
March 3, 2025, Comment off
ချင်းလူမျိုးများအပေါ် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ၂၅၀ ကြိမ်ပြုလုပ်၊ ၂၈၀ ကျော်သေဆုံး (၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ထိ)
Loyalvan
နိဒါန်း
စစ်ကောင်စီမှ အာဏာသိမ်းယူပြီးနောက် နိုင်ငံအရပ်ရပ်မှ ပြည်သူများမှ ခုခံတော်လှန်ခဲ့ပြီး စစ်ကောင်စီမှလည်း လက်နက်ငယ်၊ လက်နက်ကြီးများသာမက ပြည်ပရန်သူအလား လေကြောင်းတိုက်ခိုက်မှုများလည်း အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။ ချင်းပြည်နယ်နှင့် ချင်းပြည်နယ်ပြင်ပရှိ ချင်းလူမျိုးများနေထိုင်ရာ ဒေသများသို့ စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၅၀ ကျော်ပြုလုပ်ခဲ့ပြီးဖြစ်သည်။
(မှတ်ချက်။ ။လေကြောင်းတိုက်ခိုက်မှုရေတွက်ရာတွင် တစ်ရက်အတွင်း တိုက်ပွဲတစ်နေရာသို့ လေကြောင်းတိုက်ခိုက်မှု ၁၀ခါပြုလုပ်ပါက တစ်ကြိမ်ဟုရေတွက်ထားသည်။ လေယာဥ်အရေအတွက်နှင့် ကြဲချသာ ဗုံးအရေအတွက်ကို သီးသန့်ရေတွက်ထားသည်။)
အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ
စစ်ကောင်စီမှ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ရက်အထိ ၄နှစ်တာ ကာလအတွင်း စစ်ကောင်စီမှ ချင်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၈၀ ကျော်ပြုလုပ်ခဲ့ပြီး ရဟတ်ယာဥ်အစီး ၃၀ကျော်၊ တိုက်လေယာဥ်နှင့် အခြားစစ်တပ်သုံးယာဥ် ၃၃၀ကျော် စုစုပေါင်း လေယာဥ် ၄၀၀ ကျော်ဖြင့် ဗုံးအလုံးရေ ၉၀၀ကျော် ကြဲချတိုက်ခိုက်ခဲ့သည်။ ထိုသို့တိုက်ခိုက်မှုများကြောင့် ချင်းပြည်နယ်အတွင်းရှိ လူနေအိမ် ၄၀၆ကျော်၊ ဘာသာရေးအဆောက်အဦး (ဘုရားကျောင်းနှင့် ဘုန်းကြီးကျောင်း) ၂၃လုံးနှင့် အစိုးရအဆောက်အဦး ၃၀ ကျော်ပျက်စီးခဲ့ရသည်။ ထို့အပြင် ချင်းလူမျိုးအရပ်သားပြည်သူ အယောက် ၁၀၀ ကျော် သေဆုံးခဲ့ရပြီး ချင်းအမျိုးသား တော်လှန်ရေးအဖွဲ့ ၅၆ဦး ထက်မနည်းသေဆုံးခဲ့ရသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ထိခိုက်ဒဏ်ရာရရှိသူ ၂၅၀ဦး ကျော်ရှိသည်။
လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေတွက်၊ သေဆုံးမှုနှင့် ဒဏ်ရာရရှိသူများ (ခုနှစ်အလိုက်)
ဆက်လက်ပြီး ချင်းပြည်နယ်ပြင်ပရှိ ချင်းလူမျိုးများနေထိုင်သော အရပ်ဒေသများသို့ စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၇၀ ထက်မနည်းပြုလုပ်ခဲ့သည်။ ထိုအကြိမ် ၇၀ ကျော်တွင် ရဟတ်ယာဥ် ၂၀စီးကျော်၊ တိုက်လေယာဥ်နှင့် အခြားစစ်တပ်သုံးယာဥ် ၈၀ ကျော် စုစုပေါင်း လေယာဥ် ၁၀၀ ကျော်ဖြင့် ဗုံးအလုံးရေပေါင်း ၄၀၀ ကျော်ဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် လူနေအိမ်အဆောက်အဦး ၉၇၈ ကျော်, ဘာသာရေးအဆောက်အဦး (ဘုရားကျောင်းနှင့် ဘုန်းကြီးကျောင်း) ၁၆လုံးနှင့် အစိုးရအဆောက်အဦး ၁၀လုံး ကျော်ပျက်စီးခဲ့ရသည်။ ချင်းလူမျိုးအရပ်သားပြည်သူ အယောက် ၁၀၀ ကျော် သေဆုံးခဲ့ရပြီး ချင်းအမျိုးသား တော်လှန်ရေးအဖွဲ့ အယောက် ၂၀ ထက်မနည်းသေဆုံးခဲ့ရသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ထိခိုက်ဒဏ်ရာရရှိသူ ၂၄၀ ဦး ကျော်ရှိသည်။
