February 18, 2025, Comment off

ချင်းရေးရာအဖွဲ့၏ ၂၀၂၄ခုနှစ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုများ

နိဒါန်း

ချင်းရေးရာအဖွဲ့(ICA)အနေဖြင့်၂၀၂၁ခုနှစ်မှစ၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုအနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို စဥ်ဆက်မပြတ်လုပ်  ဆောင်လျက်ရှိပါသည်။ ထိုအထဲမှ ၂၀၂၄ခုနှစ်အတွင်း ချင်းရေးရာအဖွဲ့ (ICA) ၏ဝန်ဆောင်မှုများကိုဖော်ပြအပ်သည်။

ပညာရေးထောက်ပံ့မှုများ

ချင်းရေးရာအဖွဲ့(ICA)အနေဖြင့် ၂၀၂၂ခုနှစ်၊ ဇွန်လမှစ၍ စစ်ဘေးဒုက္ခသည်အများစုနေထိုင်သော India နိုင်ငံ Mizoram ပြည်နယ်, Zokhawthar ရွာရှိ စာသင်ကျောင်းများသို့ ကျောင်းဆရာ/ဆရာမ မလုံလောက်မှုများကြောင့် ဆရာ/ဆရာမ ၆ဦးကို ငှားရမ်းပေးခဲ့သည်။ ထို့အပြင် Uilui Refugee Camp ရှိ Ebenezer Community School ကို ၂၀၂၃ခုနှစ်၊ ဇွန်လမှ ထောက်ပံ့ဖွင့်လှစ်ထားရာ ဆရာ/ဆရာမ ၁၀ဦးဖြင့် စစ်ဘေးဒုက္ခသည် ကျောင်းသူကျောင်သားများ၏ ပညာရေးထောက်ပံ့မှုများကို ဆက်လက်ပြုလုပ်ပေးလျက်ရှိသည်။

၂၀၂၄ခုနှစ်အတွင်း Mizoram ရှိ စစ်ဘေးဒုက္ခသည်ကျောင်းသူကျောင်းသားများ၏ လိုအပ်ချက်များဖြစ်သော စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများနှင့် စာသင်ဆောင်များပြန်လည်ပြုပြင်ခြင်း၊ အသစ်တိုးချဲ့ ဆောက်လုပ်ပေးခြင်းနှင့် ကျောင်းသုံးအိမ်သာများဆောက်လုပ်ပေးခြင်းများကိုလည်း ပြုလုပ်ပေးခဲ့သည်။ အဆိုပါထောက်ပံ့မှုများကို Lunglei, Aizawl, Uilui, Zokhawthar, Zote, Lawngtlai စသည့်နေရာများရှိ စစ်ဘေးဒုက္ခသည် ကျောင်သား အယောက် ၅,၀၀၀ ကျော်အား  ကူညီထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ချင်းပြည်နယ်အတွင်းရှိ တောင်ပိုင်းနှင့်မြောက်ပိုင်းမြို့နယ်တစ်ချို့များတွင် (လုံခြုံရေးအရ နေရာဒေသများကို ဖော်ပြခြင်းမပြုပေ။)ပညာ‌သင်ကြားရာ၌လိုအပ်သည့် မြန်မာကျပ်ငွေသိန်း ၁,၅၀၀ကျော် တန်ဘိုးရှိ သင်ထောက်ကူပစ္စည်းများ၊ ကျောင်းသုံးစာရေးကိရိယာများကို လိုအပ်သော ရွာများသို့ အရောက် ပို့ဆောင်ပေးခဲ့သည်။

စစ်ဘေးဒုက္ခသည်ကျောင်းသူကျောင်းသားများအတွက် သင်ထောက်ကက်ကူပစ္စည်းများ ၀ေပေးနေစဉ် (November 2024)

၂၀၂၃ အောက်တိုဘာလမှစ၍ ၂၀၂၄အောက်တိုဘာလအထိ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ ကျောင်းသူ ကျောင်းသား အယောက် ၆,၀၀၀ ကျော်အတွက် ဆရာ/ဆရာမ အယောက် ၅၅၀ ကျော်ကို ထောက်ပံ့ပေးနိုင်ခဲ့သည်။ ဆက်လက်ပြီး ၂၀၂၄ခုနှစ်၊ ဇူလိုင်လမှစ၍ အိန္ဒိယနိုင်ငံတွင် ပညာသင်ကြားနေသော တက္ကသိုလ် ကျောင်းသူကျောင်းသား ၁၄ယောက်ကို ထောက်ပံ့ပေးလျက်ရှိသည်။

