
July 13, 2025, 0 Comments
ကန်ပက်လက်မြို့ ၏ လတ်တလော အခြေအနေများကို လေ့လာခြင်း
Salai Lin
ကန်ပက်လက်(Kanpetlet)မြို့သည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် ထုတ်ပြန်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစီရင်ခံဖော်ပြချက်အရ မြို့ပေါ်တွင် အိမ်ထောင်စု ၆၀၀ ရှိပြီး လူဦးရေစုစုပေါင်း ၄,၁၁၈ နေထိုင်ကြသည်။ တစ်မြို့နယ်လုံး၏ လူဦးရေမှာ ၂၄,၃၄၁ ဖြစ်သည်။ လတ်တလောတွင်မူ ကန်ပက်လက်မြို့ပေါ်တွင် နေထိုင်သူ အိမ်ထောင်စု ၅၀ ခန့်သာ ရှိပြီး လူဦးရေအားဖြင့် ၂၀၀ ဝန်းကျင်သာ ရှိမည်ဟု ခန့်မှန်းရပါသည်။
ကန်ပက်လက်မြို့ပေါ်တွင် ဒေသခံတော်လှန်ရေးတပ်ဖွဲ့က မြို့ပေါ်တွင်တပ်စွဲထားသော စစ်ကောင်စီတပ် ကို စတင်တိုက်ခိုက်သည့် ၂၀၂၁ ခုနှစ် မေလခန့် မှ စ၍ မြို့တွင်းနေပြည်သူအများစုသည် မြို့ကိုစွန့်ခွာပြီး စတင်စစ်ဘေးရှောင်ခဲ့ကြသည်။ စစ်ကောင်စီ၏ မြို့တွင်း စစ်ဆေးရေးဂိတ်များ တိုးချဲလုပ်ဆောင်လာခြင်း၊ မြို့နေပြည်သူများကို တင်းကြပ်သော စစ်ဆေးမှုများ လုပ်ဆောင်ခြင်း၊ မသင်္ကာသူများကို ဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန်လာခြင်း တို့ကြောင့် မြို့ကိုစွန့်ခွာသူဦးရေ ပိုမိုများပြားလာခဲ့သည်။ အချို့သော မိသားစုများသည် မိမိဆွေမျိုးများနေထိုင်ရာ ကျေးရွာများသို့လည်းကောင်း၊ အချို့သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မကွေးတိုင်း၊ ဆောမြို့နယ်သို့ အိမ်ငှား၍ လည်းကောင်း၊ စစ်ဘေးရှောင်စခန်းဖွဲ့၍လည်းကောင်း စစ်ဘေးရှောင်ခဲ့ကြသည်။ မိမိနေအိမ်တွင် လုံခြုံသောအခန်းရှိသူများ နှင့် အိမ်ကိုစောင့်ရန်အတွက် သက်ကြီးလူကြီးပိုင်း အနည်းငယ်သာ မြို့ပေါ်တွင် ကျန်ခဲ့ကြသည်။

၂၀၂၃ ခုနှစ် ၊မေလ (၁၃) ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာသော ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF – Kanpetlet) ၏ တော်လှန်ရေး ၂ နှစ်ပြည့် အထိမ်းအမှတ် သဘောထားထုတ်ပြန်ချက်အရ ကန်ပက်လက်မြို့ တွင် မြို့တွင်းပစ်ခတ်တိုက်ခိုက်မှုများကို ၂၀၂၁ ခုနှစ်၊ မေလ (၁၃) ရက်နေ့တွင် စတင်ဆင်နွှဲခဲ့သည်။ တော်လှန်ရေးတိုက်ပွဲစတင်ဆင်နွဲပြီး ၃ နှစ် နှင့် ၇ လ ခန့်အကြာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက် တွင် ချင်းညီနောင်အဖွဲ့(Chin