January 31, 2026, 0 Comments
ချင်းလူမျိုးများအပေါ် စစ်ကော်မရှင်ကြောင့် ငါးနှစ်အတွင်း ဖြစ်ပွားခဲ့သော သေဆုံးမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ
(၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မှ ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၃၁ရက် ထိ)
Institute of Chin Affairs Inc. (ICA) မှ လက်ရှိအချိန်အထိ အတည်ပြုနိုင်သော အချက်အလက်များအရ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မှ ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၃၁ရက်အထိ စစ်ကော်မရှင်ကြောင့် သေဆုံးခဲ့ရသည့် ချင်းလူမျိုး စုစုပေါင်းအရေအတွက်မှာ ၁,၁၈၃ ဦးအထိ ရှိလာပြီဖြစ်ပါသည်။ ထိုသေဆုံးမှုများတွင် အရပ်သားပြည်သူများ၊ ဆန္ဒပြသူများ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၊ ဘာသာရေးခေါင်းဆောင်များနှင့် ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရသူများ ပါဝင်နေပါသည်။
သေဆုံးသူများကို အသက်အရွယ်အလိုက် စိစစ်ကြည့်ရာတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိသူများ ၄၉၇ ဦးဖြင့် အများဆုံး ဖြစ်ပြီး၊ အသက် ၃၆ နှစ်အထက် ၁၅၄ ဦး၊ အသက် ၁၁ မှ ၁၇ နှစ်အတွင်း ၄၈ ဦး၊ အသက် ၁၀ နှစ်အောက် ကလေးငယ် ၃၃ ဦး ပါဝင်ပါသည်။ ထို့အပြင် စစ်ရေးအခြေအနေကြောင့် အသက်အရွယ် မသိရသေးသည့် သေဆုံးမှုများ ၄၅၁ ဦးအထိ ရှိနေပါသည်။
အသက်အရွယ်အလိုက် စိစစ်ကြည့်ရာတွင် အသက် ၁၀ နှစ်အောက် ကလေးငယ်များမှ စ၍ အသက် ၃၆ နှစ်အထက် သက်ကြီးရွယ်အိုများအထိ သေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်း တွေ့ရပါသည်။ အထူးသဖြင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်အရွယ်အုပ်စုတွင် သေဆုံးမှုအများဆုံး ဖြစ်ပွားခဲ့ပြီး အရပ်သားများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ နှစ်ဖက်စလုံး ပါဝင်နေပါသည်။ ထို့အပြင် စစ်ရေးအခြေအနေကြောင့် အသက်အရွယ် အတည်မပြုနိုင်သေးသည့် သေဆုံးမှုများလည်း အများအပြား ရှိနေပါသည်။
တိုက်ပွဲများအတွင်း သေဆုံးခဲ့ရသူများကို စုစည်းကြည့်ရာတွင် စုစုပေါင်း ၅၇၄ ဦးအထိ ရှိနေပြီး ယင်းအနက် အရပ်သားများသည် စစ်ရေးပဋိပက္ခများကြားတွင် ပိတ်မိ၍လည်းကောင်၊ စစ်ကော်မရှင်မှ ဖမ်းဆီးသတ်ဖြတ်၍သော်လည်းကောင်း သေဆုံးသူ ၁၆၉ ဦးအထိရှိသည်။ တော်လှန်ရေးတပ်ဖွဲ့ဝင်များလည်း တိုက်ပွဲအတွင်း ကျဆုံးသူ ၄၀၅ဦးအထိ ရှိသည်။ ဤအခြေအနေသည် စစ်ရေးပဋိပက္ခများက အရပ်သားနှင့် တိုက်ခိုက်ရေးအဖွဲ့အစည်းများကို ခွဲခြားမှုမရှိဘဲ အသက်အန္တရာယ် ဖြစ်စေကြောင်း ပြသနေပါသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုးများ၏ ထိခိုက်မှုများ
စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများသည် ချင်းလူမျိုးများအပေါ် အကြီးမားဆုံး ထိခိုက်မှုဖြစ်စေခဲ့ပြီး ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၁အထိ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း အကြိမ် ၄၀၀ ကျော် ဖြစ်ပွားခဲ့ပါသည်။ ယင်းတိုက်ခိုက်မှုများကြောင့် အရပ်သား သေဆုံးသူ ၂၄၆ ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် သေဆုံးသူ ၁၅၄ ဦး ရှိခဲ့ပြီး ဒဏ်ရာရသူ စုစုပေါင်း ၁,၁၄၀ ဦးအထိ ရှိလာခဲ့ပါသည်။ ထို့အပြင် လူထုအသက်မွေးဝမ်းကျောင်းနှင့် လူမှုဘဝအပေါ် တိုက်ရိုက်ထိခိုက်မှုအဖြစ် နေအိမ် ၂,၁၉၉ လုံး၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၇၆ လုံးနှင့် အစိုးရအဆောက်အုံ (စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း စသည်တို့) ၈၈ လုံး ပျက်စီးခဲ့ပါသည်။