ထို့ကြောင့် တော်လှန်ရေးကာလ ၄နှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုးအရပ်သားပြည်သူ အယောက် ၂၀၀ ကျော်၊ ချင်းအမျိုးသား တော်လှန်ရေးအဖွဲ့ဝင် အယောက် ၈၀ ကျော် စုစုပေါင်း ချင်းလူမျိုး ၂၈၀ဦး ကျော် သေဆုံးခဲ့ရသည်။ ချင်းလူမျိုးများ၏ လူနေအိမ် အဆောက်အဦး ၁,၃၈၄ ကျော် ပျက်စီးခဲ့ရပြီး ဘာသာရေးအဆောက်အဦး ၃၉လုံး ပျက်စီးကာ အစိုးရအဆောက်အဦး ၄၀ ကျော်ပျက်စီးခဲ့ရသည်။ ထိခိုက်ဒဏ်ရာရရှိသူမှာ ၄၅၀ ကျော်ရှိသည်။ အထက်ပါ လေကြောင်းတိုက်ခိုက်မှုများကို စစ်ကောင်စီမှ လေယာဥ်အစီး ၅၀၀ ကျော်၊ ဗုံးအလုံးရေ ၁,၃၀၀ ကျော်ဖြင့် လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၂၅၀ ကျော် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော လူနေအိမ်၊ ဘာသာရေးနှင့် အစိုးရအဆောက်အဦးများ (ခုနှစ်အလိုက်)
အထက်ဖော်ပြပါ အချက်အလက်များကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီမှ အာဏာသိမ်းယူပြီးနောက် ချင်းလူမျိုး ၉၈၃ဦးကျော် သေဆုံးမှုအနက် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူမှာ ၂၈၀ ကျော်ရှိသည်ကို တွေ့ရသည်။ ရာခိုင်နှူန်းအားဖြင့် ၂၂ရာခိုင်နှုန်းအထိ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရသည်။ ထို့အပြင် တော်လှန်ရေးအဖွဲ့များမှာ ၈၀ကျော်သေဆုံးပြီး အရပ်သားပြည်သူ ၂၀၀ကျော် သေဆုံးကာ အရပ်သားပြည်သူသေဆုံးမှုမှာ ၇၁ရာခိုင်နှုန်းရှိပြီး တော်လှန်ရေးအဖွဲ့ဝင်များသေဆုံးမှုမှာ ၂၉ရာခိုင်နှုန်းသာ ရှိသည်ကို တွေ့ရသည်။ ဤသည်မှာ စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာတွင် အရပ်သားပြည်သူများရှိရာကို ဦးတည်တိုက်ခိုက်နေကြောင်း ထင်ရှားပေသည်။
အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနှင့် ဓလေ့ထုံးတမ်းဥပဒေ ချိုးဖောက်မှုများ
ပဋိပက္ခအတွင်း၌ အရပ်သားပြည်သူများအပေါ် ကာကွယ်မှုပေးရေး (Civilian Protection) သည် အရေးကြီးဆုံးသော အရာတစ်ခုဖြစ်သည်။ ဤကာကွယ်မှုကို အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ (International Humanitarian Law – IHL) နှင့် ဓလေ့ထုံးတမ်းဥပဒေ (Customary International Humanitarian Law) တို့တွင် အဓိကထားကာ ပြဋ္ဌာန်းထားသည်။
IHL နှင့် ဓလေ့ထုံးတမ်း IHL တို့၏ ကွဲပြားချက်
အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ (IHL) သည် ဂျီနီဗာကွန်ဗင်းရှင်း လေးရပ် (၁၉၄၉) နှင့် ၎င်းတို့၏ နောက်ဆက်တွဲသဘောတူညီချက်များ (၁၉၇၇) တို့ကို အဓိကဆိုလိုသည်။ ဤစာချုပ်မူအရ IHL သည် သက်ဆိုင်ရာစာချုပ်များကို လက်မှတ်ရေးထိုးထားသော နိုင်ငံများအတွက်သာ စည်းနှောင်မှုရှိသည်။
ဓလေ့ထုံးတမ်း IHL မှာမူ နိုင်ငံတကာမှ လက်ခံထားသော အလေ့အထနှင့် နိုင်ငံများ၏ တရားဝင်ကျင့်သုံးမှုများမှ ဆင်းသက်လာသော စည်းမျဥ်းများဖြစ်ပြီး၊ စာချုပ်များကို လက်မှတ်ရေးထိုးထားသည်ဖြစ်စေ၊ မရေးထိုးထားသည်ဖြစ်စေ နိုင်ငံအားလုံးအပေါ် စည်းနှောင်မှုရှိသည်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သည် ဓလေ့ထုံးတမ်း IHL ၏ စည်းမျဥ်း ၁၆၁ ခုကို ၂၀၀၅ ခုနှစ်တွင် စုစည်းထုတ်ဝေခဲ့သည်။