Brotherhood) က ချင်းညီနောင်စစ်ဆင်ရေး (CB Operation) စတင်ကြောင်း ကြေငြာခဲ့သည်။ ယင်းကြေငြာချက်ထုတ်ပြန်သည့်နေ့မှာပင် ကန်ပက်လက်မြို့ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များအားလုံး မြို့ကိုစွန့်ခွာထွက်ပြေးခဲ့ကြခြင်းကြောင့် ထို့နေ့မှာပင် ကန်ပက်လက်မြို့သည် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်သို့ အပြည့်အဝ ရောက်ရှိခဲ့သည်။
ထို့နောက် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက မြို့တွင်းသန့်ရှင်းရေး နှင့် လုံခြုံရေးကိစ္စများကို ကြိုးစားဆောင်ရွက်ကြပြီး မြို့နေပြည်သူများလည်း မြို့ထဲသို့ တဖြည်းဖြည်းချင်း ပြန်လည် ဝင်ရောက်နေထိုင်လာခဲ့ကြသည်။ သို့သော် စစ်ကောင်စီသည် မြို့ထဲသို့ ပြည်သူလူထု ပြန်လည်နေထိုင်မှုကို နှောက်ယှက်ပျက်စီးစေရန် ရည်ရွယ်ပြီး ကန်ပက်လက်မြို့ပေါ်သို့ နေ့စဉ် ရက်ဆက်လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သည်။ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ကန်ပက်လက်မြို့နယ် ၏ ၁၈ ရက် ဧပြီလ ၂၀၂၅ ခုနှစ်တွင် ထုတ်ပြန်သော ကြေငြာချက်အရ ဧပြီလ တစ်လအတွင်းတွင်ပင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု (၇) ကြိမ် ခံရပြီး ယင်းတိုက်ခိုက်မှုတွင် ပြည်သူတစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရကာ အဆောက်အဦးပေါင်း ၆၃ လုံး ပျက်စီးခဲ့ကြောင်း ဖော်ပြသည်။ ထို့ကြောင့် မြို့ထဲသို့ ပြန်လည် ဝင်ရောက်နေထိုင်ကြသော ပြည်သူများသည်လည်း ထပ်မံစစ်ဘေးပြန်ရှောင်ကြရသည့် အနေအထားဖြစ်သည်။
ဆောမြို့သို့ စစ်ဘေးရှောင်နေသည့် အသက် ၅၀ အရွယ် ပြည်သူတစ်ဦးက “ကျွန်မတို့ မိသားစုလိုက် စစ်ဘေးရှောင်တာ ၂၀၂၁ ဒီဇင်ဘာလ ကတည်းကပဲ။ အဲတုန်းက မြို့တွင်းတိုက်ပွဲတွေပြင်းထန်လာတာရော၊ ကိုယ့်အိမ်နီးနားချင်းတွေလည်း အကုန်လုံး စစ်ဘေးရှောင်သွားကြတာရော ဆိုတော့ မလုံခြုံတော့ဘူး၊ မနေရဲတော့ဘူးလေ။ အိမ်မှာက ကလေးတွေလည်း ရှိတော့ ရုတ်တရက် ပြေးရလွှားရဖို့ ဖြစ်လာရင် ခက်မယ် ဆိုပြီး စစ်ဘေးရှောင်ကြတာ။ အဲဒီချိန်ကတည်းက ဆောမြို့ မှာ ၁၀၀,၀၀၀ ကျပ်နဲ့ အိမ်ငှားပြီးနေတာ။ အိမ်ငှားလည်း ၂ ခါလောက် ပြောင်းရတယ်။ မိသားစုက ၅ ယောက် ဆိုတော့ ပြောင်းရပြုရတာလဲ မလွယ်ဘူး။ ဆောကနေပဲ ကန်ပက်လက်မြို့ ဖက်မှာ ရှိတဲ့ ဥယျာဉ်ခြံမှာ အသီးအရွက်တွေ သွားစိုက်၊ ဝဥ စိုက်ပေါ့။ ဟင်းသီးဟင်းရွက်လေးတွေ ဆောမြို့မှာ ပြန်ရောင်း ၊ အဲလိုပဲ နေလာတာ။ တခါတလေ နေ့စားလိုက်တာပေါ့။ ပေါင်းရှင်းတာတို့၊ သူများအိမ်ဝန်း သန့်ရှင်းရေးလုပ်တာတို့ပေါ့။ တခြားလုပ်စရာလည်း မရှိဘူးလေ။ တခါတလေ လူမှုအသင်းအဖွဲ့တွေက ကူညီထောက်ပံ့တာလေးတွေ ရတာရှိတယ်။ ဒီလိုပဲ နေလာတာ။ တလောကမှ လူငယ်တွေ(ဒေသခံတော်လှန်ရေးတပ်)က မြို့ကို ပြန်သိမ်းကြတော့ အိမ်မှာပြန်နေတော့မယ် ဆိုပြီး သန့်ရှင်းရေးတွေသွားလုပ် ပြီး ပြန်သွားနေသေးတယ်။ စစ်တပ်က လေယာဉ်နဲ့ မြို့ထဲမှာ ဗုံးတွေကျဲ လာတော့ နေလို့မရတော့ပြန်ဘူး။ ဆောမြို့ကို ပြန်ရှောင်ရပြန်တယ်။ ကိုယ့်မြို့ ကိုယ့်အိမ်မှာ အေးအေးဆေးဆေး သူသူကိုယ်ကိုယ် ပြန်နေချင်ကြတော့ပေါ့။ အခြေအနေက မလုံခြုံဘူးဆိုတော့ ခက်ခဲပေမယ့် သီးခံပြီး နေနေရတာပါပဲ” ဟု သူမ၏ ခံစားချက်များကို ပြောပြသည်။
CDF-Kanpetlet ၏ ပြောရေးဆိုခွင့်ရှိသူ ပီတာသန်းရွှေ ကလည်း ကန်ပက်လက်မြို့၏ လတ်တလောအခြေအနကို သတင်းစာရှင်းလင်းပွဲ၌ ဖြေကြားရာတွင် “မြို့တွင်း ခြုံနွယ်ပိတ်ပေါင်းရှင်းလင်းပြီး ဌာနဆိုင်ရာ ရုံးများကို သန့်ရှင်းရေး ဆက်လုပ်နေရကာ ကန်ပက်လက်မြို့ခံများမှာ စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် မြို့ကို ပြန်မလာကြသေးဘဲ ဘေးလွတ်ရာတွင် ဆက်လက်နေထိုင်နေကြောင်း ရှင်းပြသည်။”(Myanmar Now facebook page – June 20, 2025)

ယခုအချိန်တွင် ကန်ပက်လက်မြို့၌ ကုန်စုံဆိုင် ၃ ဆိုင်၊ ဟင်းသီးဟင်းရွက်ဆိုင် ၄ ဆိုင် နှင့် စားသောက်ဆိုင် ၁ ဆိုင် ဖွင့်လှစ်ထားသည်။ သို့သော် မြို့ပေါ်နေလူဦးရေအလွန်နည်းပါးခြင်းကြောင့် ဝယ်ယူစားသုံးသူ အလွန်နည်းပါးသည်။ ဆန်၊ ဆီ၊ ဆား ကဲ့သို့သော့ အဓိက စားကုန်များကိုမူ အများအားဖြင့် မကွေးတိုင်း၊ ဆောမြို့သို့ ဆင်း၍ဝယ်ယူလေ့ရှိကြသည်။ မြို့ပေါ်တွင် အသားခုံ မရှိဘဲ ဒေသခံများမှကိုယ်တိုင်မွေးမြူသော နွား၊ နွားနောက်၊ ဝက် စသော တိရိစ္ဆာန်များကို အသားဖော်ရောင်းသည့်အချိန်များတွင်သာ အသားဝယ်ယူနိုင်သည်။ ကန်ပက်လက်မြို့ပေါ်တွင် ပုံမှန်ရရှိနိုင်သော စားကုန် နှင့် လူသုံးကုန် (၇ မျိုး) များ၏ လတ်တလောဈေးနှုန်းများကို ကောက်ခံထားရာတွင် ဤကဲ့သို့ တွေ့ရသည်။
