
September 23, 2025, Comment off
မြန်မာနိုင်ငံရွေးကောက်ပွဲနှင့် ချင်းပြည်နယ် နိုင်ငံရေး အလှည့်အပြောင်း
Loyal
နိဒါန်း
မြန်မာနိုင်ငံတွင် ပြည်သူရွေးကောက်တင်မြှောက်ထားသော နိုင်ငံရေးပါတီ၏ အာဏာကို ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလတွင် အတင်းအဓ္မ လုယူပြီး လေးနှစ်နှင့် ငါးလအကြာတွင် စစ်တပ်မှ ၎င်းတို့ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ဖျက်သိမ်းပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ-လုံ) ထံတွင် အားဏာလွှဲအပ်ခဲ့သည် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၃၁ရက်မှာပင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ကို ဖွဲ့စည်းခဲ့ကြောင်း ကြေညာခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၂၇ အရ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ရည်ရွယ်ပြီး ပေါင်းစပ်ညှိနှိုင်းရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာသိမ်းစစ်တပ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များဥပဒေ ပုဒ်မ ၄၁၇ နှင့် ၄၁၈ အရ အရေးပေါ်အခြေအနေပြဋ္ဌာန်းပြီး ၂၀၂၁ ဖေဖော်ဝါရီတွင် နိုင်ငံတော်အာဏာ သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလအတွင်း ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက အခန်း (၁၁) အရေးပေါ် ကာလဆိုင်ရာ ပြန်ဠာန်းချက်များ ဥပဒေ၊ ပုဒ်မ ၄၂၆ အရ နိုင်ငံတော်အာဏာ ထိန်းသိမ်းထားသူမှ ၎င်းအားပေးအပ်သည့် တာဝန်များပြီးဆုံးကြောင်းကြေညာပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ-လုံ) ထံသို့ အာဏာ ပြန်လည် လွှဲအပ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ-လုံ)ထံ အာဏာလွှဲအပ်ပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၂၈ နှင့် ပုဒ်မ ၄၂၉ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ-လုံ) ဦးဆောင်ပြီး အာဏာပိုင်အဖွဲ့အစည်းများနှင့် ရွေးကောက်ပွဲကော်မရှင်တို့ကို ဖွဲ့စည်းရမည်၊ အထွေထွေရွေးကောက်ပွဲကို ခြောက်လအတွင်း ကျင်းပပေးရမည်ဖြစ်သည်။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒကို လက်စွဲကိုင်ထားသော စစ်တပ်အနေဖြင့် လာမည့် ၆လအတွက် မဖြစ်မနေ ရွေးကောက်ပွဲ ပြုလုပ်ကျင်းပရမည်ဖြစ်သည်။ (https://burmese.chinaffairs.org/?p=3750)
ရွေးကောက်ပွဲ အမှန်တကယ် ပြုလုပ်နိုင်မည်လော
