October 28, 2024, Comment off

ပဋိပက္ခကြားထဲမှာ အသက်ရှင်သန်ရေး ရုန်းကန်နေရပြီးဘဝအာမခံချက်ဝေဝါးလာရသည့်ချင်းပြည်သူများ

 

Salai Kur Bung Bel

 

နွေဦးတော်လှန်ရေးတွင် ချင်းပြည်နယ်နှင့်ချင်းအမျိုးသားများ၏ပါဝင်မှု

ဖယ်ဒရယ်ဂျာနယ်မှ စစ်တမ်းကောက်ယူပြီး စာရင်းပြုစုထားချက်အရ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ CDM လှုပ်ရှားမှုအားအကောင်းဆုံးပြည်နယ်ဟာ ချင်းပြည်နယ်ဖြစ်ပြီး အစိုးရဝန်ထမ်းပေါင်း နှစ်သောင်းကျော် ရှိတဲ့အထဲမှာ ဝန်းထမ်းပေါင်း တစ်သောင်းလေးထောင်ကျော်ဟာ CDM ဝင်ထားပြီး ရာခိုင်နှုန်းအားဖြင့် ၇၂ ရာခိုင်းနှုန်းကျော်ပါဝင်ထားသည်ဟသည်ဟုဆိုနိုင်ပါသည်။ 

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီးလူတန်းစာအလွှာစုံပါဝင်သည့် ပြည်သူထု၏ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုမှုကို လိုက် လျောမှုမရှိသည့်အပြင် စစ်ကောင်စီ၏ အကြမ်းဖက်နှိပ်စက်ခြင်းကို မခံနိုင်သည့်အဆုံးတွင် လက်နက်ကိုင်တော်လှန်ရေးအဆင့်သို့ ကူးပြောင်းလာခဲ့ရသည်။ လက်နက်ကိုင်တော်လှန်ရေးအဆင့်သို့ကူး ပြောင်းလာချိန်တွင် အဆင်းရဲဆုံးနဲ့ မြန်မာနိုင်ငံ၏ဒုတိယလူဦးရေအနည်းဆုံး ပြည်နယ်ဖြစ်သည့် ချင်းအမျိုးသားများ၏တော်လှန်ရေးမှာ ထင်မှတ်မထားလောက်အောင်အား ကောင်းလာခဲ့ပြီး ၂၀၂၄ ခုနှစ်အောက်တိုဘာလအရောက်တွင် မြို့ပေါင်း ၂၀ မြို့အထိ တော်လှန်ရေးအင်အားစုများမှ ထိန်းချုပ်လာ နိုင်ခဲ့သည်။

ချင်းပြည်နယ်နှင့်ချင်းပြည်သူများအပေါ် စစ်ကောင်စီ၏ ဖြတ်လေးဖြတ်ဗျူဟာ

ဤတွင်စစ်ကောင်စီမှချင်းတော်လှန်ရေး အင်အားလျှော့နည်းအောင် ချင်းပြည်နယ်နှင့်ချင်းပြည်သူအားလုံးကို ဖြတ်လေးဖြတ်ဗျူဟာကျင့်သုံးပြီးချင်းပြည်သူများကို အစားအစာ၊သတင်းအချက်အလက်ဆက်သွယ်ရေး၊ ရန် ပုံ‌ငွေနဲ့ လူသစ်ဆောင်းခြင်းများကို ဖြတ်တောက်ရန်ကြိုးစားလာခဲ့သည်။

