
February 24, 2025, Comment off
ချင်းတော်လှန်ရေးတပ်ဖွဲ့များ အားကောင်းနေခြင်းနှင့် ချင်းပြည်အတွင်းရှိ ပဋိပက္ခ
ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်ထားသောမြို့များကို ရက်စွဲ့နှင့်တကွ ဖော်ပြထားသည်။
Loyal Van
၂၀၂၃ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ချင်းတော်လှန်ရေးအင်အား ကောင်းလာခြင်းနှင့်အတူ မြို့သိမ်းတိုက်ပွဲများ အဆက်မပျက်ပြုလုပ်လာခဲ့ကြရာ တော်လှန်ရေးအင်အားစု အတွင်းမှာလည်း နိုင်ငံရေးခံယူချက် သဘောထားကွဲလွဲမှုများ ပိုမူများပြားလာသည်။
ချင်းပြည်နယ်တွင် မြို့ပေါင်း ၂၀ ရှိသည့်အနက် တော်လှန်ရေးတပ်များမှ ထိန်းချုပ်ထားသောမြို့များမှာ ရိဒ်ခေါဒါရ်၊ ကျီခါး၊ တွန်းဇံ၊ ဝေဘူလ (စစ်တပ်စွန့်ခွာ)၊ နှာရိန်း (စစ်တပ်စွန့်ခွာ)၊ လိုင်လဲန်းပီ၊ ပလက်ဝ၊ ဆမီး၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ မတူပီ၊ ရေဇွာ၊ ဆူရ်ခွား (စစ်တပ်စွန့်ခွာ)၊ မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့ စုစုပေါင်း ၁၅မြို့ကို ထိန်းချုပ်ထားနိုင်ခြင်းဖြစ်သည်။ https://burmese.chinaffairs.org/?p=3737
ချင်းပြည်နယ်ရှိ ကျန်ရှိနေသေးသော မြို့များကို တော်လှန်ရေးတပ်ဖွဲ့များမှ အရှိန်မြှင့်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ကို သက်ဆိုင်ရာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ၏ ဖော်ပြချက်များအရလည်း သိရသည်။
သို့သော် ချင်းပြည်နယ်အတွင်းရှိ နိုင်ငံရေးခံယူချက် ကွဲလွဲမှုများကြောင့် အနာဂါတ်ချင်းပြည်တွင် မည်သို့မည်ပုံ ပုံဖော်ရမည်မှာ စိုးရိမ်ဖွယ်တရပ်အနေဖြင့် ရှိနေပါသည်။
၂၀၂၃ခုနှစ် ဒီဇင်ဘာလမှစ၍ ချင်းပြည်နယ်ရှိ တော်လှန်ရေးတပ်များအတွင်း အဖွဲ့ကြီး ၂ ဖွဲ့ ပေါ်ပေါက်ခဲ့ရာ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ကောင်စီ (ICNCC) ၏ နိုင်ငံရေးဦးဆောင်မှုဖြင့် ချင်းညီနောင်အဖွဲ့ (Chin Brotherhood) အဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦး (CNF) ၏ နိုင်ငံရေးဦးဆောင်မှုဖြင့် ချင်းပြည်ကောင်စီ (Chinland Council) ဟူ၍ဖြစ်သည်။ ယခုအချိန်တွင် ICNCC နှင့် CNF တို့၏ ဦးဆောင်မှုဖြင့် ၎င်းတို့၏ အဖွဲ့အသီးသီးတွင် အခြေခံမူဝါဒရေးဆွဲခြင်းများ၊ မြို့သိမ်းတိုက်ပွဲများနှင့် ဒေသအတွင်းစိုးမိုးမှုများ အပြိုင်ကြိုးစား လျက်ရှိနေကကြသည်။ ( ချင်းပြည်နယ်အတွင်း နိုင်ငံရေးအခြေအနေများအား ချင်းရေးရာအဖွဲ့၏ တင်ပြထားမှုများ https://burmese.chinaffairs.org/?p=3737 , https://burmese.chinaffairs.org/?p=3693 )