အာဏာသိမ်းစစ်တပ်မှ ရွေးကောက်ပွဲကို ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်မှ ၂၀၂၆ခုနှစ်၊ ဇနဝါရီလ ဒုတိယပတ်အထိ ၄ပတ် အတွင်း ပြုလုပ်နိုင်ရန် ရည်ရွယ်ထားသည်။ ၂၀၂၅ခုနှစ် အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း အထွေထွေရွေးကောက်ပွဲကော်မီရှင်မှ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၁၈ရက်နေ့တွင် ကြေညာခဲ့သည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ် (António Guterres) က မြန်မာနိုင်ငံမှာရွေးကောက်ပွဲလုပ်ရန် စီစဉ်နေခြင်းအပေါ် စိုးရိမ်ပူပန်ကြောင်း ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၁ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ (https://www.facebook.com/share/1FzwVxMQtM/)
ထို့အပြင် မြန်မာစစ်တပ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခြင်းခံသူများ၊ နိုင်ငံရေးပါတီများနှင့် ရိုးသားစွာဆွေးနွေးခြင်းမပြုဘဲ အထွေထွေရွေးကောက်ပွဲကိုကျင်းပမယ်ဆိုပါက မြန်မာပြည်သူများမှ ပိုမိုပြင်းထန်သော တုန့်ပြန်မှုရှိနိုင်ပြီး ငြိမ်းချမ်းစွာအဖြေရှာရေးကိုပိုမိုခက်ခဲစေနိုင်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး အိဝါယတာကဲရှိ (Iwaya Takeshi) က ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၁ရက်နေ့တွင် ထုတ်ပြန်ထားသည်။ (https://www.facebook.com/share/1AXeRtzy4K/)
ပြည်သူများ၏ ယုံကြည်မှုနှင့် တရားမျှတသော ရွေးကောက်ပွဲဆိုသည်မှ ရွေးကောက်ပွဲအလွန်ကာလမှာ ပြည်သူများမှ ရွေးကောက်ပွဲ ရလဒ်ကို ကြည့်ပြီးဆုံးဖြတ်ရမည်ဖြစ်သည်ဟု စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းမှ BBC သတင်းငှာနကို ပြောခဲ့သည်။
ချင်းပြည်နယ်အပေါ် အကျိုးသက်ရောက်မှု
မြန်မာနိုင်ငံရှိ မြို့နယ် ၆၃ မြို့နယ် တွင် အရေးပေါ် အခြေအနေကို ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၂၅) ဖြင့် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၃၁ရက်နေ့တွင် ကြေညာခဲ့သည်။ ထိုအထဲတွင် ချင်းပြည်နယ်ရှိ မြို့နယ် ၇ မြို့နယ်လည်း ပါဝင်သည်။
ချင်းပြည်နယ်တွင် ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မင်းတပ်၊ မတူပီ၊ ပလက်ဝနှင့် ကန်ပက်လက်ဟူ၍ မြို့နယ် ၉ မြို့နယ် ရှိသည့်အနက် ထန်တလန်၊ ဖလမ်း၊ တွန်းဇံ၊ မင်းတပ်၊ မတူပီ၊ ပလက်ဝနှင့် ကန်ပက်လက် စသည့် ၇ မြို့နယ်ကို အရေးပေါ်အခြေအနေအဖြင့် ကြေညာခဲ့ခြင်းဖြစ်သည်။ အဆိုပါ ၇ မြို့နယ်တွင် ထန်တလန် မြို့နယ်မှအပ ကျန်ရှိသော ၆ မြို့နယ်မှ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်သို့ အလုံးစုံကျရောက်ပြီးသား ဖြစ်သည်။ ထန်တလန်မြို့နယ်သည်လည်း ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များမှ ၉၀ ရာခိုင်နှုန်းကျော် ထိန်းချုပ်ထားပြီးသားဖြစ်သည်။ ထန်တလန်မြို့ကို ၂၀၂၁ခုနှစ် မေလမှစ၍ မြို့တွင်းတိုက်ပွဲများ စတင်ခဲ့ပြီးနောက် ချင်းအမျိုးသားတပ်ဦး၏ ဦးဆောင်မှုဖြင့် Tilim Operation အမည်ဖြင့် မြို့သိမ်းတိုက်ပွဲ ဆင်နွဲရာမြို့ဖြစ်သောကြောင့် ပထမဆုံး ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်သော မြို့ဖြစ်မည်ဟု ထင်ကြေးပေးခံရသော မြို့ဖြစ်သော်လည်း နိုင်ငံရေးနှင့် စစ်ရေးအလှည့်အပြောင်းများကြောင့် သိမ်းယူနိုင်ခြင်းမရှိဘဲ ယခုအချိန်ထိ မြို့ပျက်ကြီးအနေဖြင့် ဆက်လက်ကျန်ရှိလျက်ရှိသည်။ (https://burmese.chinaffairs.org/?p=3940)
