July 16, 2025, 0 Comments

အိန္ဒိယနိုင်ငံ၊ Mizoram ပြည်နယ်‌ရောက် မြန်မာစစ်ဘေးဒုက္ခသည်များ အခြေအနေ

(၂၀၂၁ မှ ၂၀၂၅ ဇွန်လ အထိ)

 

Loyal

 

နိဒါန်း


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နိုင်ငံတော်အာဏာအား စစ်ကောင်စီ၏ သိမ်းမှုကို ဆန့်ကျင်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား စစ်ကောင်စီက အကြမ်းဖက်ဖြိုခွဲခဲ့ခြင်း၊ ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဝရမ်းထုတ်ခြင်း တို့ကို ပြုလုပ်ခဲ့သောကြောင့် မြန်မာနိုင်ငံမှ ပြည်သူများ၊ နိုင်ငံရေးခေါင်းဆောင်များ၊ ပါတီဝင်ခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များအနေဖြင့် မိမိနှင့် နီးစပ်ရာ ပြည်ပနိုင်ငံများသို့ အလျင်းသင့်သလို ထွက်ပြေးတိမ်းရှောင်ကြရသည်။ ထို့အပြင် စစ်ကောင်စီနှင့် ဒေသခံခုခံတော်လှန်ရေးတပ်ဖွဲ့များအကြား မကြာခဏ ဖြစ်ပွားလျက်ရှိသော စစ်ရေးတင်မာမှုကြောင့် ဒေသခံပြည်သူများအနေဖြင့်လည်း နီးစပ်ရာ ပြည်ပနိုင်ငံများသို့ အလျင်းသင့်သလို ထွက်ပြေးတိမ်းရှောင်ကြရသည်။ ချင်းပြည်နယ်ရှိ ပြည်သူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်ရှိ ပြည်သူများအနေဖြင့် အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်(Mizoram) ပြည်နယ်‌သို့ ပြောင်းရွေ့တိမ်းရှောင်လာကြရသည်မှာ ယနေ့ထက်ထိဖြစ်သည်။

အထူးသဖြင့် ချင်းလူမျိုးများအနေဖြင့် လေကြောင်းတိုက်ခိုက်မှုများ၊ အိမ်ခြံမြေများမီးရှို့ခံရမှု၊ ဘုရားအဆောက်အအုံများပျက်စီးမှုနှင့် မျိုးစုံသောဖိနှိပ်ညှင်းဆဲမှုများကြောင့် သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များအပါအဝင်ထွက်ပြေးရသည်။

ထို့ပြင် စစ်ကောင်စီက ချင်းပြည်နယ်သို့ စားသောက်ကုန်နှင့် ဆက်သုံးဆီ စသည်တို့ တင်ပို့ခြင်းကို တားဆီးထားသဖြင့် ချင်းပြည်နယ်တွင် ကုန်ပစ္စည်းများ အဆမတန်ဈေးမြင့်တင်လာရုံမက ရှားပါးပြတ်လစ်ခြင်းစသည့် ဒုက္ခများ ကြုံတွေ့နေရသည်။ ဆက်သွယ်ရေးဝန်ဆောင်မှုများဖြစ်သည့် ဖုန်းနှင့်အင်တာနက်လည်း ဖြတ်တောက်ထားသည်။

 

