December 26, 2025, Comment off
Interim Chin National Consultative Council/ Chin Brotherhood နှင့် Chinland Council/ Chin National Front/ Chin National Army ကြား နိုင်ငံရေး၊ စစ်ရေးလွန်ဆွဲပွဲ
Salai Van Sui San
နိဒါန်း
မြန်မာနိုင်ငံတွင် ပြည်သူရွေးကောက်တင်မြှောက်ထားသော နိုင်ငံရေးပါတီ၏ အာဏာကို ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလတွင် အတင်းအဓ္မလုယူပြီး လေးနှစ်နှင့် ငါးလအကြာတွင် စစ်တပ်မှ ၎င်းတို့ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ဖျက်သိမ်းပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ-လုံ) ထံတွင် အားဏာလွှဲအပ်ခဲ့သည် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၃၁ရက်မှာပင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ကို ဖွဲ့စည်းခဲ့ကြောင်း ကြေညာခဲ့သည်။
ထိုသို့အသစ်ဖွဲ့စည်းသော စစ်ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ၎င်းတို့ဆုံးရှူံးထားသော နယ်မြေများ၊ မြို့များ ပြန်လည်ရယူနိင်ရေးအတွက် တရုတ်နိုင်ငံနှင့် ပူးပေါင်း၍ သော်လည်းကောင်း၊ ဒေသအတွင်း အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခြင်း၊ လေကြောင်းပစ်ကူများဖြင့် အစွန်းကုန်ကြိုးစားလျက်ရှိသည်။
ချင်းပြည်နယ်တွင်လည်း ကလေး- နတ်ချောင်း-ဂန့်ဂေါ၊ ကလေး-နတ်ချောင်း-ဝေဘူလ၊ ကလေး-ခိုင်ကမ်း-သိုင်းငင်းနှင့် တီးတိန်-သိုင်းငင်း ဟူ၍ စစ်ကြောင်းလေးကြောင်းခွဲကာ အင်အား ၇၀၀ ကျော်အသုံးပြုလျက်ထိုးစစ်ဆင်နေသည်။
ချင်းပြည်နယ်၏ လက်ရှိ စစ်ရေးအခြေအနေ
ချင်းပြည်နယ်အတွင်း လက်ရှိအချိန်ထိ စစ်ရေးအခြေအနေမှာ မတည်ငြိမ်သေးဘဲ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိသည်။
တောင်တန်းဒေသများနှင့် ကျေးရွာအများစုတွင် စစ်ကော်မရှင်၏ အုပ်ချုပ်ရေးအာဏာ အားနည်းလာသည့် အနေအထား တွေ့ရပြီး တော်လှန်ရေးအဖွဲ့များ၏ လှုပ်ရှားမှုများလာသည်။ သို့သော် ပြည်နယ်အဆင့် မြို့ကြီးများနှင့် အရေးပါသော လမ်းကြောင်းအချို့ကို စစ်ကော်မရှင်က ဆက်လက် ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်သည်။
ဒေသတွင်း တိုက်ပွဲများမှာ ကြီးမားသည့် စစ်ဆင်ရေးများထက် လက်လှမ်းမီတိုက်ခိုက်မှုများနှင့် လှုပ်ရှားတိုက်ခိုက်မှုများကို အခြေခံထားပြီး စစ်ရေးအရှိန်မှာ မကြာခဏ ပြောင်းလဲနေသည်။ စစ်ကော်မရှင်ဘက်က မြေပြင်အင်အား နည်းပါးသဖြင့် လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်မှုများကို ပိုမို အသုံးပြုလာသည်။