ထိုကဲ့သို့ အရေးပေါ်အခြေအနေအဖြင့် ကြေညာပြီးနောက် CDF – Kanpetlet Battalion (5) Khonu Battalion နှင့် MRO/CDF-Matupi အနေဖြင့် အရေးပေါ်အခြေအနေမှလွဲ၍ လမ်းပမ်းဆက်သွယ်ရေးများကို ယာယီပိတ်ပင်ထားကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီ၏ အရေးပေါ်အခြေအနေ ကြေညာခြင်းကြောင့် လေကြောင်းတိုက်ခိုက်မှု အန္တရယ်များမှ အကာအကွယ် ပြုလုပ်လိုသောကြောင့် ယခုလို ဩဂုတ်လ ၄ရက်မှ ၁၀ရက်အတွင်း လမ်းပိတ်ထားခြင်းဖြစ်ကြောင်း ဩဂုတ်လ ၂ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ထားခြင်းဖြစ်သည်။ (https://www.facebook.com/share/p/193RTs5Vzw/)
ချင်းပြည်နယ်၊ မင်းတပ်မြို့ကိုလည်း ဩဂုတ်လ ၄ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။ (https://www.facebook.com/share/1G9ew9o2wt/) ချင်းပြည်နယ်အတွင်း အရေးပေါ်အခြေအနေကြေညာခံရသော မြို့နယ်များသို့ လေကြောင်းတိုက်ခိုက်မှု ပိုများနိုင်ကြောင်း သုံးသပ်ကြသည်။
အာဏာသိမ်းစစ်တပ် ခန့်အပ်သော ချင်းလူမျိုးနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့
အာဏာသိမ်းစစ်တပ်အနေဖြင့် ဇူလိုင်လ ၃၁ရက်နေ့တွင့် အသစ်ဖွဲ့စည်းလိုက်သော အစိုးရအဖွဲ့ဝင်များတွင် ချင်းလူမျိုးများကိုလည်း တာဝန်ပေးခန့်အပ်ထားသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) ဗဟိုအကြံပေးအဖွဲ့ဝင်အဖြစ် ဒေါက်တာမှုထန်း (Dr Hmuh Thang) ကို ခန့်အပ်ထားသည်။
ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များတွင် ဝန်ကြီးချုပ်အဖြစ် ဒေါက်တာ ဝုန်ဆွန်းထန် (Dr. Vung Suan Thang)၊ ကြည်း ၃၀၂၈၄ မှ ဗိုလ်မှူးကြီး ခင်မောင်ထွေးကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဦးဝင်ဇော်ဦးကို လူမှုရေးဝန်ကြီး၊ ဦးနေလင်းအောင်ကို လမ်းပမ်းဆက်သွယ်ရေးတဝန်ကြီးနှင့် ဦးစိန်လှထွန်းကို တိုင်းရင်းသားရေးရာဝန်ကြီးဖြင့် အသီးသီး ခန့်အပ်ထားသည်။
ဝင်ရောက်အရွေးခံမည့် ချင်းပြည်နယ်ရှိ နိုင်ငံရေးပါတီများ
ချင်းပြည်နယ်နှင့် ချင်းလူမျိုးများ ကိုယ်စားပြုဟူ၍ ဖွဲ့စည်းထားသော နိုင်ငံရေးပါတီ ၃ ပါတီမှာ အာဏာသိမ်းစစ်တပ် ပြုလုပ်ကျင်ပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံမည်ဖြစ်ကြောင်း သိရသည်။ ၎င်းတို့မှာ ချင်းပြည်သစ်ကွန်ဂရက်ပါတီ၊ ဇိုမီးအမျိုးသားပါတီ၊ ခူမီးအမျိုးသားပါတီ တို့ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၂၅ခုနှစ် မေလ ၁၀ရက်နေ့တွင် ကြေညာခဲ့သည်။
