October 16, 2024, 0 Comments

စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲနှင့် ချင်းပြည်နယ်အပေါ် အကျိုးသက်‌ရောက်မှု

Loyal Van
စာရေးသူ၏ အာဘော်ဖြင့် ရေးသားထားခြင်းဖြစ်သည်။ 

နောက်ခံသမိုင်းကြောင်း

၁၉၄၈ခုနှစ်တွင် လွတ်လပ်ရေးရခဲ့သော မြန်မာနိုင်ငံသည် တိုင်းပြည်အတွင်း မတည်ငြိမ်မှုများဖြစ်ပေါ်လာခဲ့ကာ ၁၉၅၈ နှင့် ၁၉၆၀ အကြားတွင် တပ်မတော်သည် ဝန်ကြီးချုပ်ဦးနုအစား တိုင်းပြည်ကို‌ခေတ္တအုပ်ချုပ်ခဲ့သည်။ ၁၉၆၀ တွင် ရွေးကောက်ပွဲကို ကျင်းပပေးခဲ့သော်လည်း ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းမှနိုင်ငံေတာ် အာဏာကိုသိမ်းပိုက်ခဲ့‌သည်။

၁၉၈၈ ခုနှစ်တွင် အရေးအခင်းကြီးဖြစ်ခဲ့ရာ ဦးနေဝင်းအစိုးရကို ဖြုတ်ချနိုင်ခဲ့သော်လည်း တပ်မတော်ဦးစီးသော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) သည် ချက်ချင်းအာဏာသိမ်းပိုက်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် ရွှေးကောက်ပွဲကို ပြန်လည်ကျင်းပခဲ့ရာ ဒေါ်ဆောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)သည် အပြန်အသတ်အနိုင်ရခဲ့သည်။ သို့သော်တပ်မတော်သည် ထိုရလဒ်များကို အသိအမှတ်မပြုဘဲ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ချခဲ့သည်။ 

၁၉၉၀မှ စတင်ပြီး စစ်ခေါင်းဆောင် အာဏာရှင်တစ်ဦးတည်းမှ စတင်အုပ်ချုပ်ခဲ့သော စစ်တပ်မှာ ၂၀၂၁ခုနှစ် နွေးဦးတော်လှန်ရေးတိုင်အောင် ၃၀ နှစ်ကျော်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး အပြောင်းအလဲ တစ်ကြိမ်သာ ပြုလုပ်ခဲ့သည်။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေနှင့် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကသာ အဆိုပါရာထိုးကို ချုပ်ကိုင်းထားခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေတစ်ဦးတည်းမှ တိုင်းပြည်နှင့် စစ်တပ်ကို ၁၉နှစ်ကြာ (၁၉၉၂ ခုနှစ်မှ ၂၀၁၁ ခုနှစ် မတ်လ အထိ) အုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်မှ ၁၃နှစ်ကျော် (၂၀၁၁ခုနှစ်မှ ယနေ့အချိန်ထိ) ဦးဆောင်လျက်ရှိသည်။ 

၁၉၉၀ခုနှစ် ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို ဖွဲ့စည်းပုံအခြေခံဥပဒေမရှိသောကြောင့်ဟု အကြောင်းပြကာ အာဏာမလွှဲပေးခဲ့သော သာဓကရှိခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်မှုးကြီးသန်းရွှေမှာ အမျိုးသားညီလာခံကို ခေါ်ခဲ့ပြီး ၂၀၀၈ခုနှစ်မှ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့သည်။ ထို့အပြင် ၉ရက်၊ အောက်တိုဘာလ၊ ၂၉၉၃ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို လူမှုရေးအသင်းအဖွဲ့တစ်ခုအနေဖြင့် စတင်လှုပ်ရှားခဲ့သည်။ ထိုမှတဆင့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် လူမှုရေးအသင်းမှ နိုင်ငံရေးပါတီအဖြစ်သို့အသွင်ပြောင်းယူကာ ရွေးကောက်ပွဲ၌ စစ်တပ်မှ အရပ်သားသို့အသွင်ပြောင်းလဲပြီး အနိုင်ရရှိခဲ့သည်။ (မြန်မာ့နိုင်ငံရေးပြောင်းလဲမှုနှင့် လက်လွတ်ဆုံးရှုံးခဲ့ရသော အခွင့်အလမ်းများ- Ye Htut) 