တော်လှန်ရေးဘက်တွင် Chin National Front/ Chin National Army (CNF/CNA) နှင့် Chin Bortherhood အပါအဝင် အဖွဲ့အစည်းများ အများအပြား လှုပ်ရှားနေသော်လည်း အဖွဲ့များအကြား ညှိနှိုင်းမှု မပြည့်စုံသေးခြင်းနှင့် လက်နက်၊ ဆေးဝါး၊ ထောက်ပံ့ရေး အခက်အခဲများကြောင့် စစ်ရေးအရှိန်ကို တစ်သမတ်တည်း ထိန်းထားရန် ခက်ခဲနေကြောင်း တွေ့ရသည်။
အဆိုပါ စစ်ရေးအခြေအနေကြောင့် ဒေသခံပြည်သူများ ဒုက္ခသည် တိုးလာနေပြီး စားနပ်ရိက္ခာနှင့် ဆေးဝါး မလုံလောက်မှုများ၊ ပညာရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှုများ ပြတ်တောက်ခြင်းတို့ကို ကြုံတွေ့နေရသည်။ လက်ရှိအခြေအနေအရ ချင်းပြည်နယ်တွင် မည်သည့်ဘက်မှ အပြည့်အဝ အနိုင်ရရှိထားခြင်း မရှိသေးဘဲ စစ်ရေးအခြေအနေ ဆက်လက် မတည်ငြိမ်နိုင်ကြောင်း သုံးသပ်သူများက မှတ်ချက်ပြုကြသည်။
ဒေသအတွင်း သတင်းအရင်းအမြစ်များမှ ချင်းပြည်နယ်၏ ရာခိုင်နှုန်းအများစုကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်ထားပြီးဖြစ်သည်ဟု ဖော်ပြထားသော်လည်း လက်တွေ့တွင် ပြည်သူများ မိမိ အရပ်ဒေသသို့ ပြန်လည်အခြေချခြင်း မပြုလုပ်နိုင်သေးသဖြင့် ထိန်းချုပ်ထားသည်ဟူ သုံးသပ်ရန် ခက်ခဲပေလိမ့်မည်။ လေကြောင်းရန် ကာကွယ်နိုင်ခြင်းနှင့် ဒေသခံပြည်သူများ ပြန်လည် အခြေမချနိုင်သ၍ အလုံးစုံ ထိန်းချုပ်ထားသည်ဟူ ဆိုနိုင်မည်မဟုတ်။
ချင်းပြည်နယ်တွင် မြို့ပေါင်း ၂၀ ရှိသည့်အနက် တော်လှန်ရေးတပ်များမှ ထိန်းချုပ်ထားသောမြို့များမှာ Rihkhawdar (ရိဒ်ခေါဒါရ်)၊ Cikha (ကျီခါး)၊ Tonzang (တွန်းဇံ)၊ Webula (ဝေဘူလ) (စစ်တပ်စွန့်ခွာ)၊ Hnaring (နှာရိန်း) (စစ်တပ်စွန့်ခွာ)၊ Lailenpi (လိုင်လဲန်းပီ)၊ Paletwa (ပလက်ဝ)၊ Samee (ဆမီး)၊ Kyein Dwe (ကျင်ဒွေး)၊ M’kuiimnu (မကွီးအိမ်နူး)၊ Matupi (မတူပီ)၊ Rizua (ရေဇွာ)၊ Surkhua (ဆူရ်ခွား) (စစ်တပ်စွန့်ခွာ)၊ Mindat (မင်းတပ်မြို့)၊ Kanpetlet (ကန်ပက်လက်) နှင့် Falam (ဖလမ်းမြို့) စုစုပေါင်း ၁၆မြို့ကို ထိန်းချုပ်ထားနိုင်သည်ဟု ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလတွင် ချင်းရေးရာအဖွဲ့ မှ ဖော်ပြထားပြီး ဖြစ်သည်။ သို့သော် စစ်ကော်မရှင်မှ ချင်းပြည်နယ်၏ ဝင်ပေါက်လမ်းမကြီးများဖြစ်သော ကလေး -တီးတိန်- ဖလမ်း လမ်းမကြီးရှိသိုင်းငင်းအခြေပြု စစ်ကြောင်းတစ်ကြောင်း၊ ကလေး – နတ်ချောင်းလမ်း ဖလမ်းမြို့နယ် ဝေဘူလမြို့အခြေပြု စစ်ကြောင်းတစ်ကြောင်း ၊ တီးတိန်မြို့ပေါ်အခြေပြု၊ တီးတိန်- ကလေး -ဖလမ်း လမ်းမကြီးဘက်မှ စစ်ကြောင်းတစ်ကြောင်းစီဖြင့် စုစုပေါင်အင်အား ၇၀၀ ပါစစ်ကြောင်းသုံးကြောင်းခွဲကာ အောက်တိုဘာ ၂၇ ရက်မှ စတင်ပြီး ချင်းပြည်နယ်မြောက်ပိုင်းအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းကြောင့် ဝေဘူလမြို့ကို နိုဝင်ဘာလ အစောပိုင်းတွင် ပြန်လည် လက်လွတ်လိုက်ရသည်။
ထို့အတူ ဖလမ်းမြို့ကိုလည်း ဆက်လက်ထိန်းချုပ်ထားနိုင်ရန် ဒေသခံချင်း တော်လှန်ရေးတပ်ဖွဲ့များ (CC, CB) ပူးပေါင်းကာ ကွယ်ကွယ်နေကြသော်လည်း စစ်ကော်မရှင်တပ်မှာ တဖြေးဖြေးနှင့် ဖလမ်းမြို့ကို ချဥ်းကပ်လျက်ရှိသည်။
ချင်းပြည်နယ်၏ လက်ရှိ နိုင်ငံရေးအခြေအနေ
လက်ရှိအချိန်တွင် ချင်းပြည်နယ်၏ နိုင်ငံရေးအခြေအနေမှာ မတည်ငြိမ်သေးသည့် အခြေအနေတွင် ဆက်လက် ရှိနေသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကော်မရှင်၏ အုပ်ချုပ်ရေးအာဏာသည် ပြည်နယ်အတွင်း အားနည်းလာခဲ့ပြီး နိုင်ငံရေးအာဏာကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိသေးသည်ကို တွေ့ရသည်။
ချင်းပြည်နယ်အတွင်းတွင် Chinland Council(CC) နှင့် Interim Chin National Consultant Council (ICNCC) များနှင့် ဒေသခံ နိုင်ငံရေးအင်အားစုများ အပါအဝင် တော်လှန်ရေးနှင့် နိုင်ငံရေးအဖွဲ့အစည်းများ အများအပြား ပေါ်ပေါက်လာခဲ့သည်။ ထိုအဖွဲ့အစည်းများသည် စစ်ကော်မရှင်၏ အုပ်ချုပ်ရေးစနစ်ကို ဆန့်ကျင်နေသော်လည်း နိုင်ငံရေးရည်မှန်းချက်၊ အနာဂတ် အုပ်ချုပ်ရေးပုံစံနှင့် ခေါင်းဆောင်မှု အစီအစဉ်များတွင် သဘောထား မတူညီမှုများ ရှိနေသေးသည်။
အထူးသဖြင့် ချင်းပြည်နယ်အနာဂတ်ကို ဆုံးဖြတ်မည့် ဖက်ဒရယ်စနစ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ပြည်နယ်အဆင့် အာဏာခွဲဝေမှု အရေးကိစ္စများတွင် ချင်းအဖွဲ့အစည်းများအကြား အမြင်ကွဲပြားမှုများ ရှိနေခြင်းသည် နိုင်ငံရေးအင်အားကို တစ်စုတစ်စည်းတည်း ဖြစ်လာစေရန် အခက်အခဲဖြစ်စေသည်။
အခြားဘက်တွင် နိုင်ငံတကာနှင့် နယ်စပ်နိုင်ငံများသည် ချင်းပြည်နယ်အပေါ်တွင် လူသားရေးအကူအညီနှင့် လုံခြုံရေးကို အဓိကထား စောင့်ကြည့်နေကြပြီး တော်လှန်ရေးဘက်မှ တစ်သမတ်တည်းသော နိုင်ငံရေးခေါင်းဆောင်မှုနှင့် အုပ်ချုပ်ရေးပုံစံကို မမြင်ရသေးသည့်အတွက် အပြည့်အဝ နိုင်ငံရေးထောက်ခံမှု ပေးရန် ချီတုံချတုံ ဖြစ်နေကြသည်။
ထိုသို့ နိုင်ငံရေးအခြေအနေ မရှင်းလင်းသေးသည့် အနေအထားကြောင့် စစ်ရေးအောင်မြင်မှုအချို့ကို နိုင်ငံရေးအောင်မြင်မှုအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိသေးဘဲ ချင်းပြည်နယ်၏ အနာဂတ် နိုင်ငံရေး လမ်းကြောင်းမှာ ဆက်လက် မရေရာသေးသည်ဟု သုံးသပ်နိုင်ပါသည်။