တဖက်တွင် နိုင်ငံခြားရောက် ချင်းလူမျိုး ခရစ်ယာန်အဖွဲ့အစည်းများ၏ ဦးဆောင်မှုဖြင့် Chin Peace and Reconciliation Initiative (CPRI) ကို တည်ထောင်နိုင်ခဲ့ပြီး ချင်းအမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ရင်ကြားစေ့ရေးတို့ကို ဖော်ဆောင်နိုင်ရန် ကြိုးပမ်းနေကြခြင်းကိုလည်း တွေ့ရသည်။ ထိုမျှမက Mizoram ပြည်နယ်ရှိ Zo-Reunification Organization (ZORO) မှသော်လည်းကောင်း Mizoram ပြည်နယ် အစိုးရအနေနှင့် သော်လည်းကောင်း ရင်ကြားစေ့ရေးဖော်ဆောင်နိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ ဤအဖွဲ့ ၃ ဖွဲ့ အနေဖြင့် ဘက်လိုက်မှုမရှိသော တတိယအဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ပြီး၊ တရားမျှတသော တွေ့ဆုံပွဲများပြုလုပ်နိုင်ပါက ထိရောက်သောအဖွဲ့အစည်းဟူ၍ သတ်မှတ်နိုင်မည်ဖြစ်သည်။
အဆိုပါအဖွဲ့အစည်း ၃ဖွဲ့စီမှ Chinland Council နှင့် Chin Brotherhood အကြား ရင်ကြားစေ့နိုင်ရေးအတွက် အစည်းအဝေးကျင်းပမှုများလည်း ပြုလုပ်နိုင်ခဲ့သည်။ သို့သော် ၂ဖက်အဖွဲ့အစည်းမှ အဓိကကြိုးကိုင်သူလူကြီးများ အစည်းအဝေးသို့ တက်ရောက်ခြင်းမပြု၍ သော်လည်းကောင်း တော်လှန်ရေးအဖွဲ့ဝင်အားလုံးအပေါ် လွှမ်းမိုးနိုင်မှုနည်းပါး၍ သော်လည်းကောင်း ထိရောက်သော ဆုံးချက်များမှာမူ ယခုအချိန်ထိ မပေါ်ပေါက်သေးပေ။ Zoro ၏ ဦးဆောင်မှုဖြင့် ၂၀၂၄ခုနှစ်တွင် ၂ဖွဲ့သဘောတူညီချက် ၅ရပ်ကို ပြုလုပ်နိုင်ခဲ့သော်လည်း လက်တွေ့တွင် ၂ဖက်အဖွဲ့အစည်းမှ လိုက်နာခြင်းမရှိသည်မှာ သာဓကတစ်ခုပင်ဖြစ်သည်။ ယခုအချိန်တွင် ချင်းပြည်အတွင်းရှိ နိုင်ငံရေး၊ စစ်ရေးပဋိပက္ခများကိုဖြေရှင်းပေးနိုင်မည့် ခိုင်မာသောအဖွဲ့အစည်းတရပ်လိုအပ်ပါသည်။

ဖော်ပြပါအချက်အလက်များကို ကြည့်ခြင်းအားဖြင့် ချင်းပြည်နယ်၏ ၉၀ရာခိုင်နှုန်းကျော်ကို ဒေသခံကာကွယ်ရေးတပ်များမှ ထိန်းချုပ်ထားပြီးဖြစ်ကြောင်း တွေ့ရသည်။ ၂၀၂၄ခုနှစ် စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရာတွင်လည်း စစ်ကောင်စီမှ ချင်းပြည်နယ်၏ ၈ရာခိုင်နှုန်း ကိုသာ စာရင်းကောက်ယူနိုင်ကြောင်း စစ်ကောင်စီ၏ ဖော်ပြချက်အရသိရသည်။