ခူမီးအမျိုးသားပါတီ (Khumi National Party)
ခူမီးအမျိုးသားပါတီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့က လျှောက်ထားခဲ့ခြင်းဖြစ်သည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ရိက္ခာရပ်ကွက်၊ အောင်စောင်လမ်း၊ အိမ်အမှတ် (၆)မှာ ပါတီရုံးချုပ်ဖွင့် လှစ်ထားသည့် ခူမီးအမျိုးသားပါတီကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့မှ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သြဂုတ်လ ၁၁ ရက်နေ့မှာ ကြေညာခဲ့သည်။


ဇိုမီးအမျိုးသားပါတီ (Zomi National Party)
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် Zomi National Party (ဇိုမီးအမျိုးသားပါတီ) ၏ ပါတီမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၃ အရ နည်းဥပဒေတွေ နှင့်အညီ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို ၂၀၂၅ခုနှစ် မေလ ၁ရက်နေ့တွင် လျှောက်ထားကြောင်းသိရသည်။ ထို့နောက် ရန်ကုန်မြို့အတွင်း ပါတီရုံးဖွင့်ထားသည့် ဇိုမီးအမျိုးသားပါတီသည် စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင်ထံသို့ ပါတီတည်ထောင်လိုသူ ၁၈ ဦးဖြင့် လျှောက်ထားချက်ကို စိစစ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကိုယ်စားလှယ်တစ်ဦးကို ခွင့်မပြုဘဲ ကျန် ၁၇ ဦးဖြင့် ခွင့်ပြုထားသည်ဟု ၂၀၂၅ခုနှစ်၊ ဇွန်လ ၂၄ ရက်က ပါတီထံ အကြောင်းကြားစာတွင် ဖော်ပြထားသည်။ ထို့နောက် ဇိုမီးအမျိုးသားပါတီ (ZNP) အား မှတ်ပုံတင်ခွင့်ပြုကြောင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ၂ဝ၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့် ပြုကြောင်း ဖော်ပြထားကာ ZNP ပါတီ၏ ပါတီမှတ်ပုံတင်အမှတ်သည်(၅၉) ဖြစ်ကြောင်း ဖော်ပြထားသည်။


ချင်းပြည်သစ်ကွန်ဂရက်ပါတီ (New Chinland Congress – NCC)
ချင်းပြည်သစ်ကွန်ဂရက်ပါတီကို ၂၀၂၅ခုနှစ်၊ မေလ ၂၆ရက်နေ့တွင် ပါတီတည်ထောင်ခွင့်လျှောက် ထားခြင်းဖြစ်သည်။ ချင်းပြည်သစ်ကွန်ဂရက်ပါတီကို ဖလမ်းမဲဆန္ဒနယ်မှ ကြံ့ခိုင်ရေးပါတီ USDP အမတ်လောင်းအဖြစ် ဝင်ပြိုင်ဖူးသော ဦးဘွာလ်ဆိုင်လို (U Bual Sai Lo) ခေါင်းဆောင်မည်ဖြစ်သည်။ ဇွန်လ ၉ ရက် နေ့စွဲဖြင့် ချင်းပြည်သစ်ကွန်ဂရက်ပါတီ (New Chinland Congress – NCC) က ပါတီတည်ထောင်ခွင့်ပြုသည့် နေရက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံ တင်ပေးပါရန် လျှောက်ထားလာခြင်းဖြစ်သည်ဟု စစ်ကောင်စီ၏ ပြည်ထောင် ရွေးကောက်ပွဲကော်မတီက ဇွန်၉ ရက်က ကြေညာသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၁၀ရက်နေ့တွင် ချင်းပြည်သစ်ကွန်ဂရစ်ပါတီအား တည်ထောင်ခွင့်ပြုလုပ်ပြီးဖြစ်ကြောင်း ကြေညာခဲ့သည်။


နိုင်ငံရေးပါတီများအပေါ်သုံးသက်ချက်