ကျောင်းဆရာ/ဆရာမများနှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန်၊ ချင်းပြည်နယ်နှင့် မီဇိုရမ်ပြည်နယ် များတွင် မွမ်းမံသင်တန်းများကိုလည်း ၂၀၂၄ခုနှစ်အတွင်း ၁၀ကြိမ်ပြုလုပ်ပေးခဲ့သည်။
ထို့အပြင်မြန်မာဒုက္ခသည်မိဘများ၏ တောင်းဆိုမှုကြောင့် နိုဝင်ဘာ(၉)ရက်နေ့မှ စတင်ပြီး အိုင်ဇောလ်မြို့တွင် မြန်မာစစ်ဘေးဒုက္ခသည်ကလေးများ (အသက် ၆-၁၃နှစ်) အတွက် မြန်မာ/ချင်းဘာသာသင်    ကြားခြင်း(၁)နှစ်သင်တန်းကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိပါသည်။

ချင်းရေရာအဖွဲ့(ICA)နှင့်မီဇိုရမ်တက္ကသိုလ်(MZU)တို့ ပူးပေါင်း၍ အောက်တိုဘာ၊၂၀၂၂ ခုနှစ်မှစတင်ဖွင့်လှစ် ခဲ့သည့် မြန်မာဘာသာ/စကားပြော(၁)နှစ်သင်တန်း၊ ပထမအသုတ်(၂၀၂၂-၂၀၂၃ ခုနှစ်)နှင့် ဒုတိယအသုတ် (၂၀၂၃-၂၀၂၄ ခုနှစ်)ကိုလည်း သင်ကြားပို့ချပေးနိုင်ခဲ့သည်။

ကျန်းမာရေးစောင့်ရှောက်မှု

ချင်းရေးရာအဖွဲ့အနေဖြင့် ၂၀၂၂ခုနှစ်၊ မေလမှစ၍ စစ်ဘေးဒုက္ခသည်အများစုနေထိုင်သော အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်  Zokhawthar ရွာတွင် Lailun Medical Centre ကို စတင်ဖွင့်လှစ်ပြီး စစ်ဘေးဒုက္ခသည်များ၏ ကျန်းမာရေးလိုအပ်ချက်များကို စဥ်ဆက်မပြတ်စောင့်ရှောက်ပေးလျက်ရှိသည်။ ထို့အပြင် Aizawl District နှင့် Champhai District ရှိ စစ်ဘေးဒုက္ခသည်စခန်းများသို့ ရွှေ့လျားဆေးကုသမှုများကိုလည်း လုပ်ဆောင်ပေးလျက်ရှိသည်။

၂၀၂၂ခုနှစ်မှစ၍ Lailun Medical Centre ၌ ယနေ့အချိန်အထိ စစ်ဘေးဒုက္ခသည်များကို နေ့စဥ် (Monday – Friday) အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကာ အ‌ရေးပေါ် ခွဲစိတ်ကုသမှုများကိုလည်း စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ချင်းရေးရာအဖွဲ့နှင့် မိတ်ဖက်အဖွဲ့များမှ Zokhawthar ရွာရှိ စစ်ဘေးဒုက္ခသည်များထံသို့ Mizoram ရှိ ဆရာဝန်များနှင့်အတူ လူဦးရေ ၆၄၀ကျော်ကို Lailun Medical Centre ၌ ဆေးကုသပေးခဲ့ပြီး မျက်စိအထူးကုဆရာဝန်များ၏ လုပ်အားဒါနအလှူနှင့် ပစ္စည်းစရိတ်မျာအား ချင်းရေးရာအဖွဲ့(ICA)နှင့် မိတ်ဖက်      အဖွဲ့များ၏ငွေကြေးပံ့ပိုးမှုဖြင့် အခမဲ့မျက်စိခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရာ လူနာ ၄၅ဦးကိုကုသပေး နိုင်ခဲ့သည်။

