
July 4, 2022, Comment off
အိန္ဒိယ-မြန်မာနယ်စပ် တွင် မြန်မာ ဒုက္ခသည်များဆေးခန် ဖွင့်လှစ်
မြန်မာဒုက္ခသည်များကို ဆေးကုသပေးရန် မြန်မာ ဒုက္ခသည်များဆေးခန်း (Myanmar Refugees Clinic) ကို အိန္ဒိယနိုင်ငံ၊ Mizoram ပြည်နယ် ၊ ဇိုခေါ်ထန်ရ် (Zokhawthar)ကျေးရွာတွင် ၂၀၂၂ ခုနှစ် မေလ (၁၈) ရက်နေ့မှစ၍ စတင်ဖွင့်လှစ်ခဲ့ပါသည်။ ဤဆေးခန်းသည် Institute of Chin Affairs (ICA) နှင့် မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်သော Chin Baptist Association North America (CBANA), Mizo Students Union (MSU) နှင့် Myanmar Refugees Relief Committee-Mizoram (MRRCM) တို့ ပူးပေါင်းပြီး ဖွင့်လှစ်ခြင်းဖြစ်သည်။ Zokhawthar သည် ချင်းပြည်နယ် ဖလမ်းမြို့နယ် Tio ရွာအနီးရှိ အိန္ဒိယနယ်စပ်ကျေးရွာဖြစ်သည်။
ဆေးခန်း သည် ဆရာဝန် (၁)ဦး နှင့် သူနာပြုဆရာမ (၁) ဦး ၏ တာဝန်ယူမှုဖြင့် လည်ပတ်နေခြင်းဖြစ်ပါသည်။ ရံပုံငွေအခက်အခဲကြောင့် ဆရာဝန်ကို အချိန်ပိုင်းအနေဖြင့် တစ်ပါတ်လျှင် (၃) ရက် အတွက်သာ ခန့်ထားနိုင်ခြင်းဖြစ်ပါသည်။ ဆရာဝန် နှင့် ဆရာမ ကိုလည်း ပြင်ပဆေးခန်းတွင်လုပ်ကိုင်နေသူများကဲ့သို့ ခံစားခွင့်လစာများ ပေးထားနိုင်ခြင်းမရှိသေးပါ။ ဆရာဝန် နှင့် ဆရာမသည် ဒုက္ခသည်များကို ကူညီလိုသော စေတနာအရင်းခံဖြင့် ပါဝင်လုပ်ဆောင်နိုင်ကြခြင်းဖြစ်ပါသည်။ အလွန်များပြားသည့် လူနာများကို လက်ခံကုသပေးနေရသည့် အခြေအနေကြောင့် Volunteer (ကိုယ်ကျိုးစွန့်) အနေဖြင့် ဆရာမ (၂) ဦး မှလည်း မေတ္တာဖြင့်ကူညီမှုပေးနေကြပါသည်။

ဆေးခန်းစတင်ဖွင့်လှစ်သည့် အစောပိုင်းအချိန်များတွင် နေ့စဉ် လူနာ (၇၀) ကျော်အား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပြီး ယခုချိန်တွင်လည်း လူဦးရေ (၅၀) အထက်ကို ဆေးခန်းဖွင့်သည့် နေ့တိုင်း ဆေးဝါးကုသမှုများ လုပ်ဆောင်ပေးနေပါသည်။ ဆေးခန်းတွင် သက်ကြီးပိုင်း ဆီးချို/သွေးချို ဝေဒနာရှင်များ၊ အသက်အရွယ်မရွေးဖြစ်ပွားသည့် ရာသီတုပ်ကွေး ရောဂါ နှင့် ကလေးများ တွင်အဖြစ်များသည့် ခန္ဓာကိုယ်ယားနာခြင်း စသော ရောဂါဝေဒနာမျိုးစုံကို ကုသပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံတွင် ပြည်သူ့အာဏာကိုစစ်တပ်ကသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက် နေ့မှစ၍ ဖြစ်ပေါ်လာသော နောက်ဆက်တွဲပြဿနာများကြောင့် နေရပ်စွန့်ခွာသူ ဒုက္ခသည် ဦးရေသည် နေ့စဉ်နှင့်အမျှ မြင့်တက်လျက်ရှိသည်။ အထူးသဖြင့် ချင်းပြည်နယ်နှင့် ထိစပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ မိဇိုရမ်ပြည်နယ်သို့ ထွက်ပြေးခိုလှုံသူ လွန်စွာများပြားသည်။ မီဇိုးရမ်းပြည်နယ်၏ နေရာအမြောက်အများတွင် ထွက်ပြေးခိုလှုံကြရာ တပြည်နယ်လုံးအတိုင်းအတာဖြင့် ဒုက္ခသည် ခိုလှုံသူ လူဦးရေ ၄၀၀၀၀ မှ ၅၀၀၀၀ ခန့် ရှိပါသည်။
ထိုအထဲတွင် အိမ်ခြေ (၆၀၀) ကျော်ရှိသော ဇိုခေါထန်ရ်ကျေးရွာ၌ ဒုက္ခသည်မိသားစု (၇၄၀) ကျော်၊ လူဦးရေအားဖြင့် ဒုက္ခသည် (၄၅၀၀) ကျော် ခန့် ခိုလှုံနေကြရပါသည်။ ထို့ကြောင့် ဤကျေးရွာသည် မိမိအိမ်ရှင်မိသားစုအရေအတွက်ထက် ပိုမိုများပြားသော ခိုလှုံသူ ဒုက္ခသည်မိသားစုကို လက်ခံထားရသည့် အခြေအနေဖြစ်ပါသည်။
Zokhawthar ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန(ခွဲ) အဆင့်ရှိသော ကျန်းမာရေးဌာန ရှိပါသည်။ ထိုဌာနကို အဓိကအားဖြင့် ကာကွယ်ဆေးထိုးစုရပ် အဖြစ်သာ အသုံးပြုကြကြောင်း သိရသည်။ အဖွဲ့အစည်းတစ်ခုမှဖွင့်လှစ်ပြီး တိုင်းရင်းဆေးဆရာဝန် တစ်ဦး၏ဦးဆောင်မှုဖြင့်လည်ပတ်သော Mercy Medical Center ကို အဓိက အားကိုးအားထားရကြပါသည်။ ထို့ကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသော ဒုက္ခသည်များ၊ ငွေကြေးအခက်အခဲကြောင့် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီနိုင်သူများအတွက် ဆေးဝါကုသမှုရရှိနိုင်ရန် လွန်စွာလိုအပ်ပါသည်။ ဒုက္ခသည်အများစုသည် လုံခြုံမှုမရှိသော ပလတ်စတစ်အမိုးအကာများအောက်တွင် နေထိုင်နေကြရပြီး၊ သန့်ရှင်းသောရေရရှိရန်ခက်ခဲမှု နှင့် ရာသီဉတုအပြောင်းအလဲများတွင် နေသားမကျ မှုတို့ကြောင့် ၎င်းတို့၏ကျန်းမာရေးအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်ပါသည်။

