November 22, 2024, Comment off
အနာဂတ်ချင်းပြည်နိုင်ငံရေးကို နွေဦးတော်လှန်ရေးက ထုဆစ်ပုံဖော်ပေးနိုင်မလား
Zo Reunification Organization (ZORO)၏ ဦးဆောင်မှုဖြင့် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် CC/CNF နှင့် ICNCC/CB တို့ တွေ့ဆုံဆွေးနွေးကြစဥ် (Photo-ZORO)
Salai Kur Bung Bel
မြန်မာ့နွေဦးတော်လှန်ရေးနှင့်အတူ ချင်းတော်လှန်ရေးအင်အားစုတွေနှစ်ရှည်လများ ရည်မှန်းထားတဲ့ ဒီမိုကရေစီ အရေး၊ အမျိုးသားတန်းတူရေး၊ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးတွေဟာစစ်အာဏာသိမ်းပြီး ၃ နှစ်နီးပါးကြာလာချိန်တွင်အခွင့်အလမ်း ကောင်းတွေ နဲ့ ပို၍လမ်းပွင့်လာခဲ့ပါသည်။
ချင်းတော်လှန်ရေး အင်အားစုများဟာ မိမိတို့၏ရပိုင်ခွင့်များကို ရရှိနိုင်ရန်နှင့် ကာကွယ်နိုင်ရန်အတွက် စစ်ကောင်စီကို လက်နက်စွဲကိုင်တော်လှန်နေရင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီပြည်တွင်းပြည်ပ၏ တရားဝင်ထောက်ခံမှုရရှိရေး ကြိုးစားလာကြသည်ကိုလည်းတွေ့လာရသည်။ ချင်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ချင်းပြည်ကောင်စီ ဖြစ်ပေါ်လာရေး သည် ချင်းတော်လှန်ရေးအင်အားစုများ ၏ နှစ်ရှည်အိမ်မက်ဖြစ်နေသည်ကိုလည်း တွေ့ရ သည်။
နိုင်ငံရေးအဖွဲ့ ၂ ဖွဲ့နှင့် ဘက် ၂ ဘက်၏အားပြိုင်မှုပုံစံဖြစ်ပေါ် လာခြင်း
ဤသို့ဖြင့်ချင်းပြည်တွင်ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ( ICNCC) သည်တော်လှန်ရေးကာလ ၃ နှစ်တာ အတွင်းချင်းပြည်သူများကို စည်းစည်းလုံးလုံး ဖြင့်ဦးဆောင်လာရာ ချင်းအမျိုးသား တပ်ဦး(CNF)ဦးဆောင်သည့် Chinland Council ပေါ်ပေါက်လာချိန်မှစပြီး ချင်းပြည်တွင်ချင်းပြည်သူများနှင့်တော်လှန်ရေးအဖွဲ့များအကြား မညီညွတ်မှုများ၊ စိတ်ဝမ်းကွဲမှုများ ၊ ချင်းလက်နက် ကိုင်အချင်းချင်းများအကြားပဋိပက္ခများ ဆိုးဆိုးဝါးဝါး ဖြစ်ပွားလာသည့်အတွက် ICNCC အနေဖြင့်လွန်စွာဝမ်းနည်းရပါသည် ဟု ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၃)ရက်နေ့ တွင်ထုတ်ပြန်ထားသည်။
တစ်ဖက်တွင်ချင်းပြည်ကောင်စီကလည်းချင်းပြည်ကောင်စီ၏ နိုင်ငံရေးဦးတည် ချက်မှာ တိုင်းရင်းသား လူမျိုးအားလုံးရဲ့ အမျိုးသားတန်းတူရေး ၊ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးတွေကိုအာမခံချက်ပေးနိုင်သည့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဖြစ်သည်ဟု ဆိုထားသည်။ (Zalen News ;20 ,Jul,2024)
