May 20, 2024, Comment off

ဇီဝအချက်အလက်မှတ်တမ်း ကောက်ယူမှု ခံရဖွယ်ရှိနေသည့် အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်မှ မြန်မာစစ်ဘေးရှောင်များ

စစ်ဘေးရှောင်များအရေး ဆွေးနွေးရာတွင် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က မြန်မာစစ်ဘေးရှောင်များ၏  ဇီဝအချက်အလက်မှတ်တမ်းများ (biometric details) ကောက်ယူရန် အသုံးပြုမည့် Biometric Enrolment Portal ကိုပြုလုပ်ထားပြီးဖြစ်ကာ မကြာခင်ကာလအတွင်း လက်တွေ့ အကောင်အထည် ဖော်ဆောင်နိုင်မည်ဟု ပြောဆိုခဲ့ကြောင်း All India Radio News ကဖော်ပြသည်။

မေလ ၁၅ ရက်နေ့တွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒုအောမ်မာ( Pu Lalduhawma)ကို ဗဟိုမီဇိုလူငယ်များအသင်း(CYMA) ခေါင်းဆောင်များက သူ၏ရုံးခန်းတွင်သွားရောက်တွေ့ဆုံပြီး မီဇိုရမ်ပြည်နယ်အတွင်းရှိ အထောက်အထားမဲ့ နေထိုင်မှုများ၊ မူးယစ်ဆေးဝါးနှင့် စစ်ဘေးရှောင်များအရေး ဆွေးနွေးရာတွင် ထိုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထိုတွေ့ဆုံမှုတွင် CYMA ခေါင်းဆောင်များက မီဇိုရမ်ပြည်နယ်တွင် အိန္ဒိယနိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရှိသော Adhaar Card, ID ကဒ်နှင့် မွေးစာရင်း စသည့်အထောက်အထားများကို နိုင်ငံသားမဟုတ်သူများက ပိုင်ဆိုင်ရန် ကြိုးပမ်းမှုနှင့် ပိုင်ဆိုင်သူများ ရှိနေသောကြောင့် ယင်းကိစ္စကို သေချာကိုင်တွယ်ရန် အကြံပြုခဲ့ကြကြောင်း လည်း  ပါရှိသည်။

နေထိုင်ခွင့် အထောက်အထားများနှင့် စပ်လျဥ်းပြီး ၂၃ရက်၊ ဧပြီလ ၂၀၂၄ ရက်စွဲဖြင့် မီဇိုရမ်ကျောင်းသားများအစည်းအရုံး ကျန်ဖိုင်ရုံးချုပ်(Mizoram Zirlai Pawl-MZP Headquaters Champhai) မှလည်းသတိပေးစာ ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ စစ်ဘေးရှောင်များသည် အိန္ဒိယနိုင်ငံသားများ မဟုတ်ကြသည့်အတွက် အိန္ဒိယနိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရှိသော Voter ID, Adhaar Card, Birth Certificate, Ration  Card စသည့်စာရွက်စာတမ်း သက်သေအထောက်အထားများ ပိုင်ဆိုင်ခွင့်မရှိ ဟူ၍ထုတ်ပြန်ထားသည်။ 

အိန္ဒိယဗဟိုအစိုးရသည် မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များကို ဇီဝအချက်အလက်မှတ်တမ်း ကောက်ယူရန် ညွှန်ကြားထားသော်လည်း ယခင် ဝန်ကြီးချုပ် ပူးဇိုရမ်ထန်းငါ(Pu Zoramthanga) ဦးဆောင် သော MNF (Mizo National Front) အစိုးရက ငြင်းဆန် ခဲ့သည်။ 