စဉ် | ကုန်ပစ္စည်းအမျိုးအမည် | ရေတွက်ပုံ | ဈေးနှုန်း | မှတ်ချက် |
၁ | အမဲသား | ၁ ပိသာ | ၃၀,၀၀၀ ကျပ် | |
၂ | ကြက်သား | ၁ ပိသာ | ၃၀,၀၀၀ ကျပ် | |
၃ | မီးသွေး | ၁ အိတ် | ၂၀,၀၀၀ ကျပ် | |
၄ | ကြက်ဥ | ၁ လုံး | ၇၀၀ ကျပ် | |
၅ | ဆား | ၁ ထုပ် | ၁,၅၀၀ ကျပ် | |
၆ | အာလူး | ၁ ပိသာ | ၈,၀၀၀ ကျပ် | |
၇ | ဓာတ်ဆီ | ၁ လီတာ | ၅,၅၀၀ ကျပ် |
၂၀၂၅ ခုနှစ်၊ ဇွန်လ အတွင်း ကောက်ခံသော ကန်ပက်လက်မြို့ပေါ်ရှိ စားသုံးကုန် ဈေးနှုန်း
ကန်ပက်လက်မြို့နယ်သည် ယခင်က ဝဥ စိုက်ပျိုးရေးလုပ်ငန်းကို ဝင်ငွေရလုပ်ငန်းအဖြစ် အဓိကထား လုပ်ကိုင်လာခဲ့ကြသည်။ မြို့ပေါ်နေပြည်သူများသည်လည်း ကိုယ်ပိုင်ခြံတွင် စိုက်ပျိုးခြင်း၊ မြေကွက်ငှားရန်းစိုက်ပျိုးခြင်း နှင့် မြေကွက်ဝယ်ယူစိုက်ပျိုးခြင်းများကို တွင်ကျယ်စွာ လုပ်ကိုင်ခဲ့ကြသည်။ ၂၀၁၉ ခုနှစ် ကိုဗစ်စတင်ဖြစ်ပွားချိန်မှစ၍ အကြမ်းဖက်စစ်တပ်အာဏာသိမ်းမှု ဆက်တိုက်ဖြစ်ပေါ်ခြင်းကြောင့် အဖြည်းဖြည်း ဝဥဈေးကွက်ကျဆင်းလာပြီး အာဏာသိမ်းပြီးကာလများတွင် အရောင်းအဝယ်များပင် ရပ်တန့်သွားခဲ့သည်။ သို့သော် ၂၀၂၄ ခုနှစ် အနှောင်းပိုင်းတွင် ဈေးကွက်များ ပြန်လည် အသက်ဝင်လာပြီး မန္တလေးပွဲရုံများတွင် ဝဥ အခြောက် ၁ပိသာ လျှင် ၁၄,၀၀၀ ကျပ် ဝန်းကျင် အထိ ဈေးရခဲ့သည်။ သို့သော် စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးများ အဆမတန်ပေးရကြောင်း အရောင်းအဝယ်ဒိုင်များထံမှ သိရသည်။

ကန်ပက်လက်မြို့မှ ရန်ကုန်၊ မန္တလေး ဖက်သို့ ပြေးဆွဲလေ့ရှိသော ပုံမှန် လိုင်းကားများ မှာ ယခုချိန်အထိ ပြန်လည် ပြေးဆွဲနိုင်ခြင်းမရှိသေးပါ။ စင်းလုံးငှားအနေဖြင့် ကားငယ်များသာ ရံဖန်ရံခါ ထွက်လေ့ရှိသည်။ ပုံမှန်အသုံးပြုနေကြလမ်းမကြီးဖြစ်သော ကန်ပက်လက်-ဆော-ချောက် လမ်းမကြီးမှာ ၂၀၂၅ ခုနှစ် မတ်လခန့် မှစ၍ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် လမ်းပိတ်ထားသည်။ ကန်ပက်လက်မှ ရန်ကုန်သို့ သွားရန်အတွက် ပိုဝေးပြီး ခက်ခဲသော လမ်းကြောင်း ဖြစ်သည့် ကန်ပက်လက်-ဆော-စလင်း လမ်းကို အသုံးပြုကြရသည်။