ဆေးခန်းကို အပါတ်စဉ် တနင်္ဂလာနေ့ မှ သောကြာနေ့အထိ နေ့စဉ် နံနက် (၉း၀၀ နာရီ) မှ ညနေ (၅း၀၀ နာရီ) အထိ ဖွင့်လှစ်ပြီး အခမဲ့ဆေးဝါးကုသမှုများ ပြုလုပ်ပေးလျက်ရှိပါသည်။ လူနာများကို အင်္ဂာနေ့နှင့် သောကြာ နေ့တွင် ဆရာဝန် မှ တာဝန်ယူကြည့်ရှုကုသပေးလျက်ရှိပြီး ကျန်အချိန်များတွင် သူနာပြုဆရာမ မှ နေ့စဉ် တာဝန်ယူပေးလျက်ရှိပါသည်။ ထို့အပြင် အပါတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဇိုခေါ်ထန်ရ် ကျေးရွာမှ မော်တော်ကားဖြင့် မိနစ် (၂၀) ခန့်ကြာ သွားရသည့် Mualkawi ကျေးရွာအနီးရှိ မြန်မာဒုက္ခသည်များခိုလှုံရာ Sapianmaksak refugees camp သို့လည်း ဆရာဝန် နှင့် သူနာပြုဆရာမ များ သွားရောက်ပြီး ခိုလှုံသူဒုက္ခသည်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြပါသည်။
ယခုဆေးခန်းသည် လူမျိုး ဘာသာ ခွဲခြားမှုမရှိဘဲ နေရပ်စွန့်ခွာသူဒုက္ခသည် အားလုံးကို တန်းတူ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပါသည်။ ဆေးခန်းတွင် နေ့စဉ် လူနာ အနည်းဆုံး ၅၀ မှ ၇၀ ဦး အထိ အခမဲ့ ပြုစုကုသပေးလျက်ရှိပြီး ဇိုခေါ်ထန်ရ် အနီးပတ်ဝန်းကျင်တွင် ခိုလှုံနေကြသော ဒုက္ခသည်များသည်လည်း ဤဆေးခန်းသို့ လာရောက်ဆေးကုသမှု ခံယူလေ့ရှိကြပါသည်။
ဤဆေးခန်းကိုဖွင့်လှစ်နိုင်ခြင်းသည် နေရပ်စွန့်ခွာထွက်ပေးနေရပြီး ငွေကြေးအဆင်မပြေမှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမမီနိုင်သော စစ်ဘေးဒုက္ခသည်များအတွက် အလွန်အကျိုးပြုသော လုပ်ငန်းဖြစ်ပါသည်။ ယခင်က ဒုက္ခသည်များအရေးပေါ်ကျန်းမာရေးအခြေအနေကြုံတွေ့ရလျှင် (၂၅) ကီလိုမီတာ ခန့်သာဝေးသော်လည်း လမ်းကြောင်းအခြေအနေခက်ခဲမှုကြောင့် မော်တော်ကားဖြင့် (၄၅) မိနစ်ခန့်သွားရသည့် Champhai မြို့သို့ သွားရောက်ဆေးကုသမှုခံယူရကြသည်။ ဒုက္ခသည်အများစုသည် Champhai မြို့သို့သွားရောက်ဆေးကုသမှုခံယူနိုင်ရန် ကားခနှင့် အခြားအသုံးစရိတ်အတွက် ငွေကြေးခက်ခဲခြင်း၊ သွားရောက်သောမြို့တွင် ကူညီပေးနိုင်မည့်အသိမိတ်ဆွေမရှိခြင်း၊ ဘာသာစကားမကြွင်းကျင်ခြင်း၊ စသော အခက်အခဲများကို ကြုံတွေ့ခဲ့ကြရသည်။
ယခုဆေးခန့်ဖွင့်လှစ်မှုသည် ဒုက္ခသည်တို့ကြုံတွေ့နေရသည့် ထိုသို့သောအခက်အခဲများကို လျော့ကျစေပြီး မိမိနေထိုင်ရာကျေးရွာရှိ ဆေးခန်းတွင် အခမဲ့သွားရောက်ပြသနိုင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုခံယူရရှိခြင်း နှင့် ငွေကုန်ကြေးကျရန်မလိုအပ်ဘဲ ဆေးဝါးများအခမဲ့ရရှိနိုင်ခြင်း စသော ကောင်းကျိူးအောင်မြင်မှုများကို ဖော်ဆောင်ပေးနိုင်ပါသည်။ CDMer များတွက် အလုပ်အကိုင်အခွင့်အလမ်းအနည်းငယ်ကို ဖန်တီးပေးနိုင်ပြီး မိဇိုးရမ်းပြည်နယ်အစိုးရမှ တိုက်ရိုက်ဖွဲ့စည်းသော Village Level Community on Myanmar Refugees (VLCMR) ၏ နှုတ်အားဖြင့်အသိအမှတ်ပြုကျေးဇူးတင်ခြင်းကိုလည်းရရှိထားသည့်လုပ်ငန်းစဉ် တစ်ခုဖြစ်ပါသည်။