CC၊ CNF ကချင်းလက်နက်ကိုင်အဖွဲ့တွေကို ချင်းကာကွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားမှုခေါင်းစဥ် အောက်မှသွားဖို့ ပြင်ဆင်နေသကဲ့သို့ICNCC ၊ CB တို့ကလည်းချင်းကာကွယ်ရေးကော်မတီကိုဖွဲ့စည်းထားသည်။ (Khonumthung News ;26,Jan,2024)
မတူပီဒေသ၏လက်ရှိအခြေအနေနဲ့ နိုင်ငံရေးရေချိန်
ချင်းပြည်နယ်၊မတူပီမြို့ကို ချင်းညီနောင်နှင့်မဟာမိတ်တပ်ဖွဲ့များမှ ဇွန်လ ၂၉ ရက်နေ့တွင်အပြီးသတ်သိမ်း ပိုက်နိုင်ခဲ့ပြီးနောက် မတူပီမြို့အုပ်ချုပ်ရေးလည်ပတ်နိုင်စေရန်အတွက် ဇူလိုင် ၂၀ ရက်မှစတင်ပြီး ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ စတင်နေပြီဖြစ် ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၆ ရက်နေ့တွင်ထုတ် ပြန်ထားသည်။ထိုထုတ်ပြန်ချက်တွင် မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(အဟောင်း)ကို ၂၀၂၂ ခုနှစ်၊အောက်တိုဘာလ (၅/၆) ရက်နေ့တွင်စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၃ခုနှစ်အောက်တိုဘာလ (၅/၆)ရက်နေ့ တစ်နှစ်အကြာတွင် သက်တမ်း ကုန်ဆုံးပြီ ဖြစ်သည်ဟုဖော်ပြထားသည်။
မတူပီပြည်သူ့အုပ်ချုပ်ရေး ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ပြည်သူ့အုပ်ချုပ်ရေးပြန်ကြား ရေး တာဝန်ခံတစ်ဦး၏ ပြော ဆိုမှုကို ကိုးကားပြီး အစည်း အဝေးတက်ရောက်သူ ၄၃ ဦး၊ ကော်မတီ၁၂ခု၊တပ်မဟာ ၁ ထိန်းချုပ် နယ်မြေ၊တိုက်နယ် ၄ ခုဖြင့်ဖွဲ့ စည်းထားပြီးမူရင်း NUG၊ ICNCC၊ CB နိုင်ငံရေးလမ်းစဥ်အတိုင်း ပြန်လည်ဖွဲ့ စည်းထားခြင်းဖြစ်ကြောင်း ဇူလိုင်၂၇ရက်နေ့သတင်းတွင်ရေးသားထားသည်။သို့ရာတွင်ချင်းလဲန်းကောင်စီ (CC) အဖွဲ့ ဝင်ဖြစ်သည့်CDF-မတူပီ၊ တပ်မဟာ-၂ ၏မတူပီမြို့နယ်အတွင်းထိန်းချုပ်နယ်မြေများတွင်ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများ ကိုဖော်ဆောင်နိုင်မည် မဟုတ်ကြောင်းသိရသည်။
CDF-မတူပီသည်ချင်းတော်လှန်ရေးအင်အားစုများအကြားတွင် ချင်းလဲန်းကောင်စီ (CC)နဲ့ CBအဖြစ်နိုင်ငံရေးသဘောထား ကွဲလွဲပြီးနောက်၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ တွင်CDF-မတူပီ၊တပ်မဟာ-၁နှင့်တပ်မဟာ-၂ အဖြစ်ကွဲသွားခဲ့သည်။(Khonumthung News ;29,31July,2024)
လက်ရှိချင်းနိုင်ငံရေးကို ဦးဆောင်နိုင်ရန်ကြိုးစားနေသည့်အဖွဲ့ ၂ ဖွဲ့ (သို့မဟုတ်) ICNCC နှင့် CC
ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ( ICNCC) သည် နွေဦးတော်လှန်ရေးနှင့်အတူ ပေါက်ဖွားလာပြီး National Unity Government (NUG)၏ဖယ်ဒရယ်ဒီမိုကရေစီပဋိညာဥ် အစိတ်အပိုင်း (၂) ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာအစီအမံ၊အခန်း(၈)အ ပိုဒ် (၅၂) အရဖွဲ့စည်းထားသည့် တစ်ခုတည်းသော တရားဝင် ချင်းပြည်နယ် ကိုယ်စားပြုဖယ်ဒရယ်ယူနစ် အဖြစ်ရပ်တည် သည့်ကောင်စီဖြစ်ပါသည်။ ထို့ကြောင့် ဖယ်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်အရ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ( ICNCC) ကသာလျှင် ချင်းပြည်အစိုးရကို ဖွဲ့စည်းပိုင်ခွင့်ရှိသည်။
ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)စတင်ဖွဲ့စည်းချိန်မှစပြီး အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) ၊အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)နှင့်အ ခြားသောအဖွဲံအစည်းများနှင့်လည်း တော်လှန်ရေးအောင်မြင်နိုင်ရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ယနေ့အချိန်ထိပူးပေါင်း၍ အတူတကွ ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။ (ICNCC၏ ၂၀၂၄ ခုနှစ်၊ ဖေဖေါ် ဝါရီလ(၃)ရက်နေ့ထုတ်ပြန်ချက်)
ချင်းအမျိးသားတပ်ဦးCNA/CNF ဦးဆောင်သည့်ပထမအကြိမ်ချင်းပြည် (Chinland) ကောင်စီညီလာခံကို၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့မှ(၇)ရက်နေ့အထိ မီဇိုရမ် နယ်စပ် တစ်နေရာရှိ CNA/CNFစခန်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ညီလာခံသို့ ချင်းအမျိုးသားတပ်ဦးမှကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပဧည့်သည်တော်များ၊ စုစုပေါင်း(၂၃၅)ဦး တက်ရောက်ခဲ့ ကြောင်း သိရပါသည်။
ချင်းပြည် (Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေကို CNA/CNF ဦးဆောင်သည့် ချင်းပြည် (Chinland) ကောင်စီညီလာခံက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက်နေ့၊နံနက် ၁၁း၃၃ နာရီတွင်ညီလာခံတက်ရောက်သူ ကိုယ်စားလှယ်များက အတည်ပြုခဲ့ပါသည်။ ချင်းပြည် (Chinland)ကောင်စီကိုလည်း ချင်းပြည် (Chinland)ကောင်စီညီလာခံက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက်နေ့၊ မွန်းလွဲပိုင်း ၁၃း၂၇ နာရီတွင် အတည်ပြု ဖွဲ့စည်း ပေးခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ သို့သော် ICNCC ဘက်ကမူ ဤ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ချင်းပြည် (Chinland)ကောင်စီကို ထေက်ခံခြင်း မရှိပါ။
ချင်းပြည် (Chinland)ကောင်စီ၏အဓိကရည်မှန်းချက်ပန်းတိုင်များမှာ-
(က)အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသော ချင်းပြည် (Chinland)တည်ဆောက်ရန်၊
(ခ)နိုင်ငံရေးနှင့်အမျိုးသားတန်းတူရေး အာမခံချက်ရှိသော ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်၊
(ဂ)ဒီမိုကရေစီစနစ်တည်ဆောက်ရန်၊တို့ဖြစ်ကြောင်းချင်းလဲန်းကောင်စီ CC ၏ ၂၀၂၃ခုနှစ်၊ဒီ ဇင်ဘာ(၇ )ရက်နေ့ထုတ်ပြန်ချက် တွင်ရေးထားသည်။
မဟာမိတ်ဖွဲ့ခြင်းနဲ့စိုးမိုးထိန်းချုပ်နယ်မြေဒေသအပြိုင်ချဲ့ထွင်လာခြင်း
ချင်းအမျိုးသားတပ်ဦး/တပ်မတော်(CNF/CNA)ဦးဆောင်မှုဖြင့်ဖွဲ့စည်းထားသည့်ချင်းလဲန်းကောင်စီ တွင် CNA, CDF- Matupi Brig.2 ,CDF-Lautu,CDF-Zotung, CDF-Paletwa, CDF-Hualngo, CDF-Tonzang, CDF- Hakha,CDF-Thantlang, CDF-KKG,CDF-Dai,CDF-Zophei,CDF/CDM-SIYIN နှင့် PDA-Tedimစသည့်အဖွဲ့ များပါဝင်ထားသည်။
တစ်ဖက်တွင် CNF နှင့်လွှတ်တော်ကိုယ်စားလှယ်တချို့မှဦးဆောင်သည့် ချင်းပြည်ကောင်စီညီလာခံသည် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသည့်အပြင် ချင်းအမျိုးသားတစ်ရပ်လုံး၏ စည်းလုံးညီညွတ်ရေးကိုကိုယ်စားပြုနိုင်မည်မဟုတ် သောကြောင့် ဟုဆိုကာ ချင်းညီနောင်အ ဖွဲ့(CB) ကို ၂၀၂၃ ခုနှစ်,ဒီဇင်ဘာ ၃၀ ရက်နေ့တွင်ဖွဲ့စည်းလိုက်သည်။ ချင်းညီနောင်အဖွဲ့တွင်ချင်း အမျိုးသားကောင်စီ(မင်းတပ်) ၊ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)၊ ဇိုမီးဖယ်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းကာကွယ်ရေးတပ် ကန်ပက်လက်(CDF-Kanpalet)၊ ချင်းလဲန်းကာကွယ်ရေးတပ်(မတူပီ )တပ်မဟာ-၁ (CDF-Matupi Brig.1) နှင့် မရာ နယ်မြေ အုပ်ချုပ် ရေး ကောင်စီ ( MTC) ဆိုသည့်အဖွဲ့ ၆ ဖွဲ့ပါဝင်ထားပြီ၊းမဟာမိတ်များအနေဖြင့် အာရက္ခတပ်တော် (AA)နှင့်Yaw Defence Fore တို့ဖြင့်အားဖြည့်ထားသည်။
လက်ရှိချင်းပြည်နယ်တွင်စစ်တပ်စွန့်ခွာသည့်မြို့များနှင့်ချင်းတော်လှန်ရေးအင်အားစုများမှ သိမ်းပိုက် ထားသည့် မြို့ ၁၃ မြို့ရှိထားပြီးဖြစ်ကာ ချင်းပြည်ကောင်စီ၏ ဦးဆောင်မှုဖြင့်ကျီခါး(Cikha)မြို့၊ တွန်းဇံ(Tonzang)မြို့၊ ရိဒ်ခေါဒါရ် (Rihkhawdar)မြို့၊ရေဇွာ(Rezua)မြို့နှင့် လိုင်လဲင်းပီ(Lailenpi)မြို့ များကိုသိမ်းပိုက်ရရှိထားသည်။