ဤဥပဒေနှစ်ရပ်လုံးတွင် တိုက်ပွဲအတွင်းပါဝင်သူများ (စစ်ကောင်စီနှင့် ခုခံတော်လှန်ရေးအဖွဲ့များ) နှင့် အရပ်သားပြည်သူများအကြား အမြဲတစေခွဲခြားရန်၊ အင်အားသုံးစွဲမှုကို အချိုးအစားညီမျှစွာထိန်းသိမ်းရန်၊ လူသားချင်းစာနာမှုအခြေခံမူများ (မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများနှင့် သေဆုံးမှုများကို ရှောင်ရှားရန်)၊ အရပ်ဘက်ဆိုင်ရာ အဆောက်အဦးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦးများကို ကာကွယ်ရန် စသည့်အချက်များကို ရှင်းလင်းစွာ သတ်မှတ်ထားသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်ကောင်စီအကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement – NCA) တွင်လည်း IHL ၏ အခြေခံမူများဖြစ်သော မြေမြုပ်မိုင်းတားမြစ်ရေး၊ ကလေးများကို ကာကွယ်မှုပေးရေး၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးရေးနှင့် လိင်ကွဲပြားမှု တန်းတူရေး စသည့် အချက်များပါဝင်ပါသည်။
ချင်းရေးရာအဖွဲ့ချုပ် (ICA) ၏ စာရင်းဇယားများအရ စစ်ကောင်စီသည် ချင်းအမျိုးသားများအပေါ် လေကြောင်းတိုက်ခိုက်မှု ၂၅၀ ကြိမ်ထက်မနည်း ပြုလုပ်ရာ၌ ချင်းလူမျိုးသေဆုံးသူ ၂၈၀ဦးထက်မနည်းရှိသည့်အနက် ၈၀ဦး (၂၉ရာခိုင်နှုန်း) သာ ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင် ဖြစ်ပြီး ကျန် ၂၀၀ဦး (၇၁ရာခိုင်နှုန်း) သည် အပြစ်မဲ့သာမန်အရပ်သားပြည်သူများဖြစ်ကြသည်။
ဤသည်မှာ စစ်ကောင်စီသည် IHL နှင့် ဓလေ့ထုံးတမ်း IHL နှစ်ရပ်လုံးတွင် ပြဋ္ဌာန်းထားသော အရပ်သားများနှင့် တိုက်ပွဲဝင်စစ်သည်များအကြား ခွဲခြားရမည့်စည်းမျဥ်း၊ အရပ်ဘက်အဆောက်အဦးများနှင့် စစ်ရေးဆိုင်ရာရည်မှန်းချက်များအကြား ခွဲခြားရမည့်စည်းမျဥ်းများကို ရှင်းရှင်းလင်းလင်း ချိုးဖောက်နေခြင်းဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသော ဂျီနီဗာကွန်ဗင်းရှင်းများအရ စည်းနှောင်မှုရှိသော IHL ကိုသာမက၊ မြန်မာနိုင်ငံ လက်မှတ်ရေးထိုးထားသည်ဖြစ်စေ၊ မရေးထိုးထားသည်ဖြစ်စေ လိုက်နာရမည့် ဓလေ့ထုံးတမ်း IHL ကိုပါ ချိုးဖောက်နေခြင်းဖြစ်သည်။
စစ်ကောင်စီသည် ICRC မှ သတ်မှတ်ထားသော ဓလေ့ထုံးတမ်း IHL စည်းမျဥ်းများအနက် အရေးကြီးသော စည်းမျဥ်းများဖြစ်သည့် အချိုးအစားညီမျှရေး၊ တိုက်ခိုက်နေစဥ် ကြိုတင်ကာကွယ်လုပ်ဆောင်မှု၊ အထူးကာကွယ်မှုပေးထားသော လူပုဂ္ဂိုလ်များနှင့် အရာဝတ္ထုများ (ဆေးဘက်ဆိုင်ရာနှင့် ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များနှင့် အဆောက်အဦများ) ကို ကာကွယ်ရေး၊ လက်နက်အသုံးပြုမှုဆိုင်ရာ ကန့်သတ်ချက်များ၊ မီးလောင်စေသော လက်နက်များအသုံးပြုမှု ကန့်သတ်ချက်များ၊ နေရပ်ရွှေ့ပြောင်းသူများအား ကာကွယ်ရေးဆိုင်ရာ စည်းမျဥ်းများ စသည်တို့ကို ထပ်ခါထပ်ခါ ချိုးဖောက်နေသည်ကို တွေ့ရသည်။