တချိန်တည်းမှာပင် ဆေးခန်းဖွင့်လှစ်ရာတွင် ဆေးခန်းသို့လာရောက်သော လူနာများအား ဆရာဝန်မှညွှန်းသောဆေးဝါးအချို့ ဆေးခန်းတွင် အဆင်သင့်ရှိမနေခြင်း၊ ဆေးဝါးလုံလောက်မှုမရှိခြင်း၊ ဆေးခန်းတွင် လူနာများထိုင်စောင့်နိုင်ရန်အတွက် စားပွဲ/ထိုင်ခုံများ လုံလောက်မှုမရှိခြင်း၊ ဆေးခန်းသုံးပစ္စည်းကိရိယာများ မရှိခြင်း၊ မီးဖွားမိခင်များအတွက် လိုအပ်သောပစ္စည်းများနှင့် အခန်းသီးသန့်ထားရှိပေးနိုင်မှုမရှိသေးခြင်း စသော အခက်အခဲနှင့် စိန်ခေါ်မှုများစွာကိုလည်း ကြုံတွေ့ရပါသည်။
ထိုကဲ့သို့သော စိန်ခေါ်မှုများစွာကြားကပင် Zokhawthar ကျေးရွာတွင်ယခုဖွင့်လှစ်နေသည့် Myanmar Refugees Clinic ကို နောင်တွင် နေရာများပိုမိုတိုးချဲ့ပြီး ဒုက္ခသည်များသာမက အနီးအနားရှိလူထုအားလုံးကို ကူညီကုသပေးနိုင်သည့်ဆေးရုံအဆင့်ထိတိုးမြှင့်လုပ်ဆောင်နိုင်ရန် မျှော်မှန်းထား ပါသည်။ ထို့အပြင် မြန်မာစစ်ဘေးဒုက္ခသည်များ ခိုလှုံနေသည့် အခြားနေရာများတွင်လည်း ဆေးခန်းများတိုးမြှင့် ဖွင့်လှစ်နိုင်ရန် ရေရှည်ရည်မှန်းချက်ကိုလည်း ထားရှိကာ ကြိုးစားလုပ်ဆောင် နေပါသည်။

ယခုဆေးခန်းသည်လည်း နိုင်ငံတကာရှိအလှူရှင်များ၏အကူအညီဖြင့်သာ ဖွင့်လှစ်လည်ပတ်နိုင် ခြင်းဖြစ်ပြီး ဆေးခန်း ရှေရှည်လည်ပတ်နိုင်ရန်နှင့် ယခုထက်တိုးမြှင့်လုပ်ဆောင်နိုင်ရန် မျှော်မှန်းထားသော လုပ်ငန်းများအကောင်အထည်ဖော်နိုင်ရန် အတွက်လည်း အလှူရှင်များ၏ အကူအညီများစွာ ထပ်မံလိုအပ်လျက် ရှိပါသည်။
ဆေးခန်းအတွက် ကူညီလှူဒါန်းလိုသူများအနေဖြင့် ၁။ Mai Lucy (Australia, Contact Ph. + 61431102837)၂။ Van Nei Cem (India, Contact Ph. +919485411242) သို့ ဆက်သွယ်၍ လည်းကောင်း ဆေးခန်း ၏ email ဖြစ်သည့် mrc_he@burmese.chinaffairs.org သို့ ဆက်သွယ်၍လည်းကောင်း ဆက်သွယ် လှူဒါန်းနိုင်ကြပါသည်။ ထို့အပြင် ဤ donorbox (https://donorbox.org/myanmar-refugees-clinic) မှလည်း လှူဒါန်းနိုင်ပါတယ်။