ချင်းပြည်နယ်ရှိ ပဋိပက္ခကြောင့် ပြောင်းရွှေ့နေရသူအရေအတွက်နှင့် လူဦးရေစုစုပေါင်း


၂၀၁၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်းအရ ချင်းပြည်နယ်တွင် လူဦးရေ ၅၀၀,၀၀၀ ခန့်ရှိသည်။ ချင်းရေးရာအဖွဲ့၏ ဒေတာစာရင်းများအရ ချင်းပြည်နယ်ရှိ လူဦးရေ ၂၀၀,၀၀၀ ခန့်မှာ ပဋိပက္ခကြောင့် ဒုက္ခသည်များအနေဖြင့် ပြေးလွတ်ရာ‌ဒေသများသို့ ပြောင်းရွေးပြီး အသက်မွေးဝမ်းကြောင်းအတွက် ကြုံသလို ဖြေရှင်းနေကြရသည်။ အဆိုပါ ၂သိန်းထဲမှ ၁၃၀,၀၀၀ ခန့်သည် ပြည်တွင်းပြောင်းရွှေ့သူများဖြစ်ပြီး ၇၀,၀၀၀ ခန့်မှာ အိန္ဒိယနိုင်ငံတွင် ဒုက္ခသည်အဖြစ်နေရသည်။ ချင်းပြည်နယ်ရှိ ၈၀ရာခိုင်နှုန်းကျော်ကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်များက ထိန်းချုပ်ထားပြီးဖြစ်သော်လည်း လေကြောင်းရန် အန္တာရယ်ကြောင့် ပြည်သူအများစုမှု ကိုယ့်ရပ်ကိုယ်ဒေသသို့ ပြန်လည်အခြေချနိုင်ခြင်းမရှိသေးပေ။ 

Mizoram ရှိ ဒုက္ခသည်စခန်း တစ်ခု
မီဇိုးရမ်ပြည်နယ်တွင် နေထိုင်နေသော ဒုက္ခသည်များ


၂၀၂၄ ဒီဇင်ဘာ ၁၀ ရက်နေ့က မီဇိုးရမ်ပြည်နယ် Disaster Management and Rehabilitation ဦးစီးဌာနထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှ ၃၃,၀၃၆ ဦးမှာ ဒုက္ခသည်အဖြစ် မီဇိုးရမ်းပြည်နယ်အတွင်းသို့ နေထိုင်ကြကြောင်း ဖော်ပြထားသည်။ သို့သော် ချင်းရေးရာအဖွဲ့ ၏ ဒေတာအချက်လက်များအရ ၄၅,၀၀၀ ခန့်ရှိသည်။ ၎င်းထဲမှ ၉၀ ရာခိုင်နှုန်းသည် ချင်းလူမျိုးများဖြစ်ပြီး ကျန်သူများမှာ စစ်ကိုင်းတိုင်း၊မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်ရှိ ပြည်သူများဖြစ်သည်။ 

ဒုက္ခသည်များမှာ မီဇိုးရမ်ပြည်နယ်ရှိ ခရိုင် ၇ ခရိုင်မှ ဒုက္ခသည်စခန်းပေါင်း ၁၂၇ ခုတွင် နေထိုင်နေကြပြီး ချင်းရေးရာအဖွဲ့၏ ဒေတာအရ ၂၅,၅၆၇ ဦးမှာ စခန်းတွင်းမှာ နေထိုင်ကြသည်။ ၂၀,၀၀၀ ကျော်မှာ အိမ်ငှားရမ်းခြင်း၊ တောင်ယာစောင့်ပေးခြင်းတို့ဖြင့် အလျင်းသင့်သလို နေထိုင်ကြရသည်။ 

 

၂၀၂၁ခုနှစ်မှ ၂၀၂၅ခုနှစ် အတွင်း အဆင့်ဆင့်ပြောင်းလဲလာခြင်း 


အိန္ဒိယဗဟိုအစိုးရက မြန်မာစစ်ဘေးဒုက္ခသည်များကို မလက်ခံချင်ကြောင်း ထုတ်ပြန်သော်လည်း မီဇိုးရမ် ပြည်နယ်အစိုးရနှင့် ဒေသခံ NGO များ မှ ဗဟိုအစိုးရကို ဆန့်ကျင်ပြီး Covid ရောဂါကာလအတွင်မှာပင် မြန်မာစစ်ဘေးဒုက္ခသည်များကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုလက်ခံပေးသည်။ (https://burmese.chinaffairs.org/?p=3098)