ချင်းပြည်နယ်တွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲ၌ ချင်းပါတီများဖြစ်သည့် ချင်းပြည်သစ်ကွန်ဂရက်ပါတီ၊ ဇိုမီးအမျိုးသားပါတီ၊ ခူမီးအမျိုးသားပါတီ တို့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP) နို့ပါဝင်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP)မှာ ရှိရင်းစွဲပါတီဖြစ်သောကြောင့် ထွေထွေထူးထူးဖော်ပြရန် လိုအပ်မည်ဟု မယူဆပေ။ ၂၀၂၀ခုနှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိထားသော အမျိုးသား ဒီမိုကရေစီပါတီ (NLD) မပါဝင်လာသောကြောင့် အမှန်အကန် ရွေးခြယ်မဲပေးပါက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP) အတွက် အခြေအနေ ကောင်းများ ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်နိုင်ပါလိမ့်မည်။ ကျန်ရှိသော ချင်း နိုင်ငံရေးပါတီများမှာမူ နိုင်ငံရေးပါတီအသစ် ဖြစ်ခြင်းကြောင့်လည်းကောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP) အပါအဝင် ချင်းပြည်နယ်၌ ပါဝင်ယှဥ်ပြိုင်မည့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ ပွင့်ပွင့်လင်းလင်း တင်ပြထားခြင်း၊ ဖော်ပြထားခြင်း မရှိသောကြောင့် မည်သည့် မူဝါဒအပေါ်အခြေခံ၍ ချင်းပြည်နယ်ကို ဦးဆောင်သွားရန် ပြင်ဆင်ထားသည်များကို မသိရှိရခြင်းတို့ကြောင့် သုံးသပ်ရန် အလွန်ခက်ခဲသည်။
ချင်းရေးရာအဖွဲ့မှာ နိုင်ငံရေးပါတီတွင် ပါဝင်သူများကို ဆက်သွယ်းထားခြင်း ပြုလုပ်ထားသောလည်း တစ်ဦးကသာ ပြန်လည် ဖြေကြားပေးခဲ့သည်။ နိုင်ငံရေးပါတီဖြစ်သည့် ချင်းပြည်သစ်ကွန်ဂရက်ပါတီ အနည်မဖော်လိုသူ အဖွဲ့ဝင်တစ်ဦးမှ “ကျတော်တို့ ချင်းပါတီ NCC အနေနဲ့လည်း Federal လမ်းစဉ်အပါအဝင် လက်ရှိချင်းပြည်ရဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုဖော်ဆောင်ရမလဲ ဆိုတဲ့ လမ်းစဉ် Roadmap လည်းရှိပါတယ်။ အဲဒီလမ်းစဉ်အရ ဆိုရင် တော်လှန်ရေးတပ်တွေအနေနဲ့ သူတို့ရဲ့ အခန်းကဏ္ဌလည်း ပျောက်မသွားအောင် Federal Gov. body of Chin state မှာ အုပ်ချုပ်ရေးတာဝန်တွေကို ခွဲဝေထမ်းဆောင်ရမှာ ဖြစ်တယ်။ ဒီလိုမျိုး Federal Chin State Gov. ဖော်ဆောင်ဖို့ရန်အတွက် အပစ်ခတ်ရပ်ပြီး ချင်းပြည် ယာယီအုပ်ချုပ်ရေး ကော်မတီကို CB,CC နဲ့ SAC ဖွဲ့ပြီး ရွေးကောက်ပွဲကို ဖော်ဆောင်ရမှာဖြစ်တယ်။ ဒါမှပဲ ချင်းပြည်သူတွေ နေရပ်ပြန်လာရဲကြမှာဖြစ်တယ်။” ဟုချင်းရေးရာအဖွဲ့သို့ ပြောသည်။
ဆက်လက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ Salai Do Khar ကို ချင်းရေးရာအဖွဲ့မှ မေးမြန်းခဲ့ရာ” ဒီပါတီတွေအနေနဲ့ ချင်းပြည်သူနှင့် ချင်းပြည်နယ်ကို ဘယ်လိုမှကိုယ်စားမပြုနိုင်ဘူးလို့ ယူဆပါတယ်။ တကယ်တော့ သူတို့ဟာ စစ်အစိုးရကို ကိုယ်စားပြုပြီးတော့ ချင်းပြည်သူနှင့်ချင်းပြည်နယ်ကို ကျွန်သက်ရှည်အောင် ပံ့ပိုးကူညီနေတဲ့သူတွေပါ။ ချင်းပြည်သူတွေက သူတို့နောက်ပါလာမှာ မဟုတ်သလို၊ ချင်းပြည်ရဲ့ နယ်မြေအတော်များများဟာလည်း သူတို့ဝင်ထွက်သွားလာနိုင်မှာ မဟုတ်ပါဘူး။” ဟု ပြောခဲ့သည်။