နိုင်ငံသားစိစစ်ရေးကဒ်ပြားတွင် ချင်းပြည်နယ်ကိုယ်စားပြု ပထမ နံပါတ်ဖြစ်သော ၄/ မှတ်ပုံတင် ကိုင်ဆောင်သူများအနေဖြင့် စစ်ကောင်စီ၏စစ်ဆေးရေးဂိတ်များတွင် ဂိတ်ဖြတ်သန်းခကို အဆမတန် ပေးကြရသည်။ ယခင်က ၁ ရက် သာသွားရသော ခရီးကို ၂ ရက်သွားရပြီး ၅၀,၀၀၀ ကျပ်ခန့်သာ ကျသင့်သည့် ကန်ပက်လက် နှင့် ချောက် ကြား ခရီးစရိတ်သည် ယခုအခါ ၁၅၀,၀၀၀ ကျပ် ကျသင့်ကာ ဂိတ်ကြေးအဖြစ် ၁၀၀,၀၀၀ ကျပ် ခန့် အပိုဆောင်းထပ်မံကုန်ကျကြောင်းသိရသည်။ ယခင် ၂၀၂၄ ခုနှစ်တွင် ကန်ပက်လက်မြို့ မှ မန္တလေးမြို့သို့ ခရီးစရိတ် ၈၀,၀၀၀ ကျပ် သာ ကျသင့်သော်လည်း ယခုအခါ ကားခအဖြစ် ၁၃၀,၀၀၀ ကျပ် ကျသင့်ကာ ၄/မှတ်ပုံတင်ကိုင်ဆောင်သူများအနေဖြင့် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တိုင်းတွင် ၁၀,၀၀၀ ကျပ်စီ ပေးရပြီး မန္တလေးမြို့အထိ ကားခ နှင့် ဂိတ်ဖြတ်သန်းခ စုစုပေါင်း ၂၅၀,၀၀၀ ကျပ် အထိကုန်ကျသည်။ စစ်ဆေးရေးဂိတ်တွင် ပေးရသည့် ၁၀,၀၀၀ ကျပ်သည် ခရီးသည် တစ်ဦးချင်းစီက စစ်ကောင်စီ၏စစ်ဆေးရေးဂိတ်များတွင်ရှိသော စစ်သားများမှတောင်း၍ ပေးရခြင်းဖြစ်ပြီး ကားသမားများကလည်း ဂိတ်ဖြတ်သန်းခကို သီးသန့် ပေးရသေးသည်။ ယခုကဲ့သို့ အကြပ်အတည်းကာလတွင် အရေးပေါ် ကျန်းမာရေးကိစ္စများအတွက် ပြည်မကြီးများသို့ သွားလိုသော ပြည်သူများအနေဖြင့် ကုန်ကျစရိတ်များစွာ နှင့် တင်းကြပ်သည့်စစ်ဆေးမှု များစွာကို ခံရပြီး ခက်ခဲ ပင်ပန်းစွာ သွားရောက်ကြရသည်။ ကန်ပက်လက်မြို့နယ်အတွင်း ခရီးသွားလာမှုတွင်မူ အကန့်အသတ် တစုံတရာမရှိဘဲ လွတ်လပ်စွာ သွားလာနိုင်ကြသည်။ “ကန်ပက်လက်ကနေ ဟို(မန္တလေး) အရောက်က ၂၅၀,၀၀၀ ကျော် ကုန်တယ်။ ကားခက ၁၃၀,၀၀၀ ကျပ်ပဲ။ ဂိတ်တိုင်းမှာ ၄/မှတ်ပုံတင် နဲ့ဆိုတော့ ၁၀,၀၀၀ ကျပ်စီပေးရေးတယ်။ စစ်ဆေးတာကလည်း တအားဆိုးတယ်။ ကြပ်တယ်။ ကျန်းမာရေးကိစ္စမဟုတ်ရင် မသွားတာကောင်းတယ်” ဟု မန္တလေးသို့ ဆေးခန်းသွားပြသည့် ပြည်သူတစ်ဦးက ပြောသည်။

ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီ၏ စီမံခန့်ခွဲမှုအောက်တွင် လည်ပတ်နေသည့် ပညာရေး နှင့် ကျန်းမာရေးကန္ဒ အများစု ရပ်ဆိုင်းသွားသည်မှာ ၂၀၂၁ ခုနှစ် နှောင်းပိုင်းခန့်မှ ဖြစ်သည်။ ယခုအခါ မြို့နယ်တခုလုံး၏ ပညာရေး နှင့် ကျန်းမာရေးကန္ဒသည် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ စီမံခန့်ခွဲမှုအောက်တွင် အလုံးစုံရောက်ရှိနေပြီဖြစ်ကာ ပြည်သူများ၏ ကျန်းမာရေး နှင့် ကလေးများ၏ ပညာရေးအတွက် အစွမ်းကုန်လုပ်ဆောင်နေကြသည်။ သို့သော် ကန်ပက်လက်မြို့ပေါ်တွင် မူ စစ်ကောင်စီ၏ လေကြောင်းရန်အန္တာရာယ်ကြောင့် တာဝန်ရှိသူများအနေဖြင့် ပညာရေး နှင့် ကျန်းမာရေးကန္ဒ ပြန်လည် ဖော်ဆောင်မှုကို ဆိုင်းငံ့ထားသေးသည်။