ထို့အပြင် India နိုင်ငံ New Delhi မြို့ တွင် ဆေးဝါးကုသမှုခံယူသူများ တည်းခိုနိုင်ရန် Lailun Centre ဧည့်ရိပ်သာ ကိုငှားရန်းပေး နိုင်ခဲ့သည်။

ICAမှ ဖွင့်လှစ်သည့်ဆေးခန်းနှင့် ရွှေ့လျားဆေးကုသမှုများတွင် ကုသမှုခံယူနေကြသည့် လူနာများ (September, 2024)

ဆက်လက်ပြီး ၂၀၂၃ခုနှစ်မှစ၍ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ India-Myanmar နယ်စပ် တစ်နေရာတွင် Lailun Hospital ကိုဖွင့်လှစ်နိုင်ခဲ့ကာ ၂၀၂၄ခုနှစ်အတွင်း လူနာ ၃,၅၀၀ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပြီး  စဥ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည်။

၂၀၂၄ခုနှစ်၊ ဧပြီလမှစ၍ ဖလမ်းမြို့နယ်တစ်နေရာတွင် Lailun Charity Hospital ကို တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး လူနာ အယောက် ၂,၀၀၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့သည်။

ချင်းရေရာအဖွဲ့(ICA) အနေဖြင့် ဆရာဝန် ၃ ဦး၊ သူနာပြု၈ဦးနှင့် တခြားဝန်ထမ်းများနှင့်အတူ ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိရာ စတင်ခဲ့သည့်အချိန် (၂၀၂၂ခုနှစ်၊ မေလ) မှ ၂၀၂၄ခုနှစ် နှစ်ကုန်အထိ ပြည်တွင်း၌လူနာ အယောက် ၃၀,၀၀၀ကျော်နှင့် စစ်ဘေးဒုက္ခသည်လူနာ အယောက် ၂၀,၀၀၀နီးပါးကို အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်နိုင်ခဲ့ပြီး စဥ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း လုပ်ဆောင်ပေးလျက်ရှိသည်။

လူသားချင်းစာနာထောက်ထားမှု

၂၀၂၄ခုနှစ်အတွင်း ချင်းရေးရာအဖွဲ့(ICA)အနေဖြင့် ချင်းပြည်နယ်ရှိ Paletwa, Matupi, Kanpalet, Mindat, Tedim, Tonzang နှင့် Falam မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများထံသို့ မြန်မာငွေကျပ် သိန်း ၁,၀၀၀ နီးပါးကို  အခြေခံစားဝတ်နေရေးနှင့် အခြေခံလိုအပ်သည့် ပစ္စည်းများအတွက် ဖြည့်ဆည်းနိုင်ရန်လှူဒါန်းပေးနိုင်ခဲ့သည်။ ထို့အပြင် Mizoram ရှိ စစ်ဘေး ဒုက္ခသည်စခန်းများတွင်လည်း စခန်းဆောက်လုပ်ရန် လိုအပ်သောစ္စည်းများ၊ အိမ်တွင်းသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်များနှင့် တကိုယ်ရေသန့်ရှင်းရေးများအတွက် India Rupees ၁,၀၀၀,၀၀၀ နီးပါးတန်ဘိုးရှိသောပစ္စည်းများကို စစ်ဘေးဒုက္ခသည် အယောက် ၅,၀၀၀ကျော်အတွက် လှူဒါန်း ပေးနိုင်ခဲ့သည်။ ထိုမျှမကဘဲ Manipur ပြည်နယ်ရှိ ဒုက္ခသည်များ၏ ပညာရေး၊ ကျန်းမာရေးနှင့် စခန်းတည်ဆောက်ရေးတို့အတွက် မိတ်ဖက်အဖွဲ့အစည်း ဖြစ်သော Asian Highway Movement နှင့်အတူ အမေရိကန် ဒေါ်လာ ၂၁,၀၀၀ ကျော်ကို ဒုက္ခသည် အယောက် ၁၀,၀၀၀ကျော်အတွက် လှူဒါန်းဖြန့်၀ေ နိုင်ခဲ့သည်။

ဒုက္ခသည်စခန်းများတွင် စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများနှင့် ရေတိုင်ကီများကို ဝေငှနေစဉ် (June 2024- Left, November, 2024-Right)