မီဇိုးရမ်းပြည်သူများနှင့် အဖွဲ့အစည်းများအနေဖြင့် ချင်းလူမျိုးများကို မိမိတို့နွယ်ဝင်အဖြစ်သတ်မှတ်၍ ဒုက္ခသည်စခန်းတည်ဆောက်ရန် မြေယာများ ငှားရမ်းပေးခြင်း၊ ‌နေရာချထားပေးခြင်းများအပါအဝင် ထိုအပ်ချက်များကို လိုလေသေးမရှိအောင် စီမံပေးခဲ့သည်။ လူနေအိမ်ငှားရမ်းရန် လူနေအိမ်လိုအပ်သောသူများအတွက်လည်း အကူအညီပေးခဲ့သည်။ စားသောက်ကုန်များ၊ အဝတ်အစားများနှင့် လူနေမှုဘဝအတွက် လိုအပ်ချက်များကို မီဇိုးရမ်းဒေသခံပြည်သူများအနေဖြင့် အားတက်သရော လှူဒါန်းကူညီပေးခဲ့သည်။ ထိုမျှမကပဲ ပြည်ပရောက် ချင်းလူမျိုးများအနေဖြင့်လည်း မီဇိုးရမ်းရောက် မြန်မာဒုက္ခသည်များ ကူညီရေးအဖွဲ့များ အရှိုရှိုပေါ်ပေါက်လာခဲ့ပြီး မိမိမြို့၊ ဒေသနှင့် လူမျိုးများအတွက် အစွမ်းကုန် ကူညီထောက်ပံ့ခဲ့ကြသည်။ 

UNHCR အနေဖြင့်လည်း New Delhi ၌သာ ရုံးခန်းဖွင့်ထားသောကြောင့် ဒုက္ခသည်ပြည်သူများအနေဖြင့် ဒုက္ခသည်စာရင်းပေးသွင်းရန် အခက်အခဲတွေ့ရပါသည်။ အမှန်တကယ်လိုအပ်သော ဒုက္ခသည်များ လက်လှမ်းမီနိုင်သည့် ဒေသတွင် UNHCR ရုံးခွဲ့ဖွင့်လှစ်ပေးခြင်းမရှိသဖြင့် New Delhi ရော ဒုက္ခသည်များမှအပ UNHCR ၏ အကူအညီ ရရှိနိုင်ခြင်း မရှိပေ။ 

သို့သော် အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ အကူအညီများ လျော့နည်းလာခြင်းကြောင့် ဒုက္ခသည်များ၏ စာဝတ်နေရေးဖြေရှင်းရန် အခက်အခဲများ ကြုံတွေ့လာကြရသည်။ မြန်မာနိုင်ငံ ပြည်တွင်းတွင် စစ်ရေးအရှိန်မြင့်တက်လာမှု၊ ချင်းပြည်အတွင်း နိုင်ငံရေးပဋိပက္ခ အရှိန်မြင့်တက်လာမှုများကြောင့် ဒုက္ခသည်များအချင်းချင်းအကြား သဘောထားကွဲလွဲမှုများမှစ၍ ဒုက္ခသည်များ အချင်းချင်း ရန်ဖွဲ့လာကြရသည်။ ထို့မှတဆင့် အလုပ်အကိုင်ရှားပါးမှုဟူသော စိန်ခေါ်မှုကြီး ပေါ်ပေါက်လာခဲ့ရသည်။ နဂိုရှိရင်းစွဲ ဒေသခံပြည်သူများပင်လျှင် အလုပ်အကိုင် ရှားပါးမှုပြဿနာကြုံတွေ့နေကြရသည့်အပြင် သောင်းချီသော ဒုက္ခသည်ပြည်သူများအနေဖြင့် အလုပ်အကိုင် ရှားသထက်ရှားလာသည်။ ထို့ကြောင့် ဒုက္ခသည်အများစုမှ ကြုံရာကျပန်း အလုပ်လုပ်ကိုင်နေကြရသည်။ အချို့မှာ NGO, INGO နှင့် ဘာသာရေးအဖွဲ့များ၏ အလှူများကို မျှော်ကူးလျက် စောင့်ဆိုင်းနေကြရသည်။ 