စစ်ကောင်စီရဲ့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်မှုဟာ ချင်းပြည်နယ်ရဲ့ ပြည်သူလူထုနဲ့ စစ်ဘေးရှောင်တွေ လူသားချင်းစာနာမှု့အကူအညီ လိုအပ်နေမှုကို ဖုံးကွယ်ခံထားရသလို ဖြစ်နေေကြာင်း ချင်းတော်လှန်ရေးအင်အားစုများထံကသိရသည်။ “လူသားချင်းစာနာမှု့အကူအညီတွေကို  ဘယ်လိုအခြေအနေနဲ့ ရနိုင်သလဲဆိုတာကို ပြောပြနိုင်တဲ့အခြေအနေမှာ မရှိတော့ဘူး။ လူတွေက ဘယ်ရောက်နေလဲ ၊ ဘာတွေ ဖြစ်ပျက် နေလဲဆိုတာ သုတေသနတွေ လုပ်လို့မရတော့ဘူး ဆိုတော့ ပို့ဖို့အတွက် အခက်အခဲအများကြီး ဖြစ်ကုန်တယ်၊ ဆေးဝါးတွေအပါအဝင်ပေါ့နော်”လို့ဆက်သွယ်ရေး (ဖုန်း၊အင်တာနက်) အခြေအနေများကို သုတေသန ပြုစုနေသည့် အသံအဖွဲ့ဝင် ကိုနော်စိုင်းကပြောသည်။  

၂၀၂၁ စစ်အာဏာသိမ်းပြီး စစ်ကောင်စီက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားမှုကြောင့် ချင်းပြည်နယ်က ပြည်သူလူထုတွေထဲ လူမှုစီးပွားဒုက္ခတွေ တစ်နေ့ထက်တစ်နေ့ ဆိုးဝါးလာနေသူတွေ ဒုနဲ့ဒေးရှိလာနေတာကို‌တွေ့ရသည်။ ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်က ဒေသခံ ဆလိုင်းဝီလီယံ (အမည်လွှဲ) ဟာ အင်တာနက်လိုင်းမရရှိတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရပါသည် ။ “မြို့ပေါ်မှာသာ ဖုန်းလိုင်းနဲ့ အင်တာနက်ရနေပြီး 4G အဆင့်တက်နေပေမယ့် ဘာမှ ဖွင့်လို့မရကြပါဘူး။တချို့က အင်တာနက်လိုင်း ရ တစ်ရက်၊ မရ နှစ်ရက် ပုံစံနဲ့မို့ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေးစတဲ့ လုပ်ငန်းအသီးသီးမှာ အားလုံးခက်ခဲနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။“အခုလက်ရှိတောင် ဖွင့်နေတာ 4G သာတက်နေတာ ဘာမှကြည့်လို့မရဘူး။ ရှိတယ်ဆိုတဲ့သဘော၊ ဖွင့်တယ်ဆိုတဲ့သဘော ဘာမှလုပ်ကိုင်စားလို့ မရဘူး။ ၁၀၀ မှာ ၈၀ ရာခိုင်းနှုန်း ထိခိုက်တယ်” လို့ ဖလမ်းမြို့ခံ ဆလိုင်းဝီလီယံ (အမည်လွှဲ) က ပြောပါသည်။

ပြည်တွင်းအိုးအိမ်စွန့်ခွာမှု့၊ မတရားဖမ်းဆီးမှု့နဲ့သေဆုံးသူဦးရေပိုမိုတိုးပွားလာနေသည့်မြန်မာနိုင်ငံ

မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ဆိုးသထက်ဆိုးလာနေပြီး၊ ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ သူတွေ ဟာ ၃ သန်းကျော်အထိရှိလာနေပြီဖြစ်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က အောက်တိုဘာ ၁၀ ရက်နေ့တွင် ပြောကြားလိုက်သည်။မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးချိန်ကစပြီး စစ်ကောင်စီဘက်က ပြည်သူတွေအပါအဝင်အတိုက်အခံအင်အားစုများ ကိုဖမ်းဆီးနှိမ်နှင်းတာတွေအပြင် ရွာမီးရှို့တာ၊လေကြောင်းက တိုက်ခိုက်တာတွေကိုလည်း  တောက်လျှောက်လုပ် ဆောင်နေကြောင်းလည်းပြောဆိုထားသည်။နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP- မြန်မာ)၏ အောက်တိုဘာလ ၂၂ ရက်နေ့ထုတ်ပြန်ချက်အရ ၂၀၂၁ခုနှစ်စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက် စစ်အုပ်စုနှင့်၎င်း၏လက်ပါးစေများကြောင့် သေဆုံးသူ အရပ်သားပြည်သူ ၅,၈၇၁ ဦးရှိပြီးမတရားဖမ်းဆီးခံရသူ စုစုပေါင်း  ၂၇,၅၆၉ ဦးရှိခဲ့ပြီဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခတွေကြား အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေအတွက် အခြေခံကျန်း မာရေးစောင့်ရှောက်မှုနဲ့ စားနပ်ရိက္ခာ ပေးအပ်ဖို့အပါအဝင် လူသားချင်းစာနာမှု အကူအညီ အရေးပေါ် လိုအပ်နေတဲ့အကြောင်းICRC နိုင်ငံတကာကြက်ခြေနေအသင်းကြီး၏ ဥက္ကဌ Mirjana Spolijaric ကသတိပေး ထားသည်။လက်နက်ကိုင်တိုက်ပွဲတွေကြား ထောင်သောင်းချီတဲ့ လူတွေစိုးရိမ်ထိတ်လန့်နေရသလို သန့်ရှင်းတဲ့ရေ နဲ့ မိလ္လာစနစ်မရှိတဲ့နေရာတွေမှာ ဆေးဝါးနဲ့ အစားအစာမရှိ၊ကိုယ်တခုနဲ့ရရာပစ္စည်းစွဲပြီး ထွက်ပြေးပုန်းရှောင် နေရတဲ့ အကြေင်းတွေကိုသူ့ရဲ့ စက်တင်ဘာ ၅ ရက်မှ ၉ ရက်အထိမြန်မာနိုင်ငံခရီးစဥ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ နည်းလမ်းမျိုးစုံနှိပ်စက်မှုဒဏ်ခံနေရသည့်ချင်းပြည်သူများ

စစ်ကောင်စီနှင့် ဒေသခံတော်လှန်ရေးတပ်များ၏ ပဋိပက္ခဒေသများ၌ နေထိုင်ကြသော ချင်းလူမျိုးများသည် စစ်ကောင်စီ၏နည်းလမ်းမျိုးစုံဖြင့် နှိပ်စက်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသည်။ အသက်ရှင်သန် ရပ်တည်နိုင်ရန် ရုန်းကန်ရင်း ချင်းစစ်ဘေး‌ရှောင်ပြည်သူ (IDPs) ၁၅၀,၀၀၀ ကျော်အထိရှိကြောင်း ICA၏ဒေတာအချက်လက်များအရသိရသည်။ပြည်သူများမှာနီးစပ်ရာလုံခြုံသော ဒေသများသို့အလျှဥ်းသင့်သလို ထွက်ပြေးတိမ်းရှောင်ခဲ့ကြသောကြောင့် စားဝတ်နေရေး အတွက် အခက်အခဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ 

အာဏာသိမ်းစစ်ကောင်စီမှ ချင်းလူမျိုးများနေထိုင်ဒေသများကိုမီးရှို့ဖျက်ဆီး

ချင်းရေးရာအဖွဲ့ (ICA)မှပြုစုသော အချက်အလက်များအရ ၂၀၂၁ခုနှစ် စစ်ကောင်စီချအာဏာသိမ်းပြီး နောက်ပိုင်းစစ်ကောင်စီမှ ချင်းလူမျိုများ၏နေအိမ်၊ အဆောက်အဦးများ၊ ဘာသာ‌ရေးအဆောက်အဦးများနှင့် စာသင်ကျောင်းများကို ၂၀၂၄ ခုနှစ်ဇူလိုင်လ၃၁ရက်နေ့အထိ စုစုပေါင်း ၃,၃၇၈လုံးအထိ မီးတင်ရှို့ ဖျက်စီး ခဲ့ပြီးဖြစ်ကြောင်းသိရသည်။