အထက်ပါအကြောင်းအရာများကို ကြည့်ခြင်းအားဖြင့် ဗိုလ်ချုပ်မှုကြီးသန်းရွှေဦးဆောင်သော စစ်တပ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့အသွင်ကူးပြောင်း ရန်အတွက် ၁၉ နှစ်အတွင်း စနစ်တကျပြင်ဆင်မှု ပြုလုပ်ခဲ့ခြင်းကိုတွေ့ရသည်။ 

စစ်ခေါင်းဆောင်များ၏ အစီအစဥ်နှင့် အရပ်သားအစိုးရအကြားအားပြိုင်မှု

စစ်ခေါင်းဆောင်မှားကြိုတင်ပြင်ဆင်ထားသော ဒီမိုကရေစီနစ်မှာ သမ္မတဦးသိန်းစိန်အစိုးရနှင့် သူရဦးရွှေမန်း ဦးဆောင်သော လွှတ်တော်အကြား အားပြိုင်မှု၊ ၂၀၀၈အခြေခံဥပဒေအရ ၂၀၁၃ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲအတွင်း NLD ဝင်ရောက်လာမှုတို့ကြောင့် ၅နှစ်အတွင်း နိုင်ငံရေးအလှည့်ပြောင်း စတင်ပေါ်ပေါက်လာခဲ့ရသည်။ထိုသို့အလှည့်အပြောင်းများအကြား၌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် အနေဖြင့် မိမိအာဏာတည်မြဲရေးကို တည်ဆောက်ခဲ့ကာ အနားယူရမည့်သက်အရွယ်တွင် အနားမယူဘဲ ၂၀၂၁ခုနှစ်တွင် မဲမသမာမှုကို အကြောင်းပြကာ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်။ ကာကွယ်ရေးဌာန ကောင်စီညွှန်ကြားလွှာ ၄/၂၀၁၄အရ အသက်၆၅နှစ်မှာ အနားယူရမည်ဟု ဖော်ပြထားသော်လည်း ဆက်လက်တာဝန်ထန်းဆောင်နေလျက်ရှိသည်။ (ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်မှ ၂၀၂၄ခုနှစ်တွင် အသက် ၆၈နှစ်ပြည့်မည်ဖြစ်သည်။) ထို့အပြင် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၃၁ရက်နေ့တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအစည်းဝေးကိုခေါ်ပြီး အရေးပါ်ကာလ လက်ရှိယာယီသမ္မတ ဦးမြင့်ဆွေ၏ကျန်းမာရေးအရ ဆေးကုသခွင့်ခံယူနေမှုကို အကြောင်းပြကာ ယာယီသမ္မတ နေရာကိုပါ ထပ်မံနေရာယူခဲ့ပြန်သည်။ အာဏာသိမ်းယူပြီးနောက် ၂၀၀၈အခြေခံဥပဒေ ပုဒ်မ၄၂၅အရ နိုင်ငံတော်အာဏာသိမ်းယူမှု ၆ လ သက်တမ်းတိုးခဲ့ခြင်းမှာ ၆ ကြိမ်အထိရှိပြီဖြစ်သည်။ 