ချင်းပြည်နယ်အတွင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့များအပေါ် အကျိုးသက်ရောက်မှု
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၈ရက်တွင် စတင်ပြုလုပ်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြောင့် ချင်းပြည်နယ်ရှိ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များအပေါ် အကျိုးသက်ရောက်မှု ရှိ၊မရှိကို ချင်းရေးရာအဖွဲ့မှ မေးမြန်းခြင်းများ ပြုလုပ်ခဲ့သည်။ ချင်းပြည်သစ်ကွန်ဂရက်ပါတီ အဖွဲ့ဝင် အမည်မဖော်လိုသူတစ်ဦးမှ အချင်းချင်းကြား ဖြစ်ပွားနေသည့် ပစ်ခေတ်မှုများကို ညှိုနိူင်းဖို့ရန်လိုအပ်ကြောင်း၊ ချင်းပြည်နယ်ရှိ နယ်မြေဒေသအများစုကို ဒေသခံတပ်ဖွဲ့များမှ ထိန်းချုပ်နေသောကြောင့် မိမိအားသာနေသော အချိန်အတွင်း စစ်ကော်မရှင်နှင့် ဆွေးနွေးမှု ပြုလုပ်သင့်ကြောင်း သုံးသပ်ခဲ့သည်။
ဆက်လက်ပြီး ချင်းညီနောက်အဖွဲ့ Salai Peter Thang ကိကို မေမြန်းခဲ့ရာ “ဒီရွေးကောက်ပွဲကတော့ နိုင်ငံတကာအမြင်မှာ ဆားဖြူးတဲ့မြင်ကွင်းမျိုးကို ဖန်တီးပေးလို့ကနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ မြေပြင်မှာတော့ စစ်သားတွေ အဝတ်ပြောင်းဝတ်တဲ့ပွဲနှင့် ကူဝတ်ပေးတဲ့ပွဲလောက်ပဲ ဖြစ်သွားမယ်လို့ ယူဆပါတယ်။ ဘယ်သူကမှ ထူးထွေပြီးတော့ လက်ခံမယ်လို့ မထင်ပါဘူး။ မလှန်နိုင်လို့ ခေါင်းညိတ်ရတာမျိုးကတော့ ထုံးစံအတိုင်း ရှိနေမှာပါ။ CB အနေနဲ့ကတော့ နယ်မြေစိုးမိုးနိုင်ရေးကို ပထမဦးစားပေးအနေနဲ့ ထားထားပါတယ်။ ရွေးကောက်ခံသူတွေပဲ ဖြစ်ဖြစ်၊ စစ်ခေါင်းဆောင်တွေပဲ ဖြစ်ဖြစ်၊ တကယ်တမ်း အုပ်ချုပ်ချင်ရင် နယ်မြေစိုးမိုးနိုင်မှ ရမှာပါ။” ဟု ပြန်လည်ဖြေကြားခဲ့သည်။
ချင်းအမျိုးသားတပ်ဦးအပါအဝင် Chinland Council ကို ချင်းရေးရာအဖွဲ့မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ရှိအခြေအနေတွင် ၄င်းတို့အနေဖြင့် ဖြေကြားရန် အဆင်မပြေကြောင်း ပြန်လည်ပြောကြားခဲ့ကြသည်။
နိုင်ငံရေးအလှည့်အပြောင်းကြီးကြီးမားမားရှိနိုင်မလာ
၂၀၂၅ခုနှစ် အထွေထွေရွေးကောက်ပွဲသည် ချင်းပြည်နယ်၏ အကြီးမားဆုံသော နိုင်ငံရေးအလှည့်အပြောင်း ပေါ်ပေါက်လာနိုင်ကြောင်း သုံးသပ်သူများလည်းရှိသည်။ မြေပြင်သတင်းများအရ ချင်းလက်နက်ကိုင်အဖွဲ့အချို့မှာ စစ်တပ်နှင့် ပူးပေါင်းကာ ရွေးကောက်ပွဲဖြစ်မြောက်ရေးနှင့် ချင်းပြည်နယ် အစုံးရ အတိုင်ပင်ခံအဖွဲ့နှင့် ချင်းတပ်မတော်နေရာကို ရယူရန်ကြိုးပမ်းနေကြကြောင်း ပြည်သူများမှ ဝေဖန်နေကြသည် ကို တွေ့ရသည်။ အဆိုပါ ဝေဖန်မှုနှင့် ပတ်သက်၍ Salai Do Khar မှ “ပြည်သူတွေဝေဖန်မှုကတော့ ကျွန်တော်သတိထားမိတယ်။ ဒါပေမဲ့ဒီအထောက်ထားတစ်ချို့ကတော့ မတူပီဖြစ်စဥ်ဟာလိုမျိုး (CNF မှ အနောက်ဘက်ကနေ လာရောက်ပစ်ခေတ်ခြင်း) CNF ဖက်က ပြောဆိုမှုတွေ ပြောရေးဆိုခွင့်ရှိတဲ့သူကိုယ်တိုင် ဝန်ခံမှုတွေမရှိတော့ အတည်ပြုဖို့ခက်တယ်။ ဒါပေမယ့်သေချာတာတစ်ခုက CNF က အရင်ကတည်းကနေ စစ်ရေးထက် နိုင်ငံရေးနဲ့ ဘယ်လိုကစားမလဲဆိုတဲ့ ရှုထောင့်ကနေ ကစားခဲ့တဲ့ အဖွဲ့အစည်းဖြစ်တယ်။ တစ်နိုင်ငံလုံးတော်လှန်ရေးအခြေအနေသိပ်မဟန်ဘူးဆိုရင် CNF အနေနဲ့ ဗဟိုမှာတာဝန်ရှိတဲ့သူတွေနဲ့ စကားပြောဆွေးနွေးတဲ့ဟာမျိုးကတော့ ဖြစ်လာနိုင်ခြေကတော့ ရှိမယ်လို့တော့ထင်တယ်။ ကျွန်တော်တို့ကိုယ်တိုင်လဲစောင့်ကြည့်နေဆဲပါပဲ။”ဟု သုံးသပ်ထားသည်။
ဆက်လက်ပြီး ၈၈မျိုးဆက်၊ ချင်းအမျိုးသားတပ်ဦး အဖွဲ့ဝင်ဟောင်းတစ်ဦး၏ သုံးသပ်ချက်များအရ လက်နက်ကိုင်လမ်းစဥ်တွင် အချင်းချင်းအကြားပစ်ေခတ်မှုဆိုသည်မှာ ဖြစ်လေ့ဖြစ်ထရှိသော ဖြစ်စဥ်တစ်ခုသာဖြစ်သည်။ CNF အနေဖြင့် နှစ်ပေါင်း ၃၀ ကျော်ကြာသည်အထိ ရပ်တည်လာနိုင်ရခြင်းမှာ နိုင်ငံရေးကို နိုင်ငံရေးလို ကစားတတ်သော အဖွဲ့အစည်း ဖြစ်ကြောင်း လက်ခံရလိမ့်မည်။ CNF တွင် ပန်းတိုင် လမ်းစဥ် (Roadmap) ကို နွေဦးတော်လှန်ရေး အစကတည်းကပင် ချမှတ်ထားပြီး ဖြစ်နိုင်ကြောင်းနှင့် သူတို့၏ Roadmap အတိုင်း ချင်းပြည်နယ်ကို ခြယ်လှယ်ကစား နေကြောင်း မှတ်ချက်ပေးခဲ့သည်။ ဆက်လက်ပြီး CNF ဆိုသည်မှာ နိုင်ငံရေးကျွမ်းကျင်သူ ဖြစ်သည့်အလျောက် နိုင်ငံရေး ကစားနေကြောင်းကို “သူ့အနေနဲ့ ရန်သူကို ဘယ်အချိန်မှာတိုက်ပြီး ဘယ်ချိန်မှာ စကေားပြောရမလဲ ၊ ဘယ်ချိန်မှာ ရန်သူကို အသုံးချရမလဲ စသဖြင့် နိုင်ငံရေး၊ စစ်ရေးမှာ ကိုယ့်ရန်သူရဲ့ ရန်သူဟာ ကိုယ့်မိတ်ဆွေ ဖြစ်တယ် ဆိုတဲ့အတိုင်းသွားနေတာဖြစ်တယ်။ နောက်ပြီး စစ်ရေးမှာ CNF က ပရိယာယ်အကုန်ထုတ်သုံးပြီး နယ်မြေစိုးမိုးရေးကို သွားနေတာဖြစ်တယ်၊ “အချစ်နဲ့စစ်မှာ မတရားဘူးဆိုတာမရှိဘူး” ၊ ကိုယ်လိုချင်တာကို ရတဲ့နည်းနဲ့ ပရိယာယ် ဘယ်လိုပဲဆင်ရဆင်ရ an lရအောင်ယူမယ် ဆိုတဲ့ ခံယူချက်နဲ့ သွားနေတာဖြစ်တယ်။ ဒီနေရာမှာ ချင်းမျိုးနွယ်စုကြား သွေးခွဲအုပ်ချုပ် siDelivide and Rule ဆိုတဲ့ ပရိယာယ်ပဲသုံးရသုံးရ သူ့အတွက်က စစ်ရေးမှာ မတရားဘူးဆိုတာမရှိဘူးဖြစ်နေတယ်။ ဒီအချက်ကို သိထားဖို့ လိုပါတယ်။” ဟု သုံးသပ်မှတ်ချက်ပြုခဲ့သည်။
ထို့ကြောင့် CNF သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement – NCA) မှာ လက်မှတ်ထိုးထားသည့် အဖွဲ့ဖြစ်နေခြင်းကြောင့် တစ်ကြောင်း၊ NUG ၌လည်း နေရာတစ်နေရာကို အခိုင်အမာ ရရှိထားသော အဖွဲ့အစည်းဖြစ်နေသောကြောင့် CNF ၏ နိုင်ငံရေးလှုပ်ရှားမှုအပေါ် သတိထားစောင့်ကြည့် သင့်ကြောင်းနှင့် စစ်ရေးအပိုင်းတွင်မူ ဝေဖန်သုံးသပ်မှု မပြုလုပ်လိုကြောင်း ၈၈မျိုးဆက်၊ ချင်းအမျိုးသားတပ်ဦး အဖွဲ့ဝင်ဟောင်းတစ်ဦး ချင်းရေးရာအဖွဲ့နှင့် ဆွေးနွေးမှုတွင် ပြောဆိုထားသည်။