ကန်ပက်လက်မြို့ပေါ်တွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့ ခန့်မှ စ၍ လျှပ်စစ်မီး မရရှိတော့ဘဲ ဆိုလာ(solar)၊ဘက်ထီရီ(battery) နှင့် ဖရောင်းတိုင်များကို သာ အသုံးပြုနေကြသည်။ ချက်ပြုတ်ရန်အတွက် ထင်းနှင့်မီးသွေးကို အသုံးပြုကြသည်။ ကန်ပက်လက်မြို့နယ်သည် ၂၀၂၃ ဇန်နဝါရီလ ခန့်မှ စ၍ အင်တာနက်လိုင်းများ နှင့် ဖုန်းလိုင်း များ ဖြတ်တောက်ခံထားရသည်။ ဖုန်းလိုင်း နှင့် အင်တာနက်လိုင်းများ အသုံးပြုနိုင်ရန် အခြားမြို့နယ်/နေရာ များသို့ သီးသန့် အချိန်ယူ သွားရောက်အသုံးပြုရသည်။ ရခုအခါ Starlink ဂြိုလ်တုအင်တာနက် အသုံးပြုနိုင်သည့် နေရာအချို့ရှိပြီး အသုံးပြုခအဖြစ် ၁နာရီ လျှင် ၂,၀၀၀ ကျပ် ခန့်ပေးရသည်။ ဤကဲ့သို့ အင်တာနက် လိုင်းအသုံးပြုနိုင်မှုသည် ဆက်သွယ်ရေးဖြတ်တောက်ပြီး သတင်းအမှောင်ချခံရသော ဒေသအတွက် တစိတ်တပိုင်း ကောင်းသောဖြေရှင်း နိုင်မှုဟု ဆိုနိုင်ပါသည်။
ကန်ပက်လက်မြို့ပေါ်တွင် ယခင်ကတည်းက စစ်ဘေးမရှောင်ဘဲ နေထိုင်နေသည့် မြို့ခံ တစ်ဦးက “ကျနော်က စစ်ဘေးမရှောင်ဖြစ်ဘူး။ အိမ်မှာ လုံခြုံတဲ့နေရာလေးလည်းရှိတော့ မြို့ပေါ်မှာပဲ နေလိုက်တယ်။ ကလေးတွေတော့ ၂၀၂၂ လောက်ကတည်းက ရှောင်ကြတယ်။ ကျနော်ပဲ အိမ်စောင့်ရင်းနဲ့ ဒီတိုင်း နေနေတာ။ မြို့ထဲမှာ စစ်သားတွေရှိတဲ့ချိန်လည်း သူတို့အပြင်ထွက်တဲ့အခြေအနေ ကြည့်ပြီး နည်းနည်းရှင်းတဲ့ချိန်မှာ အပြင်မှာ အလုပ်ထွက်လုပ်တယ်။ အိမ်ဝင်စီးတာမျိုး မရှိတော့ မြို့ထဲတိုက်ပွဲဖြစ်တဲ့ချိန် လုံခြုံတဲ့နေရာမှာနေ တော့ အဆင်ပြေတယ်တော့ မဟုတ်ပေမယ့် နေလို့ရတာပေါ့။ ခုတော့ ကိုယ့်ဒေသခံ လူငယ်တွေက မြို့ကို ထိန်းလိုက်ပြီဆိုတော့ အေးဆေးလိုမျိုးတော့ ဖြစ်သွားပြီ။ တစ်ခုပဲ ။ လေယာဉ်နဲ့ ဗုံးလာကျဲတာတော့ တော်တော် ဆိုးတယ်။ အရင်က စစ်ဘေးမရှောင်ခဲ့တဲ့ ကျနော်တောင် စစ်ဘေးရှောင်ရမလို ဖြစ်နေတယ်။ စားဝတ်နေရေးကတော့ ရုန်းကန်ရတာပေါ့။ လူတိုင်းလိုလိုပါပဲ။ မငတ်တာကိုပဲ ဝမ်းသာရမှာ။ နောက်ဘာတွေဖြစ်လာအုံးမလဲမသိတော့ အလုပ်လုပ်ရတာ လည်း စိတ်ချလက်ချ မရှိဘူး။ အိမ်မှာနေရတာလည်း မလုံခြုံဘူး။ မလွယ်ပါဘူး။ တခြားနေရာရောက်နေတဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ လိုင်းပေါ်ကနေ စကားပြောလို့ရလာတော့ ဒါလေးတစ်ခုတော့ အဆင်ပြေလာတယ် ပြောရမှာ” ဟု သူ၏ခံစားချက်များကို ပြောသည်။