ချင်းညီနောင်အဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်ဒွေးKyindwe)(မြို့ ၊မကွီအိမ်နူး M’kuiimnu)(မြို့နှင့် မတူပီ(Matupi)မြို့တို့ကို သိမ်းပိုက်ရရှိထားသည်။ အဆိုပါမြို့များတွင် အုပ်ချုပ်ရေးအစီအမံများတည်ဆောက်ရာတွင် ချင်းတော်လှန်ရေးအဖွဲ့ အချင်း ချင်း ကြားတွင်ပဋိပက္ခ ကြီးထွားလာကာ ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွားရသည်အထိ ဆိုးဝါးလာသည်ကို တွေ့ရသည်။
အိန္ဒိယ-မြန်မာနယ်စပ်နှစ်ဖက်ဒေသများအထိပျံ့နှံ့လာသည့် နိုင်ငံရေးနှင့် လူမှုရေး ရှုပ် ထွေးလာမှုများ
CC နဲ့ CB ကြားအားပြိုင်မှုသည် ချင်းပြည်နယ်တောင်ပိုင်း စစ်ကောင်စီ၏စစ်ဗျူဟာကွပ်ကဲမှုစခန်း အခြေစိုက်ရာမြို့ ဖြစ်သည့် မတူပီမြို့ကို ချင်းညီနောင်အဖွဲ့နှင့်၎င်းတို့၏မဟာမိတ်ဖြစ်သော အာရက္ခတပ်တော် (AA)နှင့်Yaw Defence Force တို့မှမြို့သိမ်းတိုက်ပွဲစတင်ယှည်နွှဲလာသည့်အချိန်တွင် ပိုမိုပြင်းထန်လာသည်ကို တွေ့ရသည်။ CC ကိုထောက်ခံ သည့်CDF-မတူပီ၊ တပ်မဟာ-၂ နှင့်CNA/CNFပူးပေါင်းအဖွဲ့က CB နှင့် မဟာမိတ်အဖွဲ့များကို နောက်ကျောဘက်မှပစ် ခတ်တိုက်ခိုက်ခဲ့သည်ဟု CDF-မတူပီ၊ တပ်မဟာ-၂ကပြောဆိုထားသည်။
ဤထိတွေ့မှုဖြစ်ပွားပြီးနောက် CDF-မတူပီ၊ တပ်မဟာ-၂ ထောက်ခံသူလူမျိုးတူ အများစုနေထိုင်ရာ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်(Lawngtlai)ခရိုင်ရှိ Central Young Lai Association(CYLA) မှ ချင်းလူမျိုးများကို ပစ်ခတ်တိုက်ခိုက်ရာတွင် အင်အားတည်ဆောက်ရေး နှင့် ရိက္ခာအတွက် အာရက္ခတပ်တော် (AA) က အသုံးပြုသည် ဟု အကြောင်းပြကာ လောင်တလိုင် ခရိုင်မှတဆင့် ချင်းပြည်နယ်ဘက်သို့ဆက်သွယ် ထားသော ကုလားတန် ဘက်စုံဖွံ့ ဖြိုးရေး စီမံကိန်းလမ်းနှင့်အခြားသော နယ်စပ်လမ်းကြောင်းများအားလုံးတွင် စစ်ဆေးရေးဂိတ်များ ထားရှိကာ ဇွန် လ ၂၄ ရက်တွင် ပိတ်ပင်လိုက်သည်။ (Khonumthung News ;18,Jul,2024)
ထို့နောက်ချင်းညီနောင်နှင့်မဟာမိတ်တပ်များဖြစ်သော အာရက္ခတပ်တော်(AA)နှင့် Yaw Defence Force တို့မှမတူပီမြို့ကို ဇွန်လ ၂၉ ရက်နေ့တွင် အပြီးသိမ်းပိုက်နိုင်ခဲ့သည်။ မတူပီမြို့ အုပ်ချုပ်ရေး လည်ပတ်နိုင်စေရန်အတွက် ဇူလိုင် ၂၀ ရက်မှစတင်ပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ စတင်နေပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ကဇူလိုင်၂၆ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ဤတွင်ချင်းလဲန်းကောင်စီကို ထောက်ခံသောမတူပီ၊ တပ်မဟာ-၂ နှင့် အဖွဲ့များကလူမျိုးရေး ပြသနာ အဖြစ်ဖန်တီးကာချင်းညီနောင်၏ မဟာမိတ်ဖြစ်သော အာရက္ခတပ်တော်(AA)ကိုချင်းပြည်နယ်မှ ထွက်ခွာရန် ဖိအားပေး လာသည်။
ပြည်တွင်းအရေးကိုပြည်တွင်း၌သာအချင်းချင်းပြေလည်အောင်ဆွေးနွေးအဖြေရှာမည်
ဤသို့ဖြင့်မတူပီမြို့တွင် ICNCC ၊ CB ကိုထောက်ခံသောမတူပီ၊ တပ်မဟာ-၁နှင့်အဖွဲ့များမှ မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းကာပြည်သူ့အုပ်ချုပ်ရေး အစီအမံများစတင်လာသည်။ ထိုအချိန်တွင် မတူပီ၊ တပ်မဟာ-၂ထောက်ခံသူ၈၀% ခန့်နေထိုင် ရာအိန္ဒိယနိုင်ငံ ၊မီဇိုရမ်ပြည်နယ်၊ လောင်တလိုင် (Lawngtlai)ခရိုင်အတွင်းရှိချင်း စစ်ဘေးရှောင်အချို့ မှသြဂုတ်လ၁၀ရက်နေ့ တွင်ချင်းပြည်နယ်မှ AA ထွက်ခွာပေးရန် ၊ ချင်းပြည်ကောင်စီကို ထောက်ခံသည်၊ စသည့်ပိုစတာများကို ကိုင်စွဲကာ ဆန္ဒပြမှုဖြစ်ပေါ် လာခဲ့သည်။ (Lawngtlai စခန်းခေါင်းဆောင်၏ပြောဆိုမှု)
CDF-Matupi တပ်မဟာ(၂) supporting Committee (India) ဦးဆောင်မှုဖြင့် သြဂုတ်လ ၁၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊လောင်တလိုင် (Lawngtlai) ခရိုင်အတွင်းရှိ ချင်းစစ်ဘေးရှောင်အချို့မှ ချင်း ပြည်နယ် ကနေ အရက္ခတပ်တော် (AA) ထွက်ခွာပေးရန် ဆန္ဒဖော်ထုတ်ကြသည်။ဆန္ဒပြသူများက ချင်းပြည်နယ်မှ AA ထွက်ခွာပေးရန် ၊ ချင်းပြည်ကောင်စီကို ထောက်ခံသည် ၊ စသည့် ပိုစတာများကို ကိုင်စွဲလှုံ့ ဆော်ထားသည်ကိုလည်း တွေ့ရသည်။ (Zalen News ;10 Aug,2024)
သြဂုတ်လ ၁၀ ရက်နေ့ လောင်တလိုင် ဆန္ဒပြသည့် ဖြစ်စဥ်နှင့်ပတ်သက်၍ ချင်းညီနောင် (CB )၏လက်ရှိအထွေထွေ အတွင်းရေးမှူး ဆလိုင်းတီမီ(Timmy) မှ “မတူပီမြို့ထဲကိုပြည်သူတွေပြန်ဝင်လို့ရအောင် တပ်မဟာ-၁ကဆောင်ရွက်နေတာ သာဖြစ်ပါတယ်၊အခုပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဖွဲ့စည်းနေတာသည်အုပ်ချုပ်ရေး အာဏာကို CB နဲ့တပ်မဟာ- ၁ ထံတွင် ရှိဖို့ရည်ရွယ်တာမဟုတ်ဘူး၊အုပ်ချုပ်ရေးအာဏာဟာပြည်သူ့လက်ထဲမှာပဲရှိမှာပါ၊မယုံရင်စောင့်ကြည့်ပါ၊အာမခံတယ်၊ မရှိဘူး ဆိုမှဆန္ဒပြပါ၊လက်ခံတယ်။ အခုလိုသူများနိုင်ငံမှ ဆန္ဒပြတာကတော့ တစ်ဖက်နိုင်ငံအတွက်လည်း မကောင်းဘူး၊ ပြသနာကို လက်နက် ကိုင်လမ်းစဥ်နဲ့မဟုတ်ပဲ ပြည်တွင်း မှာနိုင်ငံရေးနည်းနဲ့ အဖြေရှာဆွေးနွေးကြမည်၊ အမြဲတမ်းအဆင်သင့်ပါပဲ” ဟု ICA ကိုပြောသည်။