စစ်ကောင်စီမှ အထွေထွေရွေးကောင်ပွဲပြုလုပ်ရန် ကြိုးပမ်းခြင်း

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် စတင်အာဏာသိမ်းယူခဲ့ပြီး ၂၀၀၈အခြေခံဥပဒေကို အခြေပြု၍ ၆လတစ်ကြီမ်နိုင်ငံတော်အာဏာကို သက်တမ်းတိုးခဲ့သည်။ အာဏာသိမ်းယူပြီး ၆လပြည့်ခဲ့သော ၂၀၂၁ခုနှစ် ဩဂုတ်လ ၁ရက်နေ့တွင် စစ်ကောင်စီမှ အိမ်စောင့်အစိုးရအဖွဲ့ဟု အမည်ပြောင်းလည်းဖွဲ့စည်းခဲ့ပြီး ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်မှ နိုင်ငံတော်ဝန်ကြီးချုပ် ရာထူးကို ရယူခဲ့သည်။ ထိုသို့ ၆လ တစ်ကြိမ်သက် တမ်းတိုးလာခဲ့ရာ ၆ကြိမ်တိုင်တိုင်ရှိပြီးဖြစ်သည်။ စစ်ကောင်စီအနေဖြင့် ၂၀၂၄ခုနှစ် အောက်တိုဘာလတွင် သန်းခေါင်စာရင်းကောက်ယူနိုင်ရန် ပြုလုပ်ပြင်ဆင်လျက်ရှိပြီး ၂၀၂၅ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပဖို့ရန် ရည်ရွယ်ထားကြောင်း စစ်တပ် ထိန်းချုပ် ထားသည့်မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ထားကြောင်းသိရသည်။စစ်ကောင်စီသည်၂၀၂၃ခုနှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်ရန် ကြိုပမ်းခဲ့ပြီး ဖြစ်ကာ ယခုအကြိမ်မှာ ပထမအကြိမ်မဟုတ်‌ပေ။ 

စစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲ၌ ပါဝင်ထောက်ခံခဲ့ကြသော နိုင်ငံရေးပါတီ ၂၆ပါတီမှ သဘောထား ထုတ်ပြန်ချက်ပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။ စစ်ကောင်စီကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲထောက်ခံအား ပေးကြသော နိုင်ငံရေးပါတီများကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။ 

၁။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

၂။ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ

၃။ ဒီမိုကရေစီပါတီသစ် (ကချင်)

၄။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ

၅။ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ

၆။ လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)

၇။ ခမီးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ

၈။ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ

၉။ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ

၁၀။ ပြည်သူ့အလုပ်သမားပါတီ

၁၁။ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ

၁၂။ ဒီမိုကရက်တစ်ပါတီ

၁၃။ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ

၁၄။ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရစ်တစ်ပါတီ (ကျားဖြူပါတီ)

၁၅။ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ

၁၆။ အမျိုးသားဒီမိုကရေစီပါတီသစ်

၁၇။ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ

၁၈။ ခူမီး အမျိုးသားပါတီ

၁၉။ အမျိုးသားနိုင်ငံရေးအားမာန်သစ်ပါတီ

၂၀။ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီ

၂၁။ ခေတ်သစ်ပြည်သူ့ပါတီ

၂၂။ လေဘာပါတီ

၂၃။ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ

၂၄။ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ

၂၅။ လူထုပါတီ

၂၆။ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ

(https://www.facebook.com/chinaffairs/posts/189818017131272?rdid=sQvK1gYLfATNuI6x – ICA မှ တင်ပြထားသော စစ်ကောင်စီ၏ ၂၀၂၃ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန်ကြိုးပမ်းမှု)

စစ်ကောင်စီ၏ အထွေထွေရွေးကောက်ပွဲအား ထောက်ခံအားပေးသော နိုင်ငံ‌ရေးပါတီများ၏ ပူးတွဲသဘောထားထုတ်ပြန်ချက် (Freelance Journalist)

စစ်ကောင်စီ၏ ရွေးကောက်ပွဲနှင့် ချင်းပြည်နယ်အပေါ်အကျိုးသက်ရောက်မှုများဆွေးနွေးချက်

ချင်းပြည်နယ်အတွင်း မြို့ပေါင်း ၁၉မြို့ရှိသည့်အနက် ၁၂မြို့မှာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိပြီးဖြစ်ရာ စစ်ကောင်စီအနေဖြင့် ကျန်ရှိသော ၈မြို့တွင်သာ ကျင်းပနိုင်သည့်အခွင့်အလမ်းရှိသည်။ သို့သော် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ၏ အင်းအားတိုးတက်လာမှုများကြောင့်   ၂၀၂၅ခုနှစ်အတွင်း ချင်းပြည်နယ်၌ နိုင်ငံရေးနှင့် စစ်ရေးအပြောင်းအလဲ များစွာပေါ်ပေါက်နိုင်ကြောင်း လေ့လာသူများမှ သုံးသပ်ကြသည်။ 

စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမည့် ကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်အပေါ် အကျိုးသက်ရောက်မှုအား နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးကို မေးမြန်းခဲ့ရာ ချင်းပြည်နယ်တွင် စစ်ကောင်စီအနေဖြင့် သန်းခေါင်စာရင်း ကောက်နိုင်မှာ မဟုတ်ကြောင်း ချင်းပြည်နယ်ရှိ မြို့ကြီးပြကြီးကိုတောင် ထိန်းသိမ်းနိုခြင်း မရှိဘဲနဲ့ သန်းခေါင်စာရင်းတင်ပြပါက အလိမ်အညာစာရင်းပဲ ဖြစ်ပါလိမ့်မည် ဖြစ်ကြောင်း ၎င်းက သုံးသပ်ထားပါသည်။ 

ဆက်လက်ပြီး စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအပေါ် ထပ်မံမေးမြန်းခဲ့ရာ၌ ရွေးကောက်ပွဲကြောင့် နိုင်ငံရေး အလှည့်အပြောင်းတော့ ရှိကောင်းရှိနိုင်သော်လည်း ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ထက် ဒေသခံနိုင်ငံရေးဦးဆောင်သော အဖွဲ့အစည်းများအပေါ်တွင် မူတည်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ “အဓိကပြောချင်တာက ကျွန်တော်တို့ ချင်းတွေထဲမှာ နိုင်ငံရေးနို့နံ့မစင်တဲ့ အခွင့်ကောင်းနှိုက်သမားတွေက လက်ရှိအချိန်ထိ ရှိနေတုန်းပဲ။ အဲ့လိုလူတွေနဲ့ ဒေသခံ တော်လှန်ရေး အဖွဲ့အစည်းတွေကြားမှာ ပဋိပက္ခဖြစ်လာနိုင်ခြေ အများကြီးရှိလာတယ်။ အဲ့ဒီ ပဋိပက္ခအလွန်မှာ အပြောင်းအလဲ ရှိကောင်းရှိနိုင်တယ်။” ဟူ၍ ICA သို့ပြောသည်။ 

ထပ်မံ၍ ချင်း နွေးဦးတော်လှန်ရေးခေါင်းဆောင် တစ်ဦးအား မေးမြန်ခဲ့ရာ “ ချင်းပြည်နယ်ထဲမှာတော့ ဒေသခံတော်လှန်ရေး အင်အားစုတွေက ကန့်ကွက်တယ်ဆိုရင် ရွေးကောက်ပွဲကော သန်းခေါင်စာရင်းကော အောင်မြင်နိုင်စရာတော့ မရှိဘူးလို့ ထင်ပါတယ်။ ချင်းပြည်နယ်မှာတော့ စစ်ကောင်စီဦးစီးတဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်စရာ မရှိဘူးလို့ ထင်ပါတယ်။” ဟူ၍ အခိုင်အမာ ပြောသွားခဲ့သည်။ က်လက်၍ ချင်းပြည်နယ်ရှိ ပြည်နယ်အတွင်း နိုင်ငံရေးအရှုပ်အထွေးများနှင့် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအပေါ် မည်သို့မည်ပုံ ပတ်သက်မှု ရှိနိုင်ကြောင်းကိုလည်း ချင်းပြည်ထောင် တစ်ခုထဲမှာပဲ နိုင်ငံရေး အရှုပ်အထွေးရှိနေခြင်းမဟုတ်ဘဲ ပြည်ထောင်တိုင်း၌ မရှုပ်မရှင်းရှိနေကြကြောင်း ရွေးကောက်ပွဲရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အရှုပ်အထွေး ဆက်ရှိနေမည်ဖြစ်ကြောင်း ပြောခဲ့သည်။ ထိုသို့ ပြည်နယ်အတွင်း နိုင်ငံရေးအရှုပ်အထွေးကို အခွင့်ကောင်းယူကာ စစ်ကောင်စီနှင့် လက်ဝါးချင်းရိုက်ထားသည့် အဖွဲ့အစည်းများအနေဖြင့် “ဗူးပေါ်သလို ပေါ်လာလေမလား၊ ဆက်ပြီး ဟန်ဆောင်ထိန်းထားနိုင်လေမလား ဆိုတာပါပဲ။ ‌ဗြောင်လိမ် ဗြောင်စားသမားတွေကတော့ မရှက်တတ်တဲ့အပြင် ‌၊ မရှက်သယောင် နဲ့ ရှက်ရမ်းရမ်း ပြန်ရင်တော့ ပွတ်တိုက်မှုတွေကတော့ ဆက်ဖြစ်မှာပါပဲ။” ဟူ၍ သုံးသပ်ထားပါသည်။ ဤသည်ကို ကြည့်ဖြင်းအားဖြင့် ချင်းပြည်နယ်အတွင်း စစ်ကောင်စီနှင့် တိတ်တဆိတ်ပူးပေါင်းဆောင်ရွက်နေသော တော်လှန်ရေးအဖွဲ့များ ရှိနေနိုင်မလားဆိုသည့်မေးခွန်းကို ပြန်လည်ဖြေကြားခြင်းမပြုခဲ့ပေ။ 