မြေမြှုပ်မိုင်းကြောင့် ချင်းလူမျိုးများ၏ ထိခိုက်မှုများ
မြေမြှုပ်မိုင်းများကြောင့် ဖြစ်ပွားခဲ့သည့် သေဆုံးမှုများကိုလည်း မှတ်တမ်းတင်ထားနိုင်ပြီး အရပ်သားများ ၅၅ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ၂၉ဦး၊ အပါအဝင် စုစုပေါင်း ၈၄ ဦးကျော် အသက်ဆုံးရှုံးခဲ့ရပါသည်။ မြေမြှုပ်မိုင်းများသည် တိုက်ပွဲဖြစ်ပွားနေစဉ်သာမက တိုက်ပွဲပြီးဆုံးပြီးနောက်ကာလများတွင်ပါ ချင်းပြည်သူများအတွက် အမြဲတမ်း အန္တရာယ်ဖြစ်နေဆဲဖြစ်ပါသည်။
မတရားဖမ်းဆီးနှိပ်စက်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ
စစ်ကော်မရှင်၏ ဖမ်းဆီးမှုများအတွင်း အကြမ်းဖက်နှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် တရားမဝင် သတ်ဖြတ်မှုများကြောင့် အနည်းဆုံး ၃၃ ဦး သေဆုံးခဲ့ကြောင်း ICA မှ မှတ်တမ်းတင်ထားနိုင်ပါသည်။ ဤလုပ်ရပ်များသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေများကို ပြင်းထန်စွာ ချိုးဖောက်သည့် လုပ်ရပ်များ ဖြစ်ပါသည်။
လူသားဒိုင်းအဖြစ်သုံးပြုခြင်းများ
စစ်ကော်မရှင်တပ်ဖွဲ့များသည် စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် ပြည်သူများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ယင်းအကြမ်းဖက်မှုများကြောင့် ပြည်သူစုစုပေါင်း အယောက် ၁၀၀ နီးပါး ထိခိုက်နစ်နာခဲ့ပြီး၊ ထိုအထဲမှ ချင်းပြည်သူ ၁၅ ဦးနီးပါး သတ်ဖြတ်ခံခဲ့ရသည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်၍ စစ်ကြောင်းထိုးလာသော စစ်ကော်မရှင်တပ်ဖွဲ့များသည် သိုင်းငင်း (Taingen) မှတဆင့် ဖလမ်းမြို့နယ် ဗားလုံ (Varung) ရွာမှ ဇောင်ကောင် (Zawngkong) ရွာဘက်သို့ ဦးတည် စစ်ကြောင်းထိုးခဲ့ပြီး၊ လမ်းတစ်လျှောက် တောင်ယာသွားနေသည့် ဖိုင်ဇောလ် (Phaizawl) ရွာသား ၆ ဦးကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြု၍ ဘွလ်ခွါ (Bualkhua) ရွာအထိ ခေါ်ဆောင်သွားခဲ့သည်။ ယင်းအတွင်း ဖိုင်ဇောလ်ရွာသား အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ဘွလ်ခွါရွာအရောက်တွင် စစ်ကော်မရှင်တပ်ဖွဲ့၏ ပစ်သတ်ခြင်းကို ခံခဲ့ရသည်။
ထို့အပြင် ဘွလ်ခွါရွာမှ မဏိပူရမြစ်ဘက်မှတဆင့် ဖလမ်းမြို့သို့ ဦးတည်စဉ် ဘွလ်ခွါရွာသား ၂၈ ဦးကို ထပ်မံဖမ်းဆီးကာ လူသားဒိုင်းနှင့် လမ်းပြအဖြစ် အသုံးပြုခဲ့ကြောင်း ဒီဇင်ဘာလ ၃၁ရက်နေ့တွင် Institute of Chin Affairs Inc. (ICA) မှ ထုတ်ပြန်ချက် ပြုလုပ်ခဲ့သည်။
စစ်ဘေးဒုက္ခသည်များ
လက်ရှိအခြေအနေအရ ချင်းလူမျိုးများအနက် ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရသူ ၁၀၀,၀၀၀ ဦးကျော် ရှိလာပြီး နိုင်ငံခြားသို့ ထွက်ပြေးခိုလှုံနေရသည့် ဒုက္ခသည် ၆၀,၀၀၀ ဦးကျော်အထိ တိုးလာခဲ့ပါသည်။ ဤအခြေအနေသည် ချင်းပြည်နယ်နှင့် ချင်းလူမျိုးများအတွက် လူသားချင်းစာနာထောက်ထားမှု အရေးပေါ်အခြေအနေတစ်ရပ် ဖြစ်နေကြောင်း ထင်ရှားစေပါသည်။
အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများထံသို့ တောင်းဆိုခြင်း
Institute of Chin Affairs Inc. (ICA) အနေဖြင့် ချင်းလူမျိုးများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၏ လုပ်ရပ်များအပေါ် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်း၊ ကုလသမဂ္ဂ၊ အာဆီယံနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများမှ အရေးပေါ် အရေးယူစုံစမ်းဆောင်ရွက်ပေးရန် အလေးအနက် တောင်းဆိုအပ်ပါသည်။
________________________________________________________________________