ထိုမှတဆင့် ဒေသခံပြည်သူများနှင့် မြန်မာဒုက္ခသည်များအကြား စည်းလုံးရေးပျက်ပြားလာပြီးနောက် မြန်မာဒုက္ခသည်များအား ပြည်တွင်းပြန်ပို့ရန် အစိုးရထံသို့ တောင်းဆိုချက်များ ဒေသခံများတချို့မှ ပြုလုပ်လာကြသည်။ ၂၀၂၂ခုနှစ်မှ အိန္ဒိယဗဟိုအစိုးရ၏ ဒုက္ခသည်များအား ဇီဝအချက်အလက်များ ကောက်ယူရန်ကြိုးပမ်းခဲ့ခြင်းကို ချင်းရေးရာအဖွဲ့အေနဖြင့် ဖော်ပြပြီးဖြစ်သည်။(https://burmese.chinaffairs.org/?p=3667) ၂၀၂၂ခုနှစ်မှ စတင်ကြိုးပမ်းလာပြီးနောက် ၂၀၂၅ခုနှစ်တွင်မူ အကောင်အထည်ဖော်နိုင်ရန် အရှိန်မြင့်ထပ်မံကြိုးစားလာခဲ့သည်။ ၂၀၂၅ခုနှစ်၊ ဇွန်လ ၂၄ရက် နေ့စွဲဖြင့် မီဇိုရမ်အစိုးရ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ညွှန်ကြားရေးမှူးရုံး ( DIPR ) က စစ်ဘေးရှောင်များ၏ ဇီဝတိုင်းတာမှုနှင့် လူဦးရေခွဲခြားသတ်မှတ်ခြင်းများပြုလုပ်သွားမည်ဟု ထုတ်ပြန်ထားသည်။   

 

လူသားချင်းစာနာမှု အမြင်
(၁) အသက်မွေးဝမ်းကျောင်းနှင့်နေရပ် အခြေအနေ


အချိန်ကြာလာသည်နှင့်အမျှ ဒုက္ခသည်စခန်းများရှိ အိမ်ခြံများသည် ပျက်စီးလာသည်။ တချို့ ဒုက္ခသည်စခန်းများ ပြောင်းရွှေ့ရန်လိုအပ်လာသည်။ ဒုက္ခသည်ပိုမိုများလာခြင်းနှင့်အတူ လူနေအိမ်ငှားရမ်းရန် ရှားပါးလာခြင်း၊ အပြိုင်အဆိုင်စျေးပေးခြင်းများကြောင့် ငှားရမ်းခအဆမတန် မြင့်တက်လာခြင်း၊ ဒုက္ခသည် လူနည်းစု၏ မသမာသောနည်းဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်မှုကြောင့် ဒေသခံပြည်သူများ၏ မျက်မုန်းကျိုးခံရခြင်းများ ကြုံတွေ့လာရသည်။ အလုပ်အကိုင် ရှားသထက်ရှားလာသည်။ တရားဝင်နေထိုင်ခွင့်မရရှိခြင်းနှင့် တရားဝင်ဒုက္ခသည်စာရင်းတင်သွင်းခွင့်မရရှိခြင်းတို့ကြောင့် အလုပ်အကိုင်အခွင့်အလမ်းရှုံး ဆုံးရခြင်း၊ အလုပ်အကိုင်ရရှိသော်လည်း တရားဝင်လုပ်ကိုင်ခွင့်မရရှိခြင်းတို့ကြောင့် လုပ်အားခများအပေါ်တွင်လည်း များစွာ အကြိုးသက်ရောက်မှုရှိသည်။ 

 