သူများနိုင်ငံမှာညီညွတ်မှုကိုပြသမယ့်အစားCCနဲ့CBထောက်ခံသူကြားမှာအပြိုင်အဆိုင် ဆန္ဒပြကြမှာကိုမလိုလား
“ချင်းပြည်နယ်မှ AA ထွက်ခွာပေးပါ ၊ ချင်းပြည်ကောင်စီကိုထောက်ခံသည်၊ ” စသည့်ပိုစတာ များကိုကိုင်စွဲပြီး CCထောက်ခံ သူများ၏လောင်တလိုင်ဆန္ဒဖော်ထုတ်ပွဲနဲ့ ပတ်သက်၍ဆလိုင်းဒိုခါရ် (India for Myanmar) ကလည်း“ယခုလူမျိုး သူများနိုင်ငံမှာဒုက္ခသည် ၅ သောင်းကျော်လောက်နေထိုင်ရပြီး၊ လက်ခံပေးတဲ့ မီဇိုရမ် ပြည်နယ်ကိုတောင်အားမနာဘဲ၊ အချင်းချင်းစည်းလုံးညီညွတ် နေကြောင်း ပြသမယ့်အစား CC နဲ့ CB ထောက်ခံတဲ့အဖွဲ့ ၂ ဖွဲ့အဖြစ်ကွဲပြားနေတဲ့အကြောင်း၊ ပြသသလိုဖြစ်နေပြီး၊ ယခုလို CC ထောက်ခံသည့်အဖွဲ့များမှဆန္ဒဖော်ထုတ်သလို ချင်းညီနောင်(CB)ထောက်ခံတဲ့အဖွဲ့များမှ နောက်တစ်ခါဆန္ဒပြပွဲပြန်ပေါ်ပေါက်လာ တာမျိုး ကို လည်း မဖြစ်စေချင်ဘူး” ဟု Freeland သတင်းဌာနနဲ့ အင်တာဗျူး တွင် ဖြေကြားထားသည်။
ချင်းတော်လှန်ရေးအင်အားစုများအနေဖြင့် အာရက္ခတပ်တော် (AA) အား မဟာမိတ်ဖွဲ့ဖို့လို
ချင်းအမျိုးသား တော်လှန်ရေးအင်အားစုများနှင့်ခေါင်းဆောင်များအနေဖြင့် အင်အားပိုမိုတောင့်တင်းအောင်ပြုလုပ်ရာတွင် စည်းလုံးညီညွတ်မှုဖြင့် စုဖွဲ့မှုအားကောင်းအောင် ပြု လုပ်ရမှာဖြစ်ကြောင်းနဲ့ အာရက္ခတပ်တော်(AA)ကိုလည်း မဟာမိတ်ဖွဲ့ရန် လိုအပ်ကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးလာလ်ဒုအောမ်မာ(Pu Lalduhawma)ကစက်တင်ဘာ ၄ ရက် အမေရိကန်နီုင်ငံ အင်ဒီယာနာပိုးလစ်( Indianapolis)ချင်းပြည်သူများနှင့် တွေ့ဆုံနေစဥ်တွင်ပြောဆိုသွားသည်။ကျွန်တော်တို့ ချင်းပြည်သူများအ နေဖြင့် အင်အားပိုမိုကြီးမားပြီး နယ်နိမိတ်ချင်းထိစပ်နေသည့် အာရက္ခတပ်တော်(AA) အားရန်သူလိုသဘောထားပါက မိမိတို့ (ချင်းအမျိုးသား)များအတွက် အန္တရယ်ရှိကြောင်းကိုလည်း သတိပေးပြောဆိုသွားသည်။
ဘက်နှစ်ဘက်စလုံးမှ ခေါင်းဆောင်များ စာပွဲဝိုင်းတွင်ဆွေးနွေးအဖြေရှာကြရန် ချင်းလူထုကလိုလား
ချင်းပြည်တွင် ချင်းတော်လှန်ရေးအဖွဲ့ အချင်းချင်းကြား ဖြစ်ပွားနေသည့် လက်ရှိပဋိပက္ခများဖြေရှင်းနိုင်ရေးကို ချက်ချင်းဆောင်ရွက်သင့်သည် ဟုချင်းလူထု စစ်တမ်းတွင် ဖြေဆိုသူ ၈၈ ရာခိုင်နှုန်းကပြောကြောင်း ချင်းလူထုစစ်တမ်းကို ကောက်ယူသည့် Chin Civic Movement-CCM က သြဂုတ်လ ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။