ကန်ပက်လက်မြို့ပေါ်တွင် ဘုန်းကြီးကျောင်း တစ်ကျောင်း နှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်း (၅) ကျောင်း ခန့် ပုံမှန် ပြန်လည်ဝတ်ပြုနိုင်သည့် အခြေအနေ တွင်ရှိသည်။ သို့သော် ဝတ်ပြုပွဲ/ဘုရားကျောင်း တက်ရောက်သူဦးရေမှာမူ အလွန်နည်းပါးသည်။
ယခုအချိန်တွင် ကန်ပက်လက်မြို့သည် CDF – Kanpetlet ၏ ထိန်းချုပ်မှုအောက်တွင် အပြည့်အဝ ရောက်ရှိနေပြီဖြစ်သည်။ မြို့၏ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး နှင့် အခြားသော ကန္ဍများအားလုံး၏ လိုအပ်ချက်များကို ပြန်လည် ဖြည့်ဆည်းနိုင်ရန် CDF-Kanpetlet / မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့-ကန်ပက်လက်မြို့နယ် က ကြိုးစားလုပ်ဆောင်နေသည့်ကာလဖြစ်သည်။ စစ်ကောင်စီ၏ မြို့ကို ဖျက်ဆီးလိုခြင်း၊ မြို့ထဲသို့ မြို့နေပြည်သူများငြိမ်းချမ်းစွာ ပြန်လည်နေထိုင်မှုကို ဟန့်တားနှောက်ယှက်လိုခြင်း နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့နှင့်အုပ်ချုပ်ရေးအဖွဲ့၏ မြို့နယ်အုပ်ချုပ်ရေး နှင့် မြို့နယ်အရေးအရာကိစ္စရပ်များစီမံလုပ်ဆောင်နေမှုများကို နှောက်ယှက်ဖျက်ဆီးလိုခြင်းတို့ကြောင့် လေကြောင်းတိုက်ခိုက်မှုများ မကြာခဏလုပ်ဆောင်နေခြင်း သည် မြို့ပြန်လည်တည်ဆောက်ခြင်း နှင့် မြို့နေပြည်သူများ မြို့ပေါ်သို့ပြန်လည်နေထိုင်နိုင်ခြင်းတို့ကို နှောင့်နှေးကြန့်ကြာစေလျက်ရှိဆဲဖြစ်သည်။ ပြည်သူများလည်း မြို့ပေါ်သို့ ပြန်လည်နေထိုင်ဝံ့ခြင်းမရှိသေးဘဲ ခက်ခဲစွာ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်ရသည့် ဘဝကို ဆက်လက်ခံစားနေကြရသည်။
မြို့ပေါ်တွင် လုံခြုံမှုသေချာသည့် အခြေအနေများ ရရှိလာသည့်အချိန်တွင် မြို့နေပြည်သူများလည်း မြို့ထဲသို့ ပြန်လည်ဝင်ရောက်နေထိုင်ကြပြီး ကောင်းမွန်သော အခြေအနေများ ပြန်လည် တည်ဆောက်၊ပြုပြင်၊ ဖန်တီး လာကြမည်ဟု မျှော်လင့်ရပါသည်။
ဇွန်လ၊ ၂၀၂၅ ခုနှစ်
ပုံစာ – ကန်ပက်လက်မြို့ (Photo – Kanpetlet Times News facebook page)