(၂) စားကုန်နှင့် အာဟာရအခြေအနေ


ဒုက္ခသည်စခန်းတွင်နေသူများအနေဖြင့် လှူဒါန်းမှုနှင့် အကူအညီများ လျော့နည်းလာခြင်းကြောင့် ဆီ၊ ဆန်၊ ဆားစသည့် အခြေခံစားကုန် လိုအပ်ချက်များ ကြီးထွားလာသည်။ တစ်ပတ်လျှင် တစ်ရက်သာ အလုပ် လုပ်ရသောသူများလည်းရှိသည်။ မြန်မာနိုင်ငံပြင်ပမှ ချင်းလူမျိုးများနှင့် NGO များမှ ထောက်ပံ့မှုမရှိလျှင် ဝမ်းစာအတွက် အခက်ကြုံရသည်။

 

(၃) ကျန်းမာရေးအခြေအနေ


NGO များမှ ပေးသော ကျန်းမာရေးဝန်ဆောင်မှုအပေါ်သာ မျှော်လင့်နိုင်ပြီး မြို့ကြီးများရှိ ဆေးရုံတွင်ကုသရန်လိုအပ်သောအခါ ငွေကြေးပြဿနာကြုံတွေ့ရသည်။ အစိုးရဆေးဝါးကုသပေးမှုနေရာများတွင် ဒေသခံပြည်သူများနည်းတူ ဆေးဝါးကုသခွင့်ရရှိသည်။ 

သို့သော် ဒုက္ခသည်စခန်းအတွင်း လူဦးရေထူထပ်များပြားခြင်းကြောင့် ရာသီအလိုက်ရောဂါဖြစ်ပွားမှု မြင့်မားသည်။ NGO များအနေဖြင့် ရွေ့လျားဆေးကုသမှုများကို စခန်းအရောက် ကုသပေးသော်လည်း လိုအပ်ချက်များပြားမှု၊ လူအင်အားမလုံလောက်မှုနှင့် ငွေကြေးမလုံလောက်မှုများကြောင့် ဒုက္ခသည်များ အားလုံးအတွက် ထိရောက်သော ကုသမှု‌‌ပေးနိုင်ရန် လိုအပ်လျက်ရှိသေးသည်။ ထို့အပြင် ဒုက္ခသည်စခန်းနှင့် ဆေးဝါးကုသရန်နေရာ ကွာဝေးလွန်းခြင်းကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိရန်နှင့် အရေးပေါ်အခြေနေများတွင် အခက်အခဲ့ကြုံရသည်။ 

ဒုက္ခသည်စခန်း တစ်ခု၌ နေထိုင်သော အဘွားအိုတစ်ယောက်

 

(၄) ပညာရေးအခြေအနေ


အိန္ဒိယအစိုးရအနေဖြင့် ကျောင်းနေအရွယ်ကလေးသူငယ်များအတွက် တန်းတူပညာရေးအခွင့်အရေးရရှိရမည် ဟူသော မူဝါဒနှင့်အညီ ၁၂တန်းအထိ အခမဲ့ပညာရေးအား တန်းတူခွင့်ပြုပေးထားသည်။ CDM ဆရာများNGOများနှင့် နိုင်ငံရေးခေါင်းဆောင်အချို့၏ ဦးဆောင်မှုဖြင့် NUG သင်ရိုးကိုလည်း ဒုက္ခသည်စခန်းအတွင်းသော်လည်းကောင်း ကျောင်းချိန်ပြင်ပ၌ သော်လည်းကောင်း သင်ကြားပေးကြသည်။ NUG ပညာရေးစနစ်တွင် အဆင့်မြင့်ပညာရေးအာမခံချက်မရှိခြင်းကြောင့် ကျောင်းသားမိဘအချို့မှာ သားသမီးများကို NUG စနစ်အောက်သို့ ကျောင်းတက်စေရန် မလိုလားကြပေ။ အိန္ဒိယပညာရေးစနစ်တွင် ဒုက္ခသည်များအနေဖြင့် အသက်မွေးဝမ်းကြောင်း အဆင့်မြင့်ပညာရပ် သင်ကြားခွင့်မရှိသော်လည်း သာမံအဆင့်မြင့်ပညာရပ်များ သင်ကြားခွင့်ရရှိခြင်းကြောင့် ကျောင်းသားမိဘ အမျိားစုမှာ မီဇိုးရမ်းပညာရေးစနစ်အောက်တွင် သားသမီးများကို ပို၍ ကျောင်းအပ်ကြသည်။  

