်တလန်၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ မြို့နယ်များတွင် ရွေးကောက်ပွဲ အပိုင်း (၁) အား လုံးဝ ကျင်းပနိုင်ခြင်း မရှိသည်ကို တွေ့ရသည်။ ထို့အပြင် စစ်ကော်မရှင်၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) မှ ဒီဇင်ဘာလ ၂၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည့် ရွေးကောက်ပွဲ အပိုင်း(၃) စာရင်းတွင်လည်း ချင်းပြည်နယ်၏ ကျန်ရှိနေသေးသည့် မြို့နယ်ခုနှစ်မြို့နယ် ပါလာခြင်းမရှိသည်ကို မြင်တွေ့ရသည်။
စစ်ကော်မရှင်က ပြုလုပ်ခဲ့သည့် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲရလဒ်မှာ ဟားခါးမြို့ပေါ်ရပ်ကွက် ရှစ်ခုတွင် မဲရုံ ၁၂ ရုံ ထားရှိခဲပြီး ပြည်နယ်လွှတ်တော် ၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သုံးနေရာအတွက် ပါတီလေးခုက ကိုယ်စားလှယ်ခုနစ်ဦးယှဥ်ပြိုင်ခဲ့ကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) က သုံးနေရာစလုံးတွင် အနိုင်ရခဲ့သည်။
ထွက်ပေါ်လာသောမဲစာရင်းများအရ ပြည်နယ်လွှတ်တော်တွင် လက်ရှိဝန်ကြီးချုပ် ဝုန်ဆွန်းထန် (USDP) ၂,၀၆၉ မဲဖြင့်လည်းကောင်း ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဦးထလာထန်း (USDP) ၂,၄၄၆ မဲ နှင့် ပြည်သူ့လွှတ်တော်အတွက် ဦးဗန်နီ (USDP) ၂,၀၀၆ မဲ တို့ဖြင့် အသီးသီး အနိုင်ရရှိခဲ့သည်။ ဟားခါးမြို့တွင် ချင်းပြည်နယ်အစိုးရ ရုံးစိုက်ထားပြီး စစ်တပ်နှင့်ဌာနဆိုင်ရာဝန်ထမ်းများအပါအဝင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ၂၇,၄၇၅ ဦး ရှိခဲ့ပြီး လာရောက်မဲပေးသူ ၂,၈၃၆ ဦး သာရှိခဲ့ပြီး ယင်းအထဲတွင် ကြိုတင်မဲ ၆၀၀ ကျော် ပါရှိပြီးဖြစ်သည်။

တီးတိန်မြို့နယ်မှာ မြို့ပေါ်ရပ်ကွက်လေးခုတွင် မဲရုံငါးရုံနှင် ခိုင်ကမ်းမြို့တွင် မဲရုံတရုံ စုစုပေါင်း မဲရုံခြောက်ခုရှိပြီး လွှတ်တော်သုံးရပ်စလုံးအတွက် ကိုယ်စားလှယ် ၁၀ ဦးယှဥ်ပြိုင်ခဲ့ကာ ဇိုမီးအမျိုးသားပါတီ(ZNP) က နှစ်နေရာနှင့် USDP က တနေရာတို့ အနိုင်ရရှိသွားခဲ့သည်။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နေရာတွင် ဦးပေါင်ဇလန် (ZNP) က ၁,၉၀၄ မဲဖြင့် လည်းကောင်း ၊ ပြည်သူ့လွှတ်တော်အတွက် ဦးဆလိုင်းအောင်ပြည့် (USDP) ၁,၈၀၇ မဲ ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပေါင်လွန်မင်းထန် (ZNP) ၁,၇၇၉ မဲဖြင့် အသီးသီး အနိုင်ရရှိ သွားခဲ့ကြသည်။ တီးတိန်မြို့နယ်တွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ၁၂,၄၄၂ ဦးရှိခဲ့ပြီး ကြိုတင်မဲ ၆၀၀ ကျော်အပါအဝင် ၃,၉၇၀ မဲ ရှိခဲ့ကြောင်း သိရှိရသည်။