၂၀၂၄ခုနှစ်၊ဧပြီလ ၁၇က်နေ့တွင် စစ်ကိုင်းတိုင်း၊ ကလေးမြောက်ပိုင်း ပျဉ်းခုံကြီးရွာရှိ ခရစ်ယာန် ဘုရား ကျောင်းအပါဝင် အိမ်ခြေ ၄၀၀ကျော်ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ ကြောင်းသိရသည်။ စစ်ကောင်စီမှပျဥ်းခုံကြီးကျေးရွာရှိ East Baptist Church၊ West Baptist Church၊ Wesleyan Church၊ Believer Church နဲ့ Church Of the Rock ခရစ်ယာန်ဘုရားကျောင်းများကို မီးရှို့ဖျက်ဆီးခဲ့သည်။ မီးရှို့ရန်ခက်ခဲသော  နေအိမ်များကိုလည်း JBCဖြင့် ထိုးကော်ဖျက်ဆီးခဲ့သည်။ စာသင်ကျောင်းလည်း လက်နက်ကြီးနှင့်ဒရုန်းဖြင့်ဗုံးကြဲချသောကြောင့်ပျက်စီးသွားရသည်။ လူနေအိမ်အားလုံးချိုးဖောက်စီးနင်းခြင်း ခံခဲ့ရသည်။ ပျဉ်းခုံကြီးရွာသည် အိမ်ခြေ ၅၀၀ ရှိသည့်ရွာဖြစ်သည်။ 

ပဋိပက္ခကြာင့်ပြည်တွင်းနှင့်နီးစပ်ရာပြည်ပများသို့စစ်ရှောင်နေကြရသည့် ချင်းပြည်သူများ

ထို့အပြင် နီးစပ်ရာ India, Mizoram ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ကြသော စစ်ဘေးဒုက္ခသည် ၆၀,၀၀၀ ကျော်ရှိကြောင်း ချင်းရေးရာအဖွဲ့( ICA) ၏ ဒေတာအချက်အလက်များအရ သိရသည်။ Mizoram ပြည်နယ်တွင် စစ်ဘေးဒုက္ခသည်စခန်း စုစုပေါင်း ၁၀၂ ခုရှိပြီး စစ်ဘေးဒုက္ခသည် စုစုပေါင်း ၅၄,၀၀၀ ကျော်အထိရှိသည်။ ထို့အပြင် ဒုက္ခသည်စခန်းပြင်ပတွင်နေထိုင်ကြသော မြန်မာနိုင်ငံမှ စစ်ဘေးဒုက္ခသည် စုစုပေါင်း ၁၀,၀၀၀နီးပါးရှိကြောင်း ခန့်မှန်းရသည်။ 

စစ်ရေးအခြေအနေကြောင့် ယခုလက်ရှိတွင် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်း နေရပ်စွန့်ခွာ၍ စစ်ဘေးတိမ်းရှောင်သူ ၁၅,၀၀၀ ကျော်နှင့် အိန္ဒိယ-မြန်မာနယ်စပ်၊ မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးတိမ်းရှောင်သူ ၄,၀၀၀ ကျော် စုစုပေါင်း စစ်ဘေးရှောင်ပြည်သူ ၂၀,၀၀၀ ဝန်းကျင်ခန့်ရှိပြီး ဆေးဝါး၊ စားနပ်ရိက္ခာအကူအညီများ  လိုအပ်နေကြသည်ဟု Paletwa IDPs and Humanitarian Supporting အဖွဲ့မှ တာဝန်ခံ ဆလိုင်းစိုးသန်းက ပြောသည်။

စားနပ်ရိက္ခာနဲ့ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသည့်ချင်းစစ်ဘေးရှောင်များ