ချင်းပြည်နယ်ရှိ အစုအဖွဲ့ ၂ ခုအား နှိုင်းယှဉ်သုံးသပ်ချက်
ချင်းပြည်နယ်အတွင်း တော်လှန်ရေးလှုပ်ရှားမှုများ တိုးတက်လာသည်နှင့်အမျှ နိုင်ငံရေးနှင့် စစ်ရေးဦးဆောင်မှု အခန်းကဏ္ဍကို ထမ်းဆောင်နေသည့် အစုအဖွဲ့များအကြား အမြင်ကွဲပြားမှုများလည်း ပိုမိုမြင်သာလာခဲ့သည်။ ထိုအနက် လူထုအာရုံစိုက်မှုအများဆုံး ရရှိနေသည့် အဖွဲ့အစည်းများမှာ Chin Brotherhood (CB) နှင့် Chinland Council (CC) တို့ ဖြစ်ကြသည်။
Chin Brotherhood (CB)
Chin Brotherhood သည် လက်ရှိတော်လှန်ရေးကာလအတွင်း စစ်ရေးဦးစားပေး အဖွဲ့အစည်းအဖြစ် သတ်မှတ်နိုင်သည်။ မြေပြင်တိုက်ပွဲများတွင် ပါဝင်လှုပ်ရှားမှုမြင့်မားပြီး စစ်ရေးအတွေ့အကြုံရှိသည့် အဖွဲ့များကို စုပေါင်းထားသောကြောင့် လက်တွေ့စစ်ဆင်ရေးများတွင် ထိရောက်မှု ရှိလာသည်။
သို့သော် CB သည် နိုင်ငံရေးမူဝါဒနှင့် အနာဂတ်အုပ်ချုပ်ရေးပုံစံများအပေါ် အမြင်တစ်ရပ်ကို အပြည့်အဝ ဖော်ထုတ်နိုင်ခြင်း မရှိသေးသဖြင့် နိုင်ငံရေးအခြေအနေတည်ဆောက်မှုတွင် အားနည်းချက်များ ရှိနေသည်ဟု သုံးသပ်နိုင်သည်။
Chinland Council (CC)
Chinland Council သည် နိုင်ငံရေးနှင့် အုပ်ချုပ်ရေးကို ဦးစားပေးသည့် အစုအဖွဲ့ ဖြစ်ပြီး ချင်းပြည်နယ်၏ အနာဂတ် ဖက်ဒရယ်အုပ်ချုပ်ရေးပုံစံကို ကြိုတင်ပြင်ဆင်ရန် ရည်ရွယ်ထားသည်။ အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့များ ပါဝင်မှုရှိသဖြင့် နိုင်ငံရေးမူဝါဒပိုင်းတွင် ပိုမိုစနစ်တကျ ဖြစ်လာသည်။
သို့ရာတွင် စစ်ရေးအင်အားကို တစ်စုတစ်စည်းတည်း မစုစည်းနိုင်သေးခြင်းကြောင့် မြေပြင်တိုက်ပွဲများတွင် ထိရောက်မှု နည်းပါးနေပြီး လူထုအချို့အတွက် လက်တွေ့အကျိုးရလဒ် မမြင်သာသေးခြင်းလည်း ရှိနေသည်။
နှိုင်းယှဉ်အကျဉ်းချုပ်
CB သည် လက်ရှိစစ်ရေးအခြေအနေတွင် မြေပြင်အင်အား အားကောင်းပြီး ချက်ချင်းတုန့်ပြန်နိုင်သော အဖွဲ့ဖြစ်သော်လည်း နိုင်ငံရေးရည်ရွယ်ချက် ပိုင်းတွင် မပြည့်စုံသေးပါ။ CC သည် နိုင်ငံရေးအမြင်နှင့် အနာဂတ်အုပ်ချုပ်ရေးအတွက် အရေးပါသော်လည်း လက်ရှိတိုက်ပွဲအခြေအနေတွင် စစ်ရေးအင်အား မလုံလောက်သေးသည်ဟု မြင်နိုင်ပါသည်။
ချင်းပြည်နယ်အတွက် အကောင်းဆုံးဖြစ်နိုင်ခြေမှာ CB ၏ စစ်ရေးစွမ်းအား နှင့် CC ၏ နိုင်ငံရေးမူဝါဒကို ပေါင်းစည်းနိုင်ခြင်း ဖြစ်သည်။ အစုအဖွဲ့များအကြား ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မတိုးတက်နိုင်ပါက ချင်းပြည်နယ်၏ တော်လှန်ရေးနှင့် အနာဂတ်အုပ်ချုပ်ရေး လမ်းကြောင်းသည် ပိုမိုခက်ခဲလာနိုင်ကြောင်း သတိပြုရန် လိုအပ်သည်။