ဟားခါးနှင့်တီးတိန်နှစ်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၀၀,၀၀၀ ကျော်ရှိခဲ့ပြီး မဲပေးခဲ့သူ ၆၃,၀၀၀ကျော်ရှိခဲ့ပြီး ယခု ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲ၌ ၃၉,၉၁၇ ဦး ဆန္ဒမဲပေးပိုင်ခွင့်ရှိကာ ၆,၈၀၆ ဦး မဲပေးခဲ့ကြသည်။
ယခုနှစ်တွင် ပါတီဖျက်သိမ်းခြင်းနှင့် ဝင်ရောက်ယှဥ်ပြိုင်ခွင့်မရသည့် ပါတီများမှာ ချင်းဒေသခံပါတီသုံးခု ပေါင်းစည်းထားသည့် အင်းအားအကြီးဆုံး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ၊ ချင်းအမျိုးသားပါတီ (CNP)၊ ချင်းတိုးတက်ရေးပါတီ(CPP) နှင့် အရှိုချင်းအမျိုးသားပါတီ (ACNP) တို့ဖြစ်သည်။
အကြမ်းဖက်စစ်ကော်မရှင်သည် ဒီဇင်ဘာ ၂၈ ရက်နေ့(ရွေးကောက်ပွဲကျင်းပတဲ့နေ့)မှာ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ကျေးရွာတချို့မှာ လေကြောင်း(ဂျက်ဖိုက်တာ)ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဗုံးကြဲတိုက်ခိုက်ခံရသည့် သီးဖီရ်(Tiphir)ကျေးရွာနှင့် ဇာထလိရ် (Zathlir) ကျေးရွာမှာ ခရစ်ယာန် ဘုရားကျောင်း တစ်ကျောင်းအပါအဝင် အိမ်ခြေ (၁၅) ကနေ (၂၀) ကြား ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး ပြည်သူထိခိုက်မှုတော့ မရှိကြောင်း ဒီဇင်ဘာ၂၉ရက်နေ့ The Rihli Voice တွင်ဖော်ပြထားသည်။
ပါတီစုံဒီမိုကေရစီအထွေထွရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပသည့် ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ ကျင်းပရာ ဟားခါးမြို့၊ တီးတိန်မြို့နှင့် ကလေးမြို့တို့တွင် လမ်းမပေါ်တွေမှာ လူအသွားအလာ ကင်းမဲ့ပြီး တိတ်ဆိတ်နေကြောင်း ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကားပြီး ဒီဇင်ဘာ ၂၈ ရက်နေ့ Chin World သတင်းတွင် ဖော်ပြထားသည်။

စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပဖို့နီးကပ်လာချိန် ဟားခါးနဲ့တီးတိန်မြို့ပေါ်နှင့် ဒေသတွင်းက ပြည်သူတွေ ဘေးကင်းလုံခြုံရေးအတွက် ဒီဇင်ဘာလ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အတွင်း အပြင်ထွက်တာ၊ခရီးသွားတာတွေ မလုပ်ဖို့ ၊ အသံတိတ်သပိတ်လုပ်ဖို့ ၊ ဟားခါးမြို့နယ်အခြေစိုက် CDF-Hakha နဲ့တီးတိန်မြို့နယ် အခြေစိုက် PDF Zoland တပ်ဖွဲ့က အသီးသီးထုတ်ပြန်ထားသည်။
ချင်းပြည်နယ်ရွေးကောက်ပွဲသည် ၂၀၂၀ ပြည့်နှစ်နှင့်နှိုင်းယှဥ်ပါက မြို့ပေါ်ရပ်ကွက်အချို့နှင့် ကြိုတင်မဲများကိုသာ အခြေခံထားရသဖြင့် ချင်းပြည်နယ်သူပြည်နယ်သားများအားလုံး၏ ဆန္ဒအစစ်အမှန်ကို ကိုယ်စားပြုထင်ဟပ် နိုင်ရန် အခက်အခဲများရှိနေကြောင်း မြင်တွေ့ရသည်။