စစ်ဘေးရှောင်များအရေးနှင့်ပတ်သက်၍“ကျွန်တော်တို့ ပလက်ဝမြို့နယ်အတွင်း IDPs ရှိမယ်၊ နောက် မီဇိုရမ် ဘက်က Refugee ရှိတာပေါ့ ။ ပလက်ဝကောင်စီ ထိန်းချုပ်ဧရိယာအတွင်းဆိုရင်တော့  ပြည်သူ့ကျန်းမာရေး အဖွဲ့ရှိပါတယ်။ဆေးဝါးလုံလောက်မှုမရှိဘူး။ ပြီးတော့ စားနပ်ရိက္ခာပေါ့ ၊အဓိကဆန် လိုအပ်တာပေါ့နော် မီဇိုရမ်ဘက် စစ်ဘေးရှောင်တွေဆိုရင် ကျွန်တော်အခု အဲဒီကနေပြန်လာတာ၊လိုအပ်ချက်ကတော့ စားဝတ် နေရေးအဆင်မပြေဘူး၊နောက်ပြီးတော့ဆေးဝါးအခက်အခဲကလည်းကြုံနေတယ်၊ဒီဘက်မှာဆိုရင်ကျန်းမာရေးက ကိုယ်ထူကိုယ်ထလုပ်နေရတဲ့အချိန်မှာ အလုပ်အကိုင်လည်းမရှိ ၊ဝင်ငွေလည်းမရှိတဲ့အခါကြတော့ တော်တော် လေး စိန်ခေါ်မှုဖြစ်နေရတဲ့ အနေအထား ပေါ့နော် ၊ ပြည်တွင်းရောပြည်ပရော လိုအပ်ချက်က အတူတူ ဖြစ်ပါတယ်” ဟုဆလိုင်းစိုးးသန်းကဆက်လက် ပြောထာကြောင်းခိုနူမ်းသုန်သတင်းတွင်ရေးထားသည်။(ခိုနူမ်း သုန်သတင်း၊၈ အောက်တိုဘာ ၂၀၂၄)

အလားတူက‌လေးမြို့နယ်မှ မီဇိုရမ်ဘက်သို့ စစ်ဘေးရှောင်လာပြီးနောက် ပစ္စည်းများပြန်ယူရန် အိမ်ပြန် သွားကာ အောက်တိုဘာ လဆန်းပိုင်းတွင်မီဇိုရမ်ဘက်သို့ပြန်လာခဲ့ပြီး၊ လုံခြုံရေးအရ အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးမှလည်းလက်ရှိ ကြုံတွေ့နေရသည့်အခြေအနေကို ICA သို့ရင်ဖွင့်ထားသည်။ “ပြည်တွင်း (ချင်းဒေသ)အခြေအနေမှာ စစ်ပွဲဒဏ်၊ စစ်ကောင်စီ၏ ဖြတ်လေးဖြတ်စနစ်နဲ့ ကုန်းစျေးနှုန်းကြီးမြင့်မှု ဒဏ်ကို ပြည်သူများအလူးအလဲခံ စားနေရပြီးလုံခြုံမှုလုံးဝမခံစားရကြောင်း၊ မီဇိုရမ်ဘက်မှာတော့ကုန်းစျေးနှန်းကြီးမြင့် မှုနဲ့အလုပ်အကိုင် ရှားပါးမှု ဒဏ်ခံရသော်လည်း နောက်ကျောလုံပြီးလုံခြုံနေတယ်လို့ ခံစားရတယ်၊ အိမ်ပြန်ဖို့အခြေအနေမဟန်သေးဘူး” ဟုပြည်တွင်းပြည်ပခံစားရတဲ့အခြေအနေ ကိုနှိုင်းယှဥ် ပြထားသည်။

