November 21, 2024, Comment off
စစ်ကောင်စီမှ အာဏာသိမ်းယူပြီးနောက် ချင်းပြည်နယ်၌ ကုန်စျေးနှုန်းများ ၄ဆထိ မြင့်တက်
Loyal
စစ်ကောင်စီ၏ ဖြတ်လေးဖြတ်ဗျူဟာတွင် တစ်ခုအပါအဝင်ဖြစ်သည့် အခြေခံကုန်စည်များထောက်ပံ့မှုများ ဖြတ်တောက်ခြင်းကြောင့် ချင်းပြည်နယ်ရှိ ဒေသအချို့တွင် အခြေခံကုန်စည်စျေးနှုန်းများ အဆမတန် မြင့် တက်နေကြောင်း တွေ့ရသည်။
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ ကျေးရွာအချို့တွင် ကြက်ဥ ၁ လုံးကို တစ်ထောင်ကျပ်၊ ဆန်တစ်အိတ်လျှင် ၂ သိန်းကျပ်အထိရှိနေကြောင်း ဒေသခံများနှင့် ကုန်စုံဆိုင်ပိုင်ရှင်တချို့ထံမှ သိရသည်။
စစ်ကောင်စီမှ အာဏာသိမ်းယူခြင်းမပြုမီ ချင်ပြည်နယ်တွင် ကာနန်ဧရာမင်း ဆန်တစ်အိတ်လျှင် ၃၅၀၀၀ ကျပ်ရှိခဲ့ရာ လက်ရှိတွင် ကျပ် ၂ သိန်းကျော်အထိ ဈေးပေါက်ပြီး ကြက်ဥ ၁ လုံးလျှင် ကျပ် ၁၀၀ ကျော်သာ ရှိခဲ့ရာမှ လက်ရှိတွင် ၁၀၀၀ ကျပ်အထိ မြင့်တက်သွားကြောင်း၊ ကော်ဖီမစ်အထုပ်ကြီး တစ်ထုပ်လျှင် ၄၅၀၀ ကျပ်ရှိရာမှ လက်ရှိတွင် ၁၈၀၀၀ ကျပ် ပေးဝယ်ရကြောင်း သိရသည်။ (ခိုနူမ်းသုန်သတင်း၊ ၁၈ စက်တင်ဘာလ ၂၀၂၄)
ထိုသို့ ကုန်စည်စျေးနှုန်းများ အဆမတန်မြင့်တက်လာရခြင်းမှာ ဩဂုတ်လတွင် ချင်းပြည်နယ်ကို ကုန်ပစ္စည်းများ သယ်ပို့သည့် ကလေးမြို့ဘက်က ၉ မိုင်ဂိတ်တွင် ဆန်အပါအဝင် အခြေခံစားနပ်ရိက္ခာပစ္စည်းများကို စစ်ကောင်စီဘက်မှ ကန့်သတ်ပိတ်ပင်ထားကြောင်း သိရသည်။ ချင်းပြည်နယ်မှ ပြည်သူလူထုသည် အဓိကအားဖြင့် မကွေး၊ စစ်ကိုင်းတိုင်းဘက်မှ ကုန်ပစ္စည်းများ တင်သွင်းကြရပြီး အိန္ဒိယ ဘက်ခြမ်းမှလည်း အခြေခံစားနပ်ရိက္ခာများ သယ်ယူပို့ဆောင်ဖြည့်တင်းရခြင်းဖြစ်သည်။
ထို့အပြင် ကုန်စည်သယ်ယူရာတွင် လမ်းခရီးခက်ခဲကြန့်ကြာခြင်း၊ စစ်ကောင်စီ၏ အကန့်အသတ်ဖြင့်သာ သယ်ယူခွင့်ပြုခြင်းနှင့် ဒေသခံတော်လှန်ရေးအဖွဲ့များ၏ စစ်ဆေးရေးဂိတ်များပြားလွန်းခြင်းနှင့် အခွန်အခများ အဆမတန်များပြားလွန်းခြင်းတို့ကြောင့် ဖြစ်ကြောင်း ကုန်စည်သယ်ယူပို့ဆောင်ရေး ယာဥ်မောင်းတစ်ဦးက ဆိုသည်။
ဆက်လက်ပြီး ယာဥ်မောင်းက “ကျွန်တော်တို့ ကလေးမြို့ကနေစထွက်ပြီဆိုတာနှင့် ၈မိုင်ကနေစပြီး စစ်ဆေးခံရတယ်၊ အခွန်အခပေးရတယ်။ ဖလမ်းမြို့ ဒါမှမဟုတ် တီးတိန်မြို့ ရောက်တဲ့အထိ အခွန်အခ အနည်းဆုံး ၃ခါတော့ ပေးရတယ်။ ဒါတောင် ကလေးမြို့နှင့် အနီးဆုံးမြို့တွေကို ပြောထားတာပါ၊ နယ်စပ် ရိခေါဒါရ်း ရောက်တဲ့အထိဆိုရင် ဂိတ်ပေါင်း ၅ ခုကျော်ကို ဖြတ်ရတယ်။ ပေးရတာက တစ်သောင်း ကနေသိန်းဂဏန်းအထိ ကုန်ပစ္စည်းပေါ်မူတည်ပြီးပေးနေရတာ။” ဟု ICA သို့ ပြောသည်။
ချင်းပြည်နယ်၏ လူဦးရေး ငါးသိန်းခန့်တွင် ထက်ဝက်ကျော်သည် နီးစပ်ရွာ မြို့၊ ကျေးရွာများ၊ တောတောင်များနှင့် အိန္ဒိယဘက်ခြမ်းတွင် စစ်ဘေးရှောင်နေကြရပြီး အခြေခံစားနပ်ရိက္ခာ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်မှုကြောင့် စစ်ဘေးရှောင်များ ပိုမိုဒုက္ခရောက်နေကြကြောင်း ချင်းအရပ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်။ “ကျွန်တော်တို့ စစ်ဘေးရှောင်များကို လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးဝေရာတွင် တော်တော်လေးဒုက္ခရောက်ရတယ် ၊အဓိကတော့ကုန်းစျေးနှုန်း အဆမတန် မြင့်မားလာတော့ လိုအပ်ချက်တဖြည်းဖြည်း ကြီးမားလာသော်လည်း ကူညီထောက်ပံ့နိုင်မှုလျော့ နဲလာသလိုဖြစ်လာတယ်။ ဥပမာ-ကျွန်တော်တို့ အရင်တုန်းက လူဦးရေ ၁၀၀၀ လောက်ကို ထောက်ပံ့ပေးနိုင်တဲ့အနေအထားကနေ လူ ၅၀၀ လောက်ကိုပဲ ကူညီထောက်ပံ့ပေးနိုင်တော့တယ်” ဟု ICA ၏ လူသားချင်းစာနာထောက်ထားမှု တာဝန်ခံက ပြောသည်။