ထို့အပြင် Zokhawthar ရှိ စစ်ဘေးဒုက္ခသည်များထံသို့ ရေတိုင်ကီများကို စစ်ဘေးဒုက္ခသည်စခန်း တစ်ခုလျှင် ၃ခုနှုန်းဖြင့် လည်းကောင်း၊ စစ်ဘေးဒုက္ခသည် တစ်အိမ်ထောင်ကို ဆန် ၁အိတ်နှုန်းနှင့် ဆီ၊ဆန်၊ဆား၊ပဲများကို တစ်အိမ်ထောင်လျှင် ၁ KG နှုန်းဖြင့် ၃ကြိမ်ဖြင့် India Rupees ၂,၀၀၀,၀၀၀ တန်းဖိုးရှိသောစ္စည်းများကို စစ်ဘေးဒုက္ခသည် အယောက် ၁၅,၀၀၀ကျော်အတွက် လှူဒါန်းပေးနိုင်ခဲ့သည်။

ပြည်တွင်းရှိစစ်ဘေးရှာင်များ နှင့်ဒေသခံပြည်သူများအတွက် မြေမြှုပ်မိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ လေကြောင်းအန္တရယ် ကြိုတင်ကာကွယ်ရေးနှင့်အရပ်သားများဘေကင်းလုံခြုံ‌ရေးပြုသင်တန်း၊ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုအတွက် ရှေးဦးသူနာပြုသင်တန်းများက်ုလည်း ပို့ချပေးနိုင်ခဲ့ပါသည်။ ထို့အပြင် အိန္ဒိယ-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်း ခေါင်းဆောင်များကိုလည်း စခန်းရှိ ပြည်သူများကိုပြန်လည် ဝေငှနိုင်ရန်အတွက် လူတွေ့ဖြင့်    ဤသင်တန်းများကို ပို့ချပေးနိုင်ခဲ့သည်။

ICA ဆေးခန်း၌လေကြောင်းအန္တရယ် ကြိုတင်ကာကွယ်ရေးနှင့်အရပ်သားများဘေကင်းလုံခြုံ‌ရေး အသိ‌ပေး သင်တန်းပို့ ချပေးနေစဉ်(June, 2024)၊ ဆရာဝန်မှအရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုအတွက် ရှေးဦးသူနာပြုသင်တန်းများကိုပို့ချပေးနေစဉ် (November, 2024)

ချင်းရေးရာအဖွဲ့(ICA)အနေဖြင့် ဒုက္ခသည်များအတွက် ခရစ္စမတ်အစီအစဉ်ကို ဒီဇင်ဘာလတွင် ၂၀၂၂ ခုနှစ်မှ စတင်ကာ နှစ်စဉ်ကျင်းပပေးခဲ့ရာ၊ ၂၀၂၄ခုနှစ် ဒီဇင်ဘာ(၁၉)တွင်Zokhawthar၌ (၃) ကြိမ်မြောက် ကျင်းပပေး နိုင်ခဲ့ပါသည်။ ၂၀၂၄ခုနှစ်ခရစ္စမတ်ပွဲကိုဒုက္ခသည်စုစုပေါင်း အယောက်(၃၀၀)ခန့် ပါဝင်ဆင်နွဲခဲ့ကြပြီး အထူး အစီအစဉ်တစ်ရပ်အနေဖြင့် အသက်(၆၀)နှင့်အထက်လူကြီးများကို   အားဆေး များ ဝေငှပေးနိုင်ခဲ့ပါသည်။

နိဂုံး

အထက်ဖော်ပြပါ ကူညီထောက်ပံ့မှုများသည် ချင်းရေးရာအဖွဲ့(ICA) နှင့် မိတ်ဖက်အဖွဲ့များ၊ အလှူရှင်များ၏ အလှူဒါနများဖြင့်ပြုလုပ်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော်ဤကူညီထောက်ပံ့မှုများသည် ပြည်သူများ၏ လိုအပ်ချက်များမှ ရာခိုင်နှုန်းအနည်းငယ်ကိုသာ ကူညီထောက်ပံ့ပေးနိုင်ခဲ့သည်။ ထို့ကြောင့်ပြည်သူများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆာင်ပေးနိုင်ရန် လွန်စွာလိုအပ်လျက်ရှိနေကြောင်း ဖော်ပြအပ်ပါသည်။