မီဇိုရမ်ပြည်နယ်တွင် ပူးလာလ်ဒုအောမ်မာ(Pu Lalduhawma) ဦးဆောင်သော Zoram People’s movement (ZPM) အစိုးရတက်လာပြီး နောက်တွင်လည်း ဇီဝအချက်အ လက်များ ကောက်ယူရန် အိန္ဒိယဗဟိုအစိုးရက ထပ်မံ ဖိအားပေးခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒုအောမ်မာက မြန်မာစစ်ဘေးရှောင်များအား မြန်မာနိုင်ငံကို ပြန်မပို့ဘူးဟု ကတိပြုပါက ဇီဝအချက်အလက်များ ကောက်ယူမှုကို ဆောင်ရွက်နိုင်မည်ဟု အိန္ဒိယ ဗဟိုအစိုးရကို တင်ပြခဲ့ရာမှာ အိန္ဒိယပြည်ထဲရေး ဝန်ကြီးက ကတိပေးခဲ့သည်။(ခိုနူမ်းသုန်သတင်း၊၁၅ မေ ၂၀၂၄)

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အတွင်း ဝင်‌ရောက်ခိုလှုံနေသည့် မြန်မာနိုင်ငံသားဒုက္ခသည်တွေကို ပြန်ပို့မည့် အစီအစဥ်ကို ရပ်ဆိုင်းထားဖို့ ဆွစ်ဇလန်နိုင်ငံ  ဂျီနီဗာအခြေစိုက် International Commission of Jurists-ICJ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့က ၁၀ရက်၊ မေလ ၂၀၂၄ ရက်နေ့တွင် အိန္ဒိယ အစိုးရကိုတောင်းဆိုထားသည်။

မေလ ၂ ရက်က မဏိပူရ်ပြည်နယ်တွင် သတ်မှတ်ပြစ်ဒဏ်များ ကျခံ၍ ပြန်လည် လွတ်မြောက်လာပြီး မြန်မာ နိုင်ငံသားဖြစ်ကြေင်း စိစစ်ပြီးသူ ၇၇ ဦးထဲက အိန္ဒိယနိုင်ငံ၊ မိုရေးမြို့ကို ရောက်ရှိနေသည့် ၃၈ ဦးကို ပထမအသုတ်အဖြစ် တမူးမြို့ နယ်စပ်မှတဆင့် ပို့ဆောင်ခဲ့ပြီးဖြစ်သည်။ ဒီအခြေအနေအရဆိုရင် သူတို့နဲ့အသုတ်တူတဲ့ အသုတ်တူ ယောကျာ်းလေး ၃၉ ဦးကိုလည်း ဆက်လွှဲနိုင်ခြေ ရှိကြောင်း India For Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်က ထောက်ပြထားသည်။

အခုလိုမြန်မာဒုက္ခသည်တွေကို  ပြန်ပို့မည့် အစီအစဥ်ဟာ “non refoulement” အန္တရယ်ဖြစ်နိုင်တဲ့ နေရာများကို ဒုက္ခသည်တွေကိုအတင်းအကြပ် ပြန်မပို့ရေးဆိုသည့် နိုင်ငံတကာသဘောတူညီချက်ကို ချိုးဖောက်ရာ ရောက်တယ်ဟု ICJ လူ့အခွင့်အရေးအဖွဲ့  ကထုတ်ပြန်ထားသည်။ (VOA  -၁၂၊ မေ၊ ၂၀၂၄)

မီဇိုရမ်ပြည်နယ်၊ပြည်ထဲရေး ဝန်ကြီးဌာန၏ စာရင်းအရ ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၃၄၀၀၀ ကျော်ခိုလှုံ နေထိုင်လျက်ရှိသည်ဟုဆိုထားသော်လည်း ဒေသတွင်း NGO များကမူ ၆၀၀၀၀ ‌ကျော်ခန့် ရှိနိုင်ကြောင်း ယုံကြည်ထားကြသည်။

ပုံစာ-အိန္ဒိယ-မြန်မာ နယ်စပ်တစ်နေရာတွင် နှစ်ဖက်တာဝန်ရှိသူများမှ နိုင်ငံသားအချင်းချင်း လဲလှယ်နေစဥ် (ခိုနူမ်းသုန် )