စက်တင်ဘာလ ၂၄ ရက်နေ့တွင် ကျင်းပသည့် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် ကုလသမဂ္ဂလူ့အခွင့် အရေးဆိုင်ရာ ဒုတိယမဟာမင်းကြီး နဒါ အယ်လ် နာရှစ်(Nada Al-Nashif) က မြန်မာစစ်ကောင်စီသည် နယ်မြေတွေလက်လွှတ် ဆုံးရှုံးနေတာနဲ့အမျှ တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်သည့်ဒေသများတွင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ ဖိနှိပ်မှုတွေ ဆက်လုပ်နေပြီး အရပ်သားပြည်သူများ ထိခိုက်သေကြေမှုနဲ့ နေအိမ် စွန့်ခွာ ထွက်ပြေးမှုတွေ ပိုတိုးလာနေသည့် အကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။

လူသားချင်းစာနာထောက်ထားမှု့ အကူအညီလိုအပ်ချက်မြင့်မားပြီးရ ရှိမှု့နည်းပါးနေသည့် ချင်းပြည်သူများ

၂၀၁၄ ခုနှစ်မြန်မာနိနိုင်ငံ၏ ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ ချင်းပြည်နယ်၏ လူဦးရေမှာ ၄.၇ သိန်းခန့်ရှိပြီး၊ ချင်းရေးရာအဖွဲ့(ICA)မှစက်တင်ဘာလအထိစုဆောင်းရရှိသည့် ဒေတာအချက်အလက်များအရ ချင်းပြည်တွင်း စစ်ဘေးရှောင်(IDPs)၁၅၀,၀၀၀ကျော်၊ပြည်ပချင်းပြည်သူစစ်ဘေးရှောင်သူစုစုပေါင်း  ၆၄,၀၀၀ကျော်ရှိ ကြောင်း သိရသည်။ဤဒေတာအချက်အလက်များအရနွေဦးတော်လှန်ရေး ၄ နှစ်နီးပါးကြာလာချိန်တွင် ချင်းပြည်သူ ၂၁၀,၀၀၀ ကျော်မှာပဋိပက္ခကြောင့် စစ်ဘေးရှောင်နေကြရသဖြင့် စုစုပေါင်းလူဦးရေ၏ ထက်ဝက်နီးပါးမှာ စစ်ဘေးရှောင် နေရကြောင်းတွေ့ရသည်။ဤအခြေအနေတွင် ပြည်တွင်းပြည်ပရှိ ချင်းစစ်ဘေးရှောင်များ၏လူ သားချင်းစာနာထောက်ထားမှု့ အကူအညီလိုအပ်ချက်မှာ အလွန်မြင့်မားလာခဲ့သည်။

သို့သော် ပြည်တွင်းပြည်ပအလှူရှင်များ၊NGO, INGOအဖွဲ့များ၏ လူသားချင်းစာနာထောက်ထားမှု့ အကူအညီ များမှာ အကန့်အသတ်ရှိနေဆဲဖြစ်ကာ လိုအပ်ချက်၏၂-၅%ခန့်သာဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်း လူသားချင်းစာ နာထောက်ထားမှု့ ပေးနေသည့် အဖွဲ့အစည်းများထံမှသိရသည်။အထက်ဖော်ပြပါ အကြောင်းအရာနဲ့ အချက် အလက်များအရ နွေဦးတော်လှန်ရေး ၄ နှစ်အတွင်းသို့ရောက်ရှိလာချိန်တွင် ချင်းတော်လှန်ရေးအဖွဲ့များ၏ နယ်မြေစိုးမိုးထိန်းချုပ်နိုင်မှု့တိုးပွားလာသည်နှင့်အမျှ ချင်းပြည်သူများ၏ပဋိပက္ခကြားအသက်ရှင်သန်ရေး ရုန်း ကန် မှု့ သည် ပိုမိုခက်ခဲလာသည် ဟုဆိုရမည်ဖြစ်ပါသည်။