အပြန်အလှန်တန်းတူအသိအမှတ်ပြုမှုဖြင့် ပဋိပက္ခဖြေရှင်းနိုင်ရေးကို ဘက်နှစ်ဘက် စလုံးမှခေါင်းဆောင်များ စားပွဲဝိုင်း တွင်ပွင့်လင်းစွာဆွေးနွေးရန် ၊နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာကြရန် ချင်းလူထုကလိုလား လျက်ရှိကြောင်းလည်း စစ်တမ်းတွင် ဖော်ပြထားသည်။မြို့သိမ်းတိုက်ပွဲများအပြီး နေရပ်ပြန်လည်အခြချရန် မဖြစ်နိုင်မည် ကို စစ်တမ်း ဖြေဆိုသူ ၈၅ ရာခိုင်နှုန်းကစိုးရိမ်နေကြသကဲ့သို့ ချင်းအဖွဲ့များအကြား ညှိနှိုင်းမရဘဲအချင်းချင်းကြား တိုက်ပွဲကြာရှည်မည် ကိုစိုးရိမ် နေကြကြောင်း လည်းစာတမ်းတွင်ရေး သားထားသည်။
ချင်းလူထုစစ်တမ်းကိုပြည်တွင်းပြည်ပတွင် ရောက်ရှိနေကြသည့် အနယ်နယ်အရပ်ရပ်မှချင်းလူမျိုး ၁၀၀၀ ကျော် ၏သဘောထားကို ဖော်ပြနိုင်သောကြောင့်ချင်း လူထု၏အမြင်သဘောထားတစ်ခု ဖြစ်ကြောင်း CCM တာဝန်ရှိသူများ ကပြော ထားသည်။
Zo Reunification Organization (ZORO) ဦးဆောင်မှုဖြင့် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ချင်းပြည်အစိုးရအဖွဲ့၊ ချင်းအမျိုးသားတပ်ဦး CNF နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC/ချင်းညီနောင် CB အဖွဲ့တို့ ၂၁ စက်တင်ဘာ ၂၀၂၄ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အချက် ၅ ချက်ကို ကနဦးသဘောတူညီမှုရရှိကြသည်ဟု ZORO က ထုတ်ပြန်ထားသည်။
အထက်တွင်ရေးသားဖော်ပြပါရှိသည့် အကြောင်းအရာနှင့် ဖော်ပြချက်များအရ ချင်းတစ်မျိုးသားလုံး၏ တော်လှန်ရေး အိမ်မက်မှာ ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် တိုင်းရင်းသားလူမျိုးများအားလုံး အမျိုးသားတန်းတူရေးကို အာမခံချက်ပေးနိုင်သည့် အခြေခံဥပဒေ နှင့် ဖယ်ဒရယ်ဒီမိုကရေစီစနစ်ဖြစ်သည်မှာ ထင်ရှားပေါ်လွင်လှပါသည်။ သို့ဖြစ်ပါ၍ ချင်းတော်လှန်ရေးနှင့် နိုင်ငံရေးကို ဦးစီးဦးဆောင်ပြုသည့် အဖွဲ့အစည်း ၊လူပုဂ္ဂိုလ်များ အနေနဲ့ ယခုလိုမြန်မာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အာဏာရှင်စနစ်ကိုအမြစ်ဖျက်တော်လှန်သည့် နွေဦးတော်လှန်းရေးကို အခွင့်ကောင်းယူ၍ ချင်းပြည်သူလူထုအားလုံး၏ ဆန္ဒကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့ စည်းလုံးညီညွတ်သည့် နိုင်ငံရေးအဖွဲ့ ဖြစ်ထွန်းပေါ်ပေါက်လာမည်ဟု ချင်းပြည်သူများမှ ယုံကြည်မျှော်လင့်လျက်ရှိပါ သည်။