စာရေးသူ၏ အမြင်နှင့် သုံးသပ်ချက်
ချင်းပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသော တော်လှန်ရေးကာလသည် အစုအဖွဲ့များအကြား အင်အားပြိုင်ဆိုင်ရမည့် ကာလမဟုတ်ဘဲ အင်အားပေါင်းစည်းရမည့် ကာလဖြစ်သည်။ Chin Brotherhood (CB) နှင့် Chinland Council (CC) တို့အကြား ဖြစ်ပေါ်နေသည့် အမြင်ကွဲပြားမှုများကို အနိုင်အရှုံးအဖြစ်သာ ကြည့်မြင်နေပါက ချင်းပြည်နယ်အတွက် အကျိုးမဖြစ်စေနိုင်ပါ။
CB သည် လက်ရှိတိုက်ပွဲကာလအတွက် မရှိမဖြစ်လိုအပ်သည့် စစ်ရေးစွမ်းအားကို ကိုင်တွယ်ထားနိုင်သော်လည်း နိုင်ငံရေးမူဝါဒ မရှင်းလင်းသေးခြင်းသည် အနာဂတ်အုပ်ချုပ်ရေးအတွက် အန္တရာယ်တစ်ရပ် ဖြစ်လာနိုင်သည်။ တော်လှန်ရေးသည် စစ်ရေးအောင်မြင်မှုတစ်ခုတည်းဖြင့် မပြီးဆုံးနိုင်ဘဲ နိုင်ငံရေးအောင်မြင်မှုနှင့် အုပ်ချုပ်ရေးစနစ်တည်ဆောက်နိုင်မှုတို့ပါ မရှိမဖြစ်လိုအပ်ပါသည်။
တစ်ဖက်တွင် CC သည် ဖက်ဒရယ်ဒီမိုကရေစီအမြင်ကို အခြေခံ၍ ချင်းပြည်နယ်၏ အနာဂတ်ကို စနစ်တကျ ပြင်ဆင်နိုင်သော မူဘောင်များကို ချမှတ်နိုင်သော်လည်း လက်ရှိမြေပြင်အခြေအနေကို လုံလောက်စွာ မကိုင်တွယ်နိုင်ပါက လူထု၏ ယုံကြည်မှုကို ဆက်လက် ထိန်းသိမ်းနိုင်ရန် ခက်ခဲလာနိုင်ပါသည်။
စာရေးသူ၏ အမြင်အရ ချင်းပြည်နယ်အတွက် အရေးကြီးဆုံးအချက်မှာ ဘယ်အဖွဲ့က ပိုကောင်းသလဲ ဆိုသည့် မေးခွန်း မဟုတ်ဘဲ ဘယ်လိုပေါင်းစည်းနိုင်မလဲ ဆိုသည့် မေးခွန်း ဖြစ်သည်။ စစ်ရေးနှင့် နိုင်ငံရေးကို ခွဲခြားထားသည့် အနေအထားမှ လွတ်မြောက်ပြီး CB ၏ မြေပြင်အင်အားကို CC ၏ နိုင်ငံရေးဦးဆောင်မှုနှင့် ချိတ်ဆက်နိုင်မှသာ ချင်းပြည်နယ်သည် တော်လှန်ရေးအောင်မြင်မှုနှင့် အနာဂတ်အုပ်ချုပ်ရေး တည်ငြိမ်မှုတို့ကို တစ်ပြိုင်နက်တည်း ရရှိနိုင်မည်ဖြစ်သည်။
ယခုအချိန်တွင် အစုအဖွဲ့တစ်ဖွဲ့ကိုသာ ဦးစားပေးရွေးချယ်ရမည့် ကာလ မဟုတ်သေးပါ။ သို့သော် ပူးပေါင်းဆောင်ရွက်မှုကို မလုပ်နိုင်ဘဲ ဆက်လက် ကွဲပြားနေပါက ထိခိုက်ဆုံးရှုံးရမည့်သူများမှာ အဖွဲ့အစည်းများ မဟုတ်ဘဲ ချင်းပြည်နယ် ပြည်သူများ ဖြစ်ကြောင်းကို အလေးထားသင့်ပါသည်။
ပုံစာ – Mizoram ဝန်ကြီးချုပ်၏ ဦးဆောင်မှုဖြင့် Interim Chin National Consultant Council နှင့် Chinland Council ပူးပေါင်းကာ CHIN NATIONAL COUNCIL ဖွဲ့စည်းရန် သဘောတူညီမှု ရခဲ့စဥ်