သို့သော် ချင်းနွေဦးတော်လှန်ရေးဦးဆောင်သူအား မေးမြန်းခဲ့ရာတွင် ချင်းပြည်နယ်အတွင်း မည်မျှပင်နိုင်ငံရေးအရှုပ်အထွေးရှိနေသော်လည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ထောက်ခံပြီး အကောင်အထည်ဖော်နိုင်အောင်အထိ ဖြစ်‌မြောက်နိုင်မည်မဟုတ်ကြောင်း ပြောဆိုထားသည်။ 

ချင်းပြည်နယ်အပေါ် စစ်ဘေးဒဏ်နှင့် လူမှုရေး၊ စီးပွားရေးဒဏ်များကြောင့် ချင်းပြည်သူများ၏ ခံယူချက်အပေါ် “ပြည်သူတွေကတော့ နိုင်ငံရေးရေချိန် အရမ်းနိမ့်နေပါသေးတယ်။ ဒါပေမယ့် ခံယူချက်တွေကတော့ ပြင်းထန်ကြတယ်။ နိုင်ငံရေး အသိအမြင် ကြွယ်ဝပြီး အနာဂတ်ကို ပုံဖေါ်ထားတဲ့ ခေါင်းဆောင်တစ်ယောက်က ပြောင်ပြောင်တင်းတင်း လမ်းပြနိုင်မယ်ဆိုရင် ချင်းပြည်ထောင် ရဲ့ နိုင်ငံရေးဟာ ကျေနပ်အားရစရာ ဖြစ်လာနိုင်တယ်။” ဟူ၍ နိုင်ငံရေးလေ့လာသုံးသပ်သူထံမှ သိရသည်။ 

ချင်းပြည်နယ်တွင် မြို့နယ် ၉ခုနှင့် မြို့ပေါင်း ၂၀မြို့ရှိရာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်သို့ ၁၃မြို့ ရောက်ရှိပြီးဖြစ်သည်။ ကျန်ရှိနေသော ၇ မြို့ကို စစ်ကောင်စီမှ ထိန်ချုပ်လျက်ရှိကာ ဟားခါး၊ ဖလမ်း၊ တီးတိန် စသည့်မြို့များရှိ ရပ်ကွက်အချို့၌သာ သန်းခေါင်စာရင်းကောက်ယူနိုင်ကြောင်း ‌ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီထိန်းချုပ်လျက်ရှိသော မြို့များမှာ ဟားခါး၊ ဖလမ်း၊ တီးတိန်၊ ကန်ပက်လက်၊ မင်းတပ်၊ ထန်တလန် နှင့် ခိုင်ကမ်းမြို့တို့ဖြစ်သည်။