ထို့အပြင် စစ်ကောင်စီ၏ နိုင်ငံအုပ်ချုပ်ရေး ၆လကို ထပ်မံသက်တမ်းတိုးခြင်းနှင့်အတူ ချင်းပြည်သစ် ပါတီလည်း ပေါ်ပေါက်လာခဲ့ကြောင်း သိရသည်။ ထိုချင်းပြည်သစ်ပါတီမှာ ဒေါက်တာမှုထန်၏ ဦးဆောင်မှုဖြင့် ထူထောင်ခဲ့ပြီး အဆိုပါ ပါတီအနေဖြင့် စစ်ကောင်စီပြုလုပ်မည့်ရွေးကောက်ပွဲ တွင်ပါဝင်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ အဆိုပါပါတီတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဟောင်း ဦးဟုန်းငိုင်း( Ngai Hung)၊ ရာထူးဝန် အဖွဲ့ဝင်ဟောင်း ဦးငွန်မောင်း (Ngun Maung)၊ လူမှုရေးဝန်ကြီးဟောင်း ဒေါက်တာဘမောင်(Dr. Ba Maw) နှင့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – CNLD ပါတီ၏ အတိုင်ပင်ခံ ဦးနိုးထန်ကပ် ( No Than Kap) တို့ပါဝင်ကြောင်း သိရသည်။ (၃၁ ဇွန်နဝါရီလ၊ ၂၀၂၅, Myanmar Now)
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး CNLD ပါတီနှင့် နီးစပ်ခဲ့သူတစ်ဦးကို မေးမြန်းခဲ့ရာ “ ဒီသတင်းက အမှန်ပါ။ ချင်းပြည်အသစ်ပါတီကို ဖွဲ့စည်းလိုက်ပါပြီ၊ ဘယ်သူတွေပါတယ်ဆိုတာကတော့ အတိအကျတော့ မသိသေးဘူး” ဟု ICA သို့ပြောသည်။ (စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲနှင့် ချင်းပြည်နယ်အပေါ် အကျိုးသက်ရောက်မှု – https://burmese.chinaffairs.org/?p=3750 )
ချင်းပြည်နယ်တွင် အစကတည်းက CC နှင့် CB ဟု အဖွဲ့ကွဲတဲ့အပြင် အခုလို နိုင်ငံရေးပါတီအသစ် ပေါ်ပေါက်လာတာက နိုင်ငံရေး အလှည့်အပြောင်း ပေါ်ပေါက်လာနိုင်ကြောင်း၊ တဖက်တွင် စစ်ကောင်စီ၏ နိုင်ငံရေးအခင်းအကျင်းကို တနည်းနည်းနှင့် ပုံစံပြောင်းလဲနိုင်မည့် နိုင်ငံရေးပါတီအဖြစ် မျှော်လင့်ကြောင်း၊ လက်နက်ကိုင်ခုခံတော်လှန်သည့် တော်လှန်ရေး တစ်မျိုးတည်းမဟုတ်တော့ဘဲ နည်းမျိုးစုံနှင့် တော်လှန်နိုင်မည်ဆိုပါက တော်လှန်ရေးလမ်းစဥ်မှာ ယခုထက်ပို၍ ပိုမိုမြန်ဆန်နိုင်ကြောင်း ချင်းနိုင်ငံရေးကျွမ်းကျင်သူ တစ်ဦးမှ သူ၏ သုံးသပ်ချက်ကို ICA သို့ ပြောသည်။
ချင်းပြည်နယ်၏ ၉၀ရာခိုင်နှုန်းကျော်ကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်ထားပြီး ဖြစ်သကဲ့သို့ ယခုလိုမျိုး စစ်ကောင်စီ၏ လက်ပါးစေပါတီကိုလည်း ချင်းပြည်နယ်၌ ဘယ်လိုနည်းနှင့်မှ လက်ခံနိုင်မည်မဟုတ်ကြောင်း၊ ချင်းပြည်ပါတီသစ်အနေဖြင့် စစ်ကောင်စီကောက်ယူနိုင်ခဲ့သည့် ၈ရာခိုင်နှုန်းကိုသာအုပ်ချုပ်နိုင်မည်ဖြစ်ကြောင်းနှင့် အုပ်ချုပ်နိုင်သည်ဖြစ်စေ အွန်လိုင်းပေါ်ကနေသာ အုပ်ချုပ်နိုင်မည်ဖြစ်ကြောင်း၊ ချင်းမြေပြင်သို့ အခြေချလာပါက အသက်အာမခံမှု မရှိကြောင်း ချင်းတော်လှန်ရေး ခေါင်းဆောင်များ၏ သုံးသပ်ချက်များမှာ တစ်ညီတစ်ညွတ်တည်း ရှိနေကြောင်း ICA ၏ မေးမြန်းချက်များအရ သိရသည်။