နိဂုံး
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ပြုလုပ်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်နှင့် ချင်းလူမျိုးများသာမက မြန်မာတစ်နိုင်ငံလုံး အတိုင်းတာအနေဖြင့် အလှည့်အပြောင်းများစွာ ပေါ်ပေါက်ကောင်း ပေါ်ပေါက်လာပါလိမ့်မည်။ အထူးသဖြင့် ချင်းပြည်နယ်တွင် လက်ရှိ ဝေဖန်အပြစ်တင်မှုများ၊ ချင်းလူမျိုး အချင်းချင်းအကြား အပြန်အလှန် နယ်မြေလုယူ သိမ်းပိုက်မှုများ အဆက်မပြတ် ပေါ်ပေါက်လျက်ရှိသည်။ ချင်းနိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးမှ “CNF အနေနဲ့ရွေးကောက်ပွဲအမှီ ချင်းပြည်နယ်ဒေသတော်တော်များများကို ထိန်းချုပ်ပြီး အာဏာရယူဖို့ ဆိုတဲ့ဟာမျိုးထက်၊ အခုချိန်မှာ CB၊ CCမှာ ပြန်လည်ညှိနှိုင်းမှုတွေက အဖြေရလဒ်ထွက်နိုင်ဖို့ နှစ်ဖက်စလုံးကလဲ ယုံကြည်မှုတော်တော်ပြတ်သုဥ်းနေတဲ့ခါကျတော့ နယ်မြေပြဿနာမှာ နယ်မြေပိုကျယ်ပြန့်အောက်ရရှိရေးအတွက်ကတော့ CNF လဲလုပ်နေတယ်လို့တော့မြင်တယ်။ CB ဖက်မှာလဲလုပ်နေကြတယ်လို့ထင်တယ်ပေါ့နော်။ ဆိုတော့ ကျွန်တော့်အမြင်ကတော့ ရွေးကောက်ပွဲနဲ့ဆိုတဲ့ဟာမျိုးထက် နယ်မြေလုတဲ့နေရာမှာ ကိုယ့်ဖက်ကနေနယ်မြေပိုမိုကျယ်ပြန့်အောင် ရရှိရေးဆိုတဲ့ဟာပိုပြီးတော့မှ ဦးစားပေးကြတဲ့သဘောပိုဖြစ်တယ်။” ဟု ပြောဆိုထားသည်။
၂၀၂၅ ခုနှစ် ရွေးကောက်ပွဲကို စစ်ကောင်စီက စီမံဆောင်ရွက်မည်ဟု ကြေညာထားသော်လည်း ယခင်က ၁၉၉၀ မှ ၂၀၂၀ ရွေးကောက်ပွဲအတွေ့အကြုံများအရ တပ်မတော်သည် မိမိတို့ အကျိုးအမြတ်နှင့် အာဏာကို အတည်တကျ ထိန်းသိမ်းရန်သာ ရည်ရွယ်သည်ကို မြင်တွေ့နိုင်သည်။
၂၀၂၁ ဖေဖော်ဝါရီအာဏာသိမ်းမှုသည် တပ်မတော်၏ “နိုင်ငံရေးအပေါ် အမြဲထိန်းချုပ်မည်” ဆိုသည့် မူဝါဒကို သက်သေပြခဲ့ပြီး၊ ယခု ရွေးကောက်ပွဲလည်း ထိုမူဝါဒအောက်တွင်သာ ကျင်းပမည်ဟု ခန့်မှန်းနိုင်သည်။
ချင်းပြည်နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံအဖွဲ့အစည်းများက အများစုကို ထိန်းချုပ်ထားသည့်အတွက် စစ်အာဏာရှင်၏ ရွေးကောက်ပွဲ စီမံချက်ကို လက်ခံနိုင်ခြေ မရှိပါ။ အကယ်၍ ကျင်းပသော်လည်း တရားဝင်မူမဲ့၊ အဖုံးအပေါ်ရွေးကောက်ပွဲသာ ဖြစ်နေမည်။
နိုင်ငံတကာအဖွဲ့အစည်းများသည် ၂၀၂၀ ရွေးကောက်ပွဲ အကျိုးရလဒ်ကို သိရှိထားပြီးဖြစ်သည်။ ထို့ကြောင့် ၂၀၂၅ ရွေးကောက်ပွဲသည် နိုင်ငံတကာမှ လက်ခံမှုအခွင့်အလမ်း နည်းပါးမည်ဟု ယူဆနိုင်သည်။
တပ်မတော်၏ အတုအယောင်ရွေးကောက်ပွဲများသည် နိုင်ငံရေးအကျိုးအမြတ် မထွက်သည့်အပြင် အရပ်ဘက် ပြည်သူလူထုထဲရှိ တော်လှန်ရေးစိတ်ဓာတ်ကို ပိုမိုတင်းမာစေမည်။ အထူးသဖြင့် ချင်းပြည်နယ်ကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့များ အင်အားတောင့်တင်းသည့် ဒေသများတွင် အကြမ်းဖက်မှု ပိုမိုဆက်လက်ဖြစ်ပေါ်နိုင်ခြေရှိသည်။