(၅) ဥပဒေအကာအကွယ်မရှိခြင်း


အိန္ဒိယဗဟိုအစိုးရနှင့် မီဇိုးရမ်အစိုးရက ဒုက္ခသည်များအပေါ် သတ်မှတ်ထားသည့် ခိုင်လုံသောဥပဒေမရှိခြင်းကြောင့် အလုပ်လုပ်ခွင့်၊ တရားဝင်အကာအကွယ် မရှိခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်း ကဏ္ဍများတွင် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသော ထိန်းချုပ်မှုများဖြင့်သာ ဒေသခံပြည်သူများ၊ တာဝန်ရှိသူများနှင့် လက်တွဲလုပ်ကိုင် စာသောက်ကြရသည်။ ဒုက္ခသည်မိဘမှမွေးဖွားသောကလေးများအတွက် မွေးစာရင်း မရရှိနိုင်‌ပေ။ 

ဒုက္ခသည်များ၊ ဒုက္ခသည်စောင့်ရှောက်သူများနှင့် မေးမြန်းခြင်း

 

၂၀၂၁ခုနှစ် စစ်ကောင်စီအာဏာသိမ်းပြီးနောက် မီဇိုးရမ်းအနေဖြင့် ဗဟိုအစိုးရမှ ခွင့်မပြုသည့်ကြားကပင် လိုလိုလားလား လက်ခံပေးခဲ့သည့် အပြင် ယနေ့အချိန်ထိ အစွမ်းကုန် စောင့်ရှောက်ပေးသည့်အပေါ် ကျေးဇူးတင်ကြောင်း Chin Pawlpi Mizoram President မှ ဇူလိုင် ၁ရက်နေ့တွင် Zalen Media နှင့် ပြုလုပ်သော ဆွေးနွေးပွဲတွင် ပြောခဲ့သည်။ 

မီဇိုးရမ်းအတွင်းရှိ NGO နှင့် ဒေသအခံဖွဲ့အစည်းများမှ ဒုက္ခသည်များအတွက် အစွမ်းကုန်ပြုစုစောင့်ရှောင့်ခြင်းကြောင့်သာ ယခုကဲ့သို့ ရပ်တည်နိုင်ခြင်းဖြစ်ကြောင်း၊ ပြည်ပရောက် ချင်းလူမျိုး ကူညီထောက်ပံ့ပေးမှုများဖြင့် ရပ်တည်နိုင်ချင်းဖြစ်ကြောင်း ဆက်လက်ပြောကြားသွားသည်။ 

အမည်မဖော်လိုသူ ဒုက္ခသည် တစ်ဦးက “အကူအညီရောက်မလာတဲ့အချိန်က ပိုများလာပြီ၊ အစတုန်းကလောက်မရတော့ဘူး၊ ဆိုတော့ အလုပ်မှန်သမျှ အကုန်လုပ်ရတယ်၊ ဒီလိုမလုပ်ရင် အစားအသောက်အတွက် အခက်တွေ့လာပြီ” ဟု ICA သို့ပြောသည်။ 

ဆက်လက်ပြီး လုပ်အားခများနှင့် ပတ်သက်၍ “ဆိုင်စောင့်၊ စာပွဲထိုးလုပ်ရင် တစ်လကို ၅,၀၀၀ ကနေ ၁၀,၀၀၀ ကြား ရတယ်၊ ပန်းရံတို့ဘာတို့ အလုပ်ကြမ်းလုပ်ရင်တော့ တရက်ကို ၆၀၀ ကနေ ၁,၀၀၀ ကြားရတယ်၊ ဒါပေမယ့် နေ့တိုင်းတော့ အလုပ်မရှိဘူး၊ ဒီမှာက အလုပ်ကိုင်အခွင့်အလမ်းက ရှားကိုရှားတာ၊ တောင်ပေါ်ဒေသလည်းဖြစ်နေတော့လေ” ဟု ဆက်ပြောသည်။ 

မီဇိုးရမ်းအခြေစိုက် ချင်းအမျိုးသား NGO အဖွဲ့အစည်းများအနေဖြင့်လည်း အစိုးရ၏ တရားဝင်ခွင့်ပြုချက်မရရှိသောလည်း ဒေသခံတာဝန်ရှိသူများ၏ ခွင့်ပြုချက်များနှင့်အတူ ဒုက္ခသည်များအတွက် အစွမ်းကုန် လုပ်ကိုင်ပေးလျက်ရှိသည်။ ဒေသခံ NGO များအနေဖြင့် ချင်းအမျိုးသား NGO များ ဖြောင့်ဖြိုးစွာ အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ရရာနည်းလမ်းများကိုရှာဖွေကာ တက်နိုင်သမျှ ကာကွယ်ပေးလျက်ရှိသည်ကို တွေ့ရသည်။ 

ဆက်လက်ပြီး Chin Pawlpi Mizoram President မှ မီဇိုးရမ်းတာဝန်ရှိသူများအနေဖြင့် ဒေသခံပြည်သူများ၏ တောင်းဆိုချက်များ၊ ဥပဒေများ၊ ဓလေ့ထုံးတမ်းများ၊ ယဥ်ကျေးမှုများနှင့် ကာလဒေသံအလိုက် ထုတ်ပြန်ချက်များကို တတ်နိုင်သေလာက် လိုက်ပေးကြရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။ 

 

နိဂုံး


မြန်မာဒုက္ခသည်များအတွက် ပြည်တွင်းနိုင်ငံရေးပဋိပက္ခ ကြန့်ကြာနေခြင်းမှာ အဓိကအခက်ခဲဖြစ်သည်။ နဂိုကတည်းကပင် အိန္ဒိယဗဟိုအစိုးရ၏ နိုင်ငံခြားငွေကြေးအပေါ်တင်းကြပ်မှု၊ NGO INGO များအပေါ်တင်းကြပ်မှုနှင့် USAID ဖြတ်တောက်မှုများကြောင့် ဒုက္ခသည်များအပေါ် ထောက်ပံ့မှုနည်းသထက်နည်းလာခြင်းတို့မှာ ဒုက္ခသည်များ၏ ပင်မအခက်အခဲဖြစ်သည်။ ဒုက္ခသည်များအနေဖြင့် အစားအသောက်၊ ကျန်းမာရေးအတွက် ထောက်ပံ့မှုမရှိခြင်း၊ ဥပဒေအကာအကွယ်မရှိခြင်းနှင့် ဒေသခံပြည်သူတစ်ချို့နှင့် ဆက်ဆံရေးအဆင်မပြေမှု၊ စီးပွားရေးပြိုင်ဆိုင်မှုနှင့် မတရားအပြစ်ပုံချခံရမှု စသည့်အခက်အခဲနှင့် စိန်ခေါ်မှုများ ကြီးမားစွာ ရင်ဆိုင်ကြုံတွေ့နေကြရသည်။ 

အစောပိုင်းတွင် ထောက်ပံ့ကူညီခဲ့သော ပြည်ပရောက် မြန်မာနိုင်ငံသားများထံမှ ရရှိသော အကူအညီသည်လည်းလျော့နည်းလာသည်။ အိန္ဒိယအစိုးရနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ အရေးပေါ်အဆင့်မြင့်ထောက်ပံ့မှု၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ စုပေါင်းလှူဒါန်းမှု၊ NGOINGO များမှ ဒုက္ခသည်များ၏ အခြေခံလိုအပ်ချက်များကို အမှန်တကယ် ဒုက္ခသည်အရေး ကူညီဆောင်ရွက်လျက်ရှိသော မြေပြင်အဖွဲ့အစည်းများနှင့် ရရာနည်းဖြင့် ကူညီပေးရန် အလွန် လိုအပ်ကြောင်း တင်